ကွန်ဂိုနိုင်ငံ၌ မျောက်ကျောက်ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၁၄၀၀၀ ကျော်ရှိလာ


 

အောက်တိုဘာ ၁၅

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(ဒီအာစီ)တွင် မျောက်ကျောက်ရောဂါကာကွယ်ဆေးထိုးနှံမှုကို အောက်တိုဘာလ အစောပိုင်းက စတင်ပြုလုပ်ခဲ့ရာ ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၁၄၀၀၀ ကျော် ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားသည်။

နိုင်ငံအတွင်းရှိပြည်နယ်သုံးခုတွင် မျောက်ကျောက်ရောဂါကာကွယ်ဆေးထိုးနှံမှု ပြုလုပ်ခဲ့ရာ ကာကွယ်ဆေးထိုးနှံပြီးသူ ၁၄၁၈၀ ရှိသည်ဟု ထိုဝန်ကြီးဌာနက ဆိုရှယ်မီဒီယာပလက်ဖောင်း X တွင် ဖော်ပြထားသည်။

ကိဗ်ပြည်နယ်မြောက်ပိုင်း မြို့တော်ဂိုမာတွင် အောက်တိုဘာ ၅ ရက်က မျောက်ကျောက်ရောဂါ ကာကွယ်ဆေးထိုးနှံမှု စတင်ခဲ့သည်။ လူဦးရေ ၂ ဒသမ ၅ သန်းကို မျောက်ကျောက် ကာကွယ်ဆေး ပမာဏ ၃၅၀၀၀၀၀ ထိုးနှံပေးရန်စီစဉ်ထားကြောင်း ကျန်းမာရေးဝန်ကြီးက အောက်တိုဘာ ၄ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ ကာကွယ်ဆေး ၂၆၅၀၀၀ ခန့်ရရှိပြီး ဖြစ်သည်ဟု ၎င်းကထပ်လောင်းပြောသည်။

ယခုနှစ်အစပိုင်းမှစတင်ကာ မျောက်ကျောက်ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ ၆၁၆၉ ဦး၊ ရောဂါ ကူးစက်ခံရပြီးနောက်သေဆုံးသူ ၂၅ ဦး အပါအဝင် သေဆုံးသူ ၉၉၂ ဦး၊ ယင်းရောဂါကူးစက်သူနှင့် ထိတွေ့မှုရှိသော သံသယလူနာ ၃၁၃၅၀ ဦး ရှိကြောင်း ဒီအာစီက ဖော်ပြထားသည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကပြောကြားသည်။

အာဖရိကတိုက်တွင် အောက်တိုဘာ ၆ ရက်နေ့အထိ မျောက်ကျောက်ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၉၉၈ ဦး အပါအဝင် သံသယလူနာ ၃၆၇၈၇ ဦး ရှိကြောင်း ဖော်ပြထားသည်။

မျောက်ကျောက်ရောဂါသည် ရောဂါရှိသူနှင့် အနီးကပ်ထိတွေ့မှုမှတစ်ဆင့် ကူးစက်ဖြစ်ပွားပြီး မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ၏ရောဂါလက္ခဏာများတွင်  ဖျားနာခြင်း၊ အဖုအပိမ့်ပေါက်ခြင်း၊ လည်ချောင်းနာခြင်း၊ ကြွက်သားနာကျင်ခြင်းနှင့် ကျောပြင်နာကျင်ခြင်းတို့ ပါဝင်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.