နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် နေအိမ်မျောပါခဲ့သည့် မိသားစုဝင်များ တွေ့ဆုံအားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများနှင့် စားသောက်ကုန်ပစ္စည်းများပေးအပ်



နေပြည်တော် အောက်တိုဘာ ၁၃


နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ်၊ အောင်ဆန်းခန်းမ၌ ရေကြီးရေလျှံမှုကြောင့် နေအိမ်မျောပါခဲ့သည့် မိသားစုဝင်များနှင့် တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။


တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ က နေပြည်တော်အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် လယ်ယာမြေ များအား ရာသီအမီ ပြန်လည်စိုက်ပျိုးနိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိခိုက်ပျက်စီးခဲ့သည့် လမ်း၊ တံတားများ၊ အခြေခံပညာကျောင်းများကို ပြန်လည်ပြုပြင်ဆောင်ရွက်ခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီး ဖြစ်သဖြင့် ကျောင်းသား/ ကျောင်းသူများ ကျောင်းတက်ရောက်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိခိုက်ခဲ့ သည့် လယ်ယာမြေများတွင် စပါး အပါအဝင် ဆီထွက်သီးနှံများနှင့် ဆောင်းသီးနှံများ ပြန်လည်စိုက်ပျိုး နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တပ်ကုန်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ရေမျောပါသွား သည့် နေအိမ်များအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် ရေမျောပါ သည့်နေအိမ် တစ်အိမ်လျှင် ၂၃ သိန်း ၅ သောင်းကျပ်နှုန်းဖြင့် ပထမအကြိမ် နေအိမ် ၂၂၂ လုံးအတွက် စုစုပေါင်း ငွေကျပ် ၅၂၁၇ သိန်းနှင့် စားသောက် ကုန်ပစ္စည်းများ၊ အိမ်ထောင်စုလူဦးရေ စာရင်းများကို ရေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ ပေးအပ်သည်။


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တက်ရောက်လာကြသူများ ကိုရင်းရင်း နှီးနှီးနှုတ်ဆက်အား ပေးစကားပြောကြားပြီး သက်ဆိုင်ရာဌာနများက နေအိမ်မျောပါသွားသည့် မိသားစုဝင်များကို ထောက်ပံ့ ငွေများ ထုတ်ပေးနေမှုအခြေအနေများနှင့် ရေဘေးသင့်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးသည်။


ဆက်လက်၍ တပ်ကုန်းမြို့နယ်၊ မကျီးပင်ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာတွင် ရေဘေးသင့် ပြည်သူများကို တွေ့ဆုံအားပေးစကားပြောကြားပြီး စားသောက်ကုန်ပစ္စည်းများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ ပေးအပ်သည်။


ထို့နောက် တပ်ကုန်းမြို့နယ်၊ အဆုံဇီးကုန်း ကျေးရွာ အမှတ်(၁၂၄) အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းခြံစည်းရိုး ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများ၊ ကျောင်းအတွင်း ရေဝင်ရောက်ခဲ့မှု အခြေအနေများနှင့် ကျေးရွာအနီး နဝင်းချောင်းရေတိုက်စားခဲ့မှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး အဆုံဇီးကုန်းကျေးရွာ အမှတ်(၁၂၄) အခြေခံပညာမူလ တန်းကျောင်းနှင့် ကျေးရွာအတွင်း ရေစီး ရေလာကောင်းမွန်စေရေး၊ ကျောင်းခြံစည်းရိုးကို ခိုင်ခန့်မှုရှိစေရန် စံချိန်စံညွှန်းနှင့်အညီဆောင် ရွက်ရေး၊ ကျေးရွာသန့်ရှင်းသာယာရေးတို့ကို ဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.