မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးက ကျွန်မတို့လို မြန်မာ့သဘင်နဲ့ ရိုးရာယဉ်ကျေးမှုကို မြတ်နိုးနှစ်သက်သူတွေအတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ ပြိုင်ပွဲကြီးဖြစ်ပါတယ်(မအယ်လ်မွန်)
၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို နေပြည်တော်၌ ခမ်းနားသိုက်မြိုက်စွာဖြင့် ကျင်းပလျက်ရှိရာ အောက်တိုဘာ ၁၈ ရက်တွင် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၏ ရင်တွင်းခံစားချက် စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။
မနွေးနွေးထက်(မွန်ပြည်နယ်)
ဆိုင်းတစ်ဦးချင်း၊ ပတ္တလားတစ်ဦးချင်း
(အခြေခံပညာ ၁၅-၂၀)
သမီးက ဆိုင်းတစ်ကိုယ်တော်၊ ပတ္တလား တစ်ကိုယ်တော် (၁၅-၂၀)အဆင့်မှာ ပြိုင်မှာပါ။ အခုပြိုင်ပွဲကြီးမှာ ယှဉ်ပြိုင် ဖို့အတွက် တစ်နေကုန်မနားမနေ ကျင့်ရတယ်၊ ဆိုင်းဆိုရင်လည်း လက်တွေကွဲပြဲနေအောင် ကျင့်ရတယ်။ ရွှေတံဆိပ်ရအောင်လည်း အကောင်းဆုံးကြိုးစား ပြင်ဆင်ထားတယ်။ ပြိုင်ပွဲပြိုင်ရတာ ကြောက်စိတ်မရှိဘူး။ တအား ပျော်တယ်။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ (၂၃) ကြိမ်မြောက်က စပြိုင်တာ အသက် (၁၀-၁၅)အဆင့် ဆိုင်းတစ်ကိုယ်တော်၊ ပတ္တလားတစ်ကိုယ်တော် ရွှေတံဆိပ်ဆု နှစ်ဆုရတယ်။ (၂၄)ကြိမ်မြောက်မှာ အသက်(၁၅-၂၀)အဆင့်နဲ့ ဆိုင်းတစ်ကိုယ် တော်၊ ပတ္တလားတစ်ကိုယ်တော် ရွှေတံဆိပ် ဆုနှစ်ဆုရတယ်။ ဒီနှစ်လည်း ကိုယ့်ကိုယ်ကိုယ်ရွှေရမယ်လို့ ယုံကြည်တယ်။ အခုလို ပြိုင်ပွဲပြိုင်ရတော့ အတွေ့အကြုံတွေပိုရတယ်။ တချို့သူများ တွေ တီးရင်းမှားတဲ့ အမှားတွေကိုကြည့်ရင်း ကိုယ်မမှားအောင် လုပ်တယ်၊ ရွှေတံဆိပ်ဆုရတဲ့သူတွေဆီက လည်း ပညာတွေရအောင် ကြည့်တယ်။ လိုက်လေ့ကျင့်တယ်၊ အတုယူတယ်။ ဆိုင်းနဲ့ပတ္တလားအတီးမှာ လက်ဦးဆရာ ကတော့ ဖေဖေပေါ့။ သူကတော့ အနီးကပ်သင်ကြားပေးတယ်။ နောက်ထပ် ဘဘ မွန်ပြည်နယ် ကိုကိုနိုင်ဆီ ကနေလည်း သင်ယူခဲ့ပါတယ်။ အခုလို ငွေရတုအထိမ်း အမှတ်ပြိုင်ပွဲကြီးမှာကျင်းပတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
သားချစ်စွမ်း (စစ်ကိုင်းတိုင်းဒေသကြီး)
အက (အခြေခံပညာအဆင့်
အသက် ၁၅ နှစ်-၂၀ နှစ်)
ပထမဆုံးအကြိမ် လာရောက်ယှဉ်ပြိုင်တာပါ ခင်ဗျာ။ အကပညာကိုတော့ တက္ကသိုလ်ဝင်တန်းပြီးတဲ့အချိန်မှာ စပြီး သင်ယူခဲ့ပါတယ်။ ကျွန်တော့်ဆရာကတော့ အကဆရာကြီး ဦးမြင့်သိန်းဖြစ်ပါတယ်။ ဆရာကြီးက ဇာတ်မင်းသား ဖိုးချစ်ရဲ့ ဆရာတစ်ဦးလည်း ဖြစ်ပါတယ်။ အခုပြိုင်ပွဲမှာ နံပါတ်စဉ် ၁၁ နဲ့ ယှဉ်ပြိုင်ခဲ့ပါ တယ်။ အခုအသက်က ၁၈ နှစ်ရှိပါပြီ။ ကျွန်တော့်အတွက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးမှာ ဆုတစ်ခုခုရလိုပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်က အပြင်မှာလည်း ဇာတ်ကပါတယ်။ ဒါကြောင့် မှတ်ကျောက် တစ်ခုအနေနဲ့ ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်တာလည်း ဖြစ်ပါတယ်။ အခုမှ သင်ယူလေ့လာတုန်းဆိုပေမယ့် တစ်နေ့မှာ အကောင်းဆုံးကပြနိုင်တဲ့ နိုင်ငံကျော်ဇာတ်မင်းသား ဖြစ်ချင်ပါတယ်။ ပြိုင်ပွဲအတွက်လည်း အကောင်းဆုံးကြိုးစား လေ့ကျင့်ခဲ့ပါတယ်။ ဗဟိုအဆင့်အထိ တက်လှမ်းယှဉ်ပြိုင်ခွင့်ရလို့လည်း ဂုဏ်ယူမိပါတယ်။
မအယ်လ်မွန် (ချင်းပြည်နယ်)
ဝါသနာရှင် (ပထမတန်း)
အဆို (မဟာဂီတ)
မနှစ်ကစပြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်ပြိုင်ခဲ့တယ်။ ဆုတော့မရ ခဲ့ပါဘူး။ ဒီနှစ်တော့ ဆုရရှိဖို့ မျှော်လင့်ပြီး အကောင်းဆုံးကြိုးစားလေ့ကျင့် ယှဉ်ပြိုင်ခဲ့ပါတယ်။ ကျွန်မက အမျိုးသားယဉ်ကျေးမှု အနုပညာတက္ကသိုလ်မှာ မဟာတန်း ပထမနှစ်တက်နေသူဖြစ်ပါတယ်။ မြန်မာ့ ရိုးရာ အဆို၊အက၊ အရေး၊ အတီး ပြိုင်ပွဲ ကြီးက ကျွန်မတို့လို မြန်မာ့သဘင်နဲ့ ရိုးရာယဉ်ကျေးမှုကို မြတ်နိုးနှစ်သက်သူတွေ အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ ပြိုင်ပွဲကြီးပါ။ ကိုယ်တိုင်ကလည်း သဘင်မေဂျာနဲ့ မဟာတန်းတက်နေရသူဖြစ်တဲ့အတွက် ကျွန်မတို့ ရိုးရာယဉ်ကျေးမှု အနုသုခုမ တွေကို ပိုပြီးတန်ဖိုးထားတတ်လာတယ်။ ကျွန်မတို့ သဘင်မေဂျာမှာ အက(အထူးပြု)၊ မဟာဂီတအဆို၊ ဇာတ်တော် ကြီး ဆို၊ ငို၊ ပြော၊ စတိတ်ခုံပြင်ဆင်ဖန်တီးမှုအတတ်ပညာဆိုပြီး ဘာသာရပ်ငါးခုရှိပါတယ်။ ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး တက္ကသိုလ်မှာ ပိုပြီးပြည့်စုံအောင် သိခွင့်ရခဲ့တယ်။ ကျွန်မကိုယ်တိုင်က ဝါသနာပါတဲ့အတွက် တက္ကသိုလ် ဝင်တန်းအောင်ပြီးတဲ့အခါ ဒီတက္ကသိုလ်ကို ရွေးချယ်ခဲ့တာပါ။ အခုနောက်ပိုင်းမှာ ကျွန်မတို့ ဒေသက မောင်လေး၊ ညီမလေးတွေလည်း အနုပညာတက္ကသိုလ်ကို စိတ်ဝင်စားခဲ့ရင် ကျွန်မကချိတ်ဆက်ပြီး အစစအရာရာ ကူညီလမ်းပြ ပေးပါတယ်။ အနုပညာနဲ့ ကျွန်မတို့ လူမျိုး၊ ကျွန်မတို့နိုင်ငံကို တတ်စွမ်းသလောက် မြှင့်တင်ပေးချင်တဲ့ စိတ်ကြောင့် အခုလို ရွေးချယ်ထားခဲ့ပြီး မြန်မာ့အနုပညာ မတိမ်ကောအောင် ကျွန်မဆက်ပြီး ကြိုးစားသွားမှာပါရှင့်။ ပိုပြီးတော့ ထူးခြားတာက ကျွန်မရဲ့ အသက်က အခု (၂၅) နှစ်ပြည့်ပါပြီ။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကလည်း (၂၅) ကြိမ်မြောက်ဆိုတော့ ထူးထူးခြားခြား ကံကောင်းမယ်လို့ ယုံကြည်ထားပါတယ်။
မသုသုသံသာအောင် (မွန်ပြည်နယ်)
(အသက် ၁၅- ၂၀) အဆို၊
(မဟာဂီတ/ခေတ်ဟောင်းကာလပေါ်)
ကျွန်မက Grade - 10 ကျောင်းသူ ပါရှင့်။ အထက ၇ မော်လမြိုင်မြို့ကပါ။ ဒီနှစ်ပထမဆုံး စတင်ယှဉ်ပြိုင်တာပါ။ နှစ်ဘာသာပြိုင်တာဆိုတော့ ပြဋ္ဌာန်း သီချင်း ရှစ်ပုဒ် လေ့ကျင့်ထားပါတယ်။ မဟာဂီတမှာ ဆီးနှင်းပြိုက်ကျနဲ့ ယှဉ်ပြိုင် ခဲ့ပြီး ဒီညနေမှာတော့ ခေတ်ဟောင်းကာလပေါ်နဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ သီချင်းကြီး တော်တော် များများကိုတော့ အလွတ်ရပါတယ်။ ခေတ်ဟောင်းကာလပေါ်မှာ ချစ်စရာ့ ရွှေတမာသီချင်းကို အကြိုက်ဆုံးပါ။ ကျွန်မရဲ့ ဝါသနာက အဆိုတော်တစ်ယောက် ဖြစ်လာဖို့ပါ။ ခေတ်ဟောင်း သီချင်းတွေရော၊ အခု ခေတ်ပေါ် သီချင်းတွေရော တော်တော်များများ နားထောင်ဖြစ်သလိုကြိုက်လည်း ကြိုက်နှစ်သက်ပါတယ်။ သမီး ဒီကနေ ပြန်သွားခဲ့ရင် ပြိုင်ပွဲကြီးရဲ့ အတွေ့ အကြုံတွေ၊ လေ့ကျင့်ခဲ့တဲ့အကြောင်းတွေနဲ့ ပြိုင်ပွဲကြီးထဲက စိတ်ဝင်စားစရာ အကြောင်းတွေကို သူငယ်ချင်းတွေကို ပြောပြမယ်။ နောက်နှစ်မှာသူတို့ကိုလည်း ပါဝင်ယှဉ်ပြိုင်ကြဖို့ တိုက်တွန်းမယ်ရှင့်။
မသဲအိမွန် (စစ်ကိုင်းတိုင်းဒေသကြီး)
အတီး (ဂီတာ၊ ဒုံမင်း၊ မယ်ဒလင်)
(အသက် ၁၀ နှစ်- ၁၅ နှစ်)၊(အသက် ၁၅-၂၀ နှစ်)
မနှစ်က မယ်ဒလင်၊ ဒုံမင်းပြိုင်ခဲ့ပါတယ်။ နှစ်မျိုးစလုံးမှာ ရွှေတံဆိပ်ရခဲ့ပါတယ်။ ဒီနှစ်တော့ တူရိယာသုံးမျိုး ယှဉ်ပြိုင်သွားမှာပါ။ ဂီတာ၊ မယ်ဒလင်၊ ဒုံမင်း သုံးမျိုးပါရှင့်။ သမီးရဲ့ ဖိုးဖိုးက သမီးကို သင်ကြားပေးတာပါ။ သမီး ကိုယ်တိုင်လည်း ဝါသနာပါပါတယ်။ တူရိယာတွေကို တီးနေရရင်ကို ပျော်စရာ ကောင်းပါတယ်။ ငယ်ငယ်လေး ကတည်းက တီးခတ်ခဲ့တဲ့အတွက် သမီးနဲ့အားလုံးက ရင်းနှီးနေပြီးသားမို့ တအားကြီးလေ့ကျင့်ရတာတော့ မရှိပါဘူးရှင့်။ နောက်နှစ်တွေမှာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွေရှိပါစေလို့ သမီးဆုတောင်းပါတယ်။ ဒါမှ သမီးတို့လည်း နှစ်တိုင်း ပိုပိုပြီး ကြိုးစားဖြစ်မှာပါ။
မောင်မင်းမင်းဦး(ကချင်ပြည်နယ်)
တယောပြိုင်ပွဲ (အသက် ၁၀-၁၅)
(၂၅) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး တယောပြိုင်ပွဲမှာ ရွှေပြည်ကြီး ဧရာ(ကြိုး)သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ သီချင်း ၃ ပုဒ်ကို ၃ လကျော်နဲ့ ကြိုတင်ပြင်ဆင်ပြီး လေ့ကျင့်ခဲ့ပါတယ်။ လေ့ကျင့် တဲ့အချိန်ကတည်းက ဒီသီချင်းကိုအလွန်ကို ကြိုက်နှစ်သက်ပါတယ်။ ပြိုင်ပွဲဝင်တဲ့ အခါမှာလည်း ဒီသီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ အတွက် အမှားအယွင်းမရှိ ပိုင်ပိုင်နိုင်နိုင် ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ (၂၄) ကြိမ်မြောက် မှာလည်း ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ ငွေတံဆိပ်ဆုနဲ့ ကျေနပ်ခဲ့ရပါတယ်။ ဒီနှစ် (၂၅) ကြိမ် မြောက်မှာ ရွှေတံဆုကြီးရရှိနိုင်ဖို့ အများကြီးကြိုးစားပြင်ဆင်ခဲ့ပါတယ်။ ကျွန်တော်တို့လို မျိုးဆက်သစ်ကလေးတွေအနေနဲ့လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေတွေကို ထိန်းသိမ်းဖို့ မိဘတွေအနေနဲ့လည်း အားပေးကြပါ၊ နွေရာသီကျောင်းပိတ် ကာလတွေမှာ ယဉ်ကျေးမှုအနုပညာ သင်တန်းတွေကိုလည်း တက်ခွင့်ပေးပြီး အားပေးကြပါလို့ ပြောချင်ပါတယ် ခင်ဗျာ။ အခုလို နိုင်ငံတော်အဆင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်တွေ ထိန်းသိမ်းဖို့ နိုင်ငံတော်အကြီး အကဲကြီးတွေအနေနဲ့ ပြိုင်ပွဲကြီးတွေ ကျင်းပပေးတဲ့အပေါ်မှာလည်း အများကြီးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

No comments