ကြာသပတေးဂြိုဟ် (ဂျူပီတာ) ၏ ယူရိုပါ လကမ္ဘာကို စူးစမ်းလေ့လာရန် အာကာသယာဉ်တစ်စင်း နာဆာလွှတ်တင်


 

ဝါရှင်တန်   အောက်တိုဘာ   ၁၇

 

အမေရိကန် အာကာသအေဂျင်စီ နာဆာသည် ကြာသပတေးဂြိုဟ် (ဂျူပီတာ) ၏ လကမ္ဘာတစ်ခုဖြစ်သော ယူရိုပါ(Europa)ကို စူးစမ်းလေ့လာရန် အာကာသယာဉ်တစ်စင်းကို လွှတ်တင်ခဲ့ကြောင်း သိရသည်။ အာကာသယာဉ်ကို သယ်ဆောင်သည့် ဒုံးပျံတစ်စင်းကို ဖလော်ရီဒါပြည်နယ် ကနေဒီ အာကာသစခန်းမှ အောက်တိုဘာ ၁၄ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

 

ယူရိုပါ လကမ္ဘာပေါ်တွင် သက်ရှိများကို ထောက်ပံ့ပေးနိုင်သော ပတ်ဝန်းကျင် ရှိ၊ မရှိကို စူးစမ်းလေ့လာမည် ဖြစ်သည်။ နေရောင်ခြည်စွမ်းအင်သုံး အာကာသယာဉ်သည် အလေးချိန် ခြောက်တန်ခန့်ရှိပြီး ၎င်းတွင်တပ်ဆင်ထားသည့် ဆိုလာပြားများအပါအဝင် မီတာ ၃၀ ခန့် ကျယ်ဝန်းသည်။ အာကာသယာဉ်သည် ကြာသပတေးဂြိုဟ် (ဂျူပီတာ)၏ ဂြိုဟ်ပတ်လမ်းသို့ ဝင်ရောက်ပြီး အသေးစိတ်စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်မည်ဖြစ်သည်။

 

ယူရိုပါလကမ္ဘာသည် ဂျူပီတာ၏ ၉၅ လုံးမြောက် အကြီးဆုံးလဖြစ်သည်။ ၎င်းသည် ကမ္ဘာနှင့် ဆဋ္ဌမမြောက် အနီးကပ်ဆုံးလကမ္ဘာ တစ်ခုလည်းဖြစ်သည်။ ထို့ပြင် နေအဖွဲ့အစည်းတွင် သက်ရှိများအတွက် ထောက်ပံ့ ပေးနိုင်သော ပတ်ဝန်းကျင် ရှိ၊ မရှိကိုမူ စူးစမ်းလေ့လာရန် အလားအလာအကောင်း ဆုံးနေရာများအနက် တစ်ခုဖြစ်သည်။

 

၎င်း၏ ရေခဲများဖြင့်ဖုံးအုပ်ထားသော အလွှာအောက်တွင် ရေငန်သမုဒ္ဒရာတစ်ခုတည်ရှိပြီး ကမ္ဘာပေါ်ရှိ သမုဒ္ဒရာများထက် ရေနှစ်ဆပိုမိုများပြားသည်ဟု သိပ္ပံပညာရှင်များက ယုံကြည်ကြသည်။ ၎င်းတွင် အသက်ရှင်သန်ရန် အဓိကပါဝင်ပစ္စည်းများ ဖြစ်သည့် ဓာတုဒြပ်စင်များလည်း ပါဝင်နိုင်သည်။

 

အာကာသယာဉ်အား ဂျူပီတာ ဂြိုဟ်ပတ်လမ်းအတွင်းသို့ ၂၀၃၀ ပြည့်နှစ်တွင် စတင်ဝင်ရောက်ရန် စီစဉ်ထားပြီး ယူရိုပါ (Europa) ၏ အချက်အလက်များကို စုဆောင်းကာ ၂၀၃၁ ခုနှစ်တွင် စူးစမ်းလေ့လာမှုအပြည့်အဝ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နာဆာကပြောကြားသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်

No comments

Powered by Blogger.