ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



နေပြည်တော်၊ အောက်တိုဘာ ၁၄


ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၃)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟို လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ ပြည်ထောင်စုဝန်ကြီးက ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် တိုင်းဒေသကြီး ပြည်နယ်၊ နေပြည်တော်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များမှ လယ်မြေကိုအခြားနည်းဖြင့် အသုံးပြုခွင့်ခွင့်ပြုပါရန်စိစစ်၍ ထောက်ခံတင်ပြလာသည့် လုပ်ငန်းစာတွဲ များကို လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအရလည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းဖြင့် အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်မည့် စံပြုလုပ်ထုံး လုပ်နည်း (SOP) အရလည်းကောင်း၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် များအရလည်းကောင်း၊ ကိုက်ညီမှန်ကန်မှု ရှိ/မရှိ စိစစ်ပြီး ကိုက်ညီမှန်ကန်မှုရှိပါက အတည်ပြု ပေးနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်၍ ယခုအစည်းအဝေးတွင် တင်ပြမည့်နိုင်ငံနှင့်အဝှမ်း လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် တင်ပြလာသည့်ကိစ္စရပ်များ၊ အခြားသော ကိစ္စရပ်များနှင့်ပတ်သက်၍ မိမိတို့ ဌာနဆိုင်ရာ လုပ်ငန်း ရှုထောင့်များမှ ပွင့်ပွင့်လင်းလင်းဝိုင်းဝန်းဆွေးနွေးကြရန်ဖြစ်ပြီး အချို့သောလုပ်ငန်းရပ်များကို ခွင့်ပြုသင့်သည်၊ ခွင့်မပြုသင့်သည်၊ မည်သည့်လုပ်ငန်းကို ပြန်လည်စိစစ်သင့်သည်ကို ဆွေးနွေးအကြံပြု ပေးကြရန် လုပ်ထုံးလုပ်နည်းနှင့်အညီ လိုအပ်ချက်များအား ပွင့်လင်းစွာဆွေးနွေးတင်ပြပေးကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။


ယင်းနောက်ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် စာတွဲများကို တင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက  အကြောင်းအရာတစ်ခုချင်းအပေါ် အသေးစိတ် ဆွေးနွေးဆောင်ရွက်ကြသည်။


ယခုကျင်းပသည့် (၁၃) ကြိမ် မြောက် အစည်းအဝေးတွင် တိုင်းဒေသကြီး ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့များမှ ဥပဒေ၊ နည်းဥပဒေပြဌာန်းချက်များနှင့်အညီ လျော်ကြေး၊ နစ်နာကြေး တွက်ချက်တင်ပြလာ သော လုပ်ငန်းကိစ္စရပ် (၂၈)ခုနှင့်ပတ်သက်၍ လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိထားသူ တောင်သူလယ်သမား များနှင့် မြေယာပိုင်ဆိုင်သူများ နစ်နာမှုမရှိစေရေးအတွက် နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ အလျင်အမြန် ပေးလျော်စေရေး၊ နိုင်ငံတော် ဘဏ္ဍာငွေများ ဆုံးရှုံးမှုမရှိစေရေး ဆွေးနွေးခဲ့ကြသည်။


လယ်ယာမြေကို အခြားနည်းအသုံးပြုရန် လျှောက်ထားခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်၏ အဓိကစားသုံး သီးနှံဖြစ်သည့် ဆန်စပါးဖူလုံမှုကို ထိခိုက်မှုမရှိစေဘဲ မြေပြင်အခြေ အနေများ မှန်ကန်စွာ သုံးသပ်ဆောင်ရွက် နိုင်ရေး၊ အဆင့်မြင့် လယ်ယာမြေဖော်ထုတ်ထားသည့် ဧရိယာများနှင့် ရေမြေအနေအထား ကောင်းမွန်ပြီး စပါး စိုက်ပျိုးဖြစ်ထွန်းသည့် မြေများ မလျော့ပါးစေရေး၊ ဆည်ရေသောက်ဧရိယာ အတွင်းဖြစ်ပါက ဆည်ရေပေးဝေ နိုင်မှုကို ထိခိုက်နိုင်မှုမရှိစေရေးတို့ကို စိစစ်ဆောင်ရွက်လျက်ရှိပြီး လိုအပ်ချက်များအရ အခြားနည်း အသုံးပြုရန် ယခင်ကခွင့်ပြုပြီးသည့်မြေကို ဥပဒေနှင့်အညီ သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက် ခြင်း ရှိ/မရှိ တို့ကို စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.