နိုင်ငံတော်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှုပြိုင်ပွဲဆိုတော့ ရှေးပညာရှင်ကြီးတွေ သတ်မှတ်ခဲ့တဲ့ စပ်ထုံးစပ်နည်းအတိုင်းရေးမှ မြန်မာ့သီချင်းရေးနည်းအစစ်အမှန်ဖြစ်မှာပါ

 




နိုင်ငံတော်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှုပြိုင်ပွဲဆိုတော့ ရှေးပညာရှင်ကြီးတွေ သတ်မှတ်ခဲ့တဲ့ စပ်ထုံးစပ်နည်းအတိုင်းရေးမှ မြန်မာ့သီချင်းရေးနည်းအစစ်အမှန်ဖြစ်မှာပါ

အလင်္ကာကျော်စွာ ဒေါက်တာဦးမောင်မောင်လတ်

 

ရိုးရာယဉ်ကျေးမှုသည် လူမျိုးတစ်မျိုး၏ အဆင့်အတန်း၊ ဂုဏ်ဒြပ်၊ ပုံရိပ်နှင့် သမိုင်းတို့ကို ပြဆိုနေသည်။ ထိုယဉ်ကျေးမှုအဆင့်အတန်း၊ ဂုဏ်ဒြပ်တို့ကို အစဉ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် နိုင်ငံတော်အစိုးရက အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကျင်းပကာ မျိုးဆက်သစ်များ ဖော်ထုတ်မြှင့်တင်ပေးခဲ့သည်မှာ  (၂၅)ကြိမ်မြောက် ငွေရတုခရီးပင် တိုင်ခဲ့ပြီဖြစ်ပါသည်။ ထိုသို့ ငွေရတုအထိမ်းအမှတ်အဖြစ် ကျင်းပလျက်ရှိသည့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် တာဝန်ယူဆောင်ရွက်ရသည့် အကဲဖြတ်ပညာရှင်များနှင့် ရိုးရာယဉ်ကျေးမှုများကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အားမာန်အပြည့်ဖြင့် ပြိုင်ပွဲဝင်နေကြသည့် ပြိုင်ပွဲဝင်များနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ရပါသည်-

 

အလင်္ကာကျော်စွာ ဒေါက်တာဦးမောင်မောင်လတ် အရေးပြိုင်ပွဲအကဲဖြတ်ဥက္ကဋ္ဌ

 

အဆို၊ အက၊ အရေး၊ အတီးမှာ အဆို၊ အက၊ အတီးတို့ကတော့ ရှိပြီးသား သီချင်းတွေကို ဆိုရ၊ ကရ၊ တီးရတာဖြစ်တာမို့ ရှိပြီးသားကို ကူးရတဲ့အနေအထားလို့ ပြောရင်ရပါတယ်။  အရေးကဏ္ဍကျတော့  အဲဒါတွေနဲ့  မတူဘူး။ ရှစ်စည်း ရှစ်ဝါး စနစ်ရှိပါတယ်။ အဲဒီဖွဲ့စည်းပုံအတိုင်း သီချင်းကိုရေးရမှာဖြစ်တယ်။ အဲဒီလိုရေးတာ နည်းနေသေးတယ်။ အခုမှ အစပျိုးနေရတဲ့ သဘောရှိတာပေါ့။ သီချင်းရေး ပြိုင်တယ်ဆိုတော့ ကိုယ်ရေးချင်သလို စည်းဝါးကိုက်အောင် ရေးကြတာပဲရှိတာကိုး။ တကယ်တမ်း စပ်ထုံးစပ်နည်းနဲ့ ရေးရမှာဖြစ်ပါတယ်။ ရှေးပညာရှင်ကြီးတွေ သတ်မှတ်ခဲ့တဲ့ သီချင်းရေးနည်း စပ်ထုံးစပ်နည်းက ရှိပြီးသားပါ။ နိုင်ငံတော်အဆင့် မြန်မာ့ ရိုးရာယဉ်ကျေးမှုပြိုင်ပွဲဆိုတော့ ရှေးပညာရှင်ကြီးတွေ သတ်မှတ်ခဲ့တဲ့ စပ်ထုံးစပ်နည်းအတိုင်းရေးမှ မြန်မာ့သီချင်းရေးနည်း အစစ်အမှန်ဖြစ်မှာပါ။ အခုတော့ အဲဒါကိုသိတဲ့လူကနည်းသေးတယ်။ အခုမှ ဒီလမ်းကြောင်းထဲ ရောက်အောင် ပညာရှင်တွေအနေနဲ့ ဆောင်ရွက်ရမှာပါ။ သီချင်းရေးတာကို ဒီလိုပဲ လေ့လာရင်းနဲ့ စပ်ထုံးစပ်နည်းက ဒီလိုရှိပါသလားဆိုတာ သိလာမှာပါ။ အရေးမှာ စည်းဝါးကိုက်ရမယ်၊ စာသားကောင်းမွန်ရမယ်၊ အကြောင်းအရာ ညီညွတ်ရမယ်၊ ဒါတွေကို အရေးမှာ တာဝန်ယူတဲ့ လူတွေက လေ့လာရပါတယ်။ အရေးဘာသာရပ်အနေနဲ့ ဒီအတိုင်းပဲ စည်းဝါးလေးမိရုံနဲ့၊ စာသားကောင်းမွန်ရုံနဲ့ ပြီးတာ မဟုတ်ဘူး။ ဖွဲ့စည်းပုံဆိုတာရှိတယ်။ ဒါကို အကောင်အထည်ဖော်ဖို့ကတော့ တဖြည်းဖြည်းနဲ့ ပြိုင်ပွဲဝင်တွေ သိအောင် ပြောရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေက သိတောင်မှ တချို့အကဲဖြတ်တွေ ကိုယ်တိုင်က ဒါတွေကို မသိသေးတာတွေရှိတော့ ရုပ်မြင်သံကြားတွေ၊ သတင်းစာတွေကနေ အသိပညာပေးရမှာတော့ လိုသေးတယ်။ ဒါကြောင့် အရေးကဏ္ဍအနေနဲ့ တစ်ပိုင်းတစ်စ မပီပြင်သေးဘူးလို့ ဆိုရမှာပါ။ နောင်နှစ်တွေကျရင်တော့ စည်းဝါးစနစ်ပီပြင်တဲ့ ဖွဲ့စည်းပုံအတိုင်းပြိုင်နိုင်ဖို့ ကြိုးပမ်းနေတုန်းပါပဲ။ အရေးပညာရှင်ကတော့ အကုန်သိနေရမှာ ဖြစ်ပါတယ်။ အရေးသမားက အဆိုအတွက် ရေးရတာဖြစ်သလို အဆိုသမားကလည်း အတီးကို အားကိုးရတယ်။ အရေးသမားက အဆိုသဘောကိုလည်း နားလည်ရမယ်။ အတီးလည်း တတ်ကျွမ်း သင့်သလောက် တတ်ကျွမ်းမှ ကောင်းတယ်။ တချို့က သီချင်းလေးရေးရုံနဲ့၊ အသံလေးထည့်ရုံနဲ့ဆိုရင်တော့ သီချင်းမည်ကာ မတ္တပဲရှိမယ်။ သီချင်းဖွဲ့စည်းပုံအတိုင်း စနစ်တကျနဲ့ စည်းဝါး ကျနမှန်ကန်ဖို့ တည်ဆောက်တာ တွေကအစ ရှေးဆရာကြီး‌တွေဖြစ်တဲ့ မြဝတီမင်းကြီးဦးစ၊ နန်းတော်ရှေ့ဆရာတင်၊ ဆရာရွှေတိုင်ညွန့်၊ ဆရာမြို့မငြိမ်းတို့ရေးတဲ့ သီချင်းရေးနည်းစနစ်တွေက စပြီးလေ့လာဖို့ အများကြီးလိုပါသေးတယ်။ အခုခေတ်လူငယ်တွေ ရေးနေတာကတော့ စည်းဝါးကိုက်မယ်၊ အသံတေးသွားလှမယ်၊ ဒီလောက်နဲ့ပဲ ကျေနပ်နေရတာပါ။ တကယ်တမ်းကျတော့ စပ်ထုံးစပ်နည်းမှန်ကန်ပြီး ရှစ်စည်း ရှစ်ဝါးစနစ်နဲ့ ရှေးကရိုးရာ ယဉ်ကျေးမှုက ဒီအတိုင်းထားခဲ့တာဆိုရင် ဒီအတိုင်းကိုပြိုင်ရမှာပါ။ အဲဒီလိုဖြစ်ဖို့ဆွဲခေါ်နေတုန်းပဲ ရှိသေးတာပေါ့။ နောက်နှစ်တွေမှာ အရေးကဏ္ဍအနေနဲ့ဖွဲ့စည်းပုံအတိုင်းပြိုင်နိုင်ဖို့ ဆက်ပြီးတော့ ဆောင်ရွက်ရမှာ တာဝန်ရှိပါသေးတယ်။ နိုင်ငံတော် က အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို တည်တံ့အောင်လုပ်သလို ပညာရှင်တွေကလည်း တည်တံ့အောင် လုပ်ရပါမယ်။ ပြိုင်ပွဲဝင်တွေအနေနဲ့ ပွဲပြီးမီးသေလုပ်လို့မရဘူး။ နောက်နှစ်တွေ အတွက် ဆက်ကြိုးစားရပါမယ်။ ဒါထက်ကောင်းမွန်အောင် ဘယ်အပိုင်းတွေ လိုအပ်သလဲဆိုတာ အမြဲတမ်းသုံးသပ်ပြီး လုပ်တာကတော့ အကောင်းဆုံးပါပဲ။


 

မမေသံစဉ်ထက် အရေးပြိုင်ပွဲဝင်  (အခြေခံပညာ ၁၅-၂၀) ကယားပြည်နယ်ကိုယ်စားပြု

အဆို၊ အက၊ အရေး၊ အတီးပြိုင် ပွဲမှာဆိုရင် ကိုဗစ်ပြီးတော့ ကျင်းပတဲ့ (၂၃) ကြိမ်မြောက်က စတင်ပြီးတော့ အခု (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်ပြိုင်ပွဲအထိ ဝင်ရောက်ယှဉ်ပြိုင်တာ သုံးကြိမ်ရှိသွားပါပြီ။ (၂၃) ကြိမ်မြောက်တုန်းက တယောအတီးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိခဲ့ပါတယ်။ ဒီနှစ်တော့ ဗဟိုအဆင့်မှာ အရေးပြိုင်ပွဲ ဝင်တစ်ဦးအနေနဲ့ အကောင်းဆုံးယှဉ်ပြိုင်ထားပါတယ်။ ဒီအနုပညာတွေကို ငယ်ငယ်ကတည်းက ထိတွေ့ခဲ့တာပါ။ အကဆိုရင် တစ်ခိုင်လုံးရွှေ အေးအေးမြင့် ဆီမှာသင်ကြားခဲ့တယ်။ တယောဆိုရင်လည်း ကျောင်းကသံစုံတီးဝိုင်းတွေမှာလည်း ပါဝင်တီးပေးခဲ့ပါတယ်။ အရေးဆိုရင်လည်း တယောကို လေ့ကျင့်တဲ့အတွက် melody တွေ၊ note တွေက သမီးနဲ့မစိမ်းပါဘူး။ စာတွေအများကြီးဖတ်ပြီး အရေးပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်အောင်လည်း ကြိုးစားထားပါတယ်။ အရေးအတွက် ဗဟုသုတတွေ ကြွယ်ဝဖို့လည်း ဗဟုသုတရရှိမယ့် စာတွေအများကြီးဖတ်ဖြစ်ပါတယ်။ ကျောင်းမှာဆိုရင် ကဗျာပြိုင်ပွဲတွေ၊ စာစီ စာကုံးပြိုင်ပွဲတွေ ဝင်ပြိုင်ဖြစ်တယ်။ အဲဒါကြောင့် ဆရာ ဆရာမ တွေနဲ့ ဖေဖေ မေမေတို့က ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်အောင် ဆောင်ရွက်ပေးလို့ ဝင်ပြိုင်ဖြစ်တာပါ။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဆိုရင် ငွေရတုတိုင်ခဲ့ပြီ။ အခုလိုမျိုးပြိုင်ပွဲတွေ ကျင်းပ ပေးတဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ ပြိုင်ပွဲတွေကျင်းပပေးခြင်း ဟာ လူငယ်တွေအတွက် ဘိုးဘွားတွေရဲ့ အမွေအနှစ်ဖြစ်တဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုတွေကို မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းနိုင်အောင် အခွင့်အလမ်းတွေပေးတယ်လို့ ယူဆမိပါတယ်။

 

ဦးနိုင်စိုးလွင်(စံမတူနိုင်မင်းစိုး) ဆိုင်းဝိုင်းကြီးအဖွဲ့လိုက် ဝါသနာရှင်(ပထမတန်း) ကရင်ပြည်နယ်ကိုယ်စားပြု

အခု ဆိုင်းဝိုင်းကြီးအဖွဲ့လိုက် ပြိုင်ပွဲမှာ ကျွန်တော်က ဆိုင်းအဖွဲ့ခေါင်းဆောင်ပါ။ ပြိုင်ပွဲဝင် ရှစ်ယောက် ပါပါတယ်။ ပြိုင်ပွဲ အတွေ့အကြုံကတော့ မနှစ်က ကရင်ပြည်နယ် ကိုယ်စားပြုဆိုင်းအဖွဲ့လိုက်ပြိုင်ပွဲမှာ ဒုတိယဆု ရခဲ့ပါတယ်။ မိသားစုမျိုးရိုးကလည်း ဆိုင်းမျိုးရိုးဆိုတော့ ဆိုင်းပညာကို ငယ်ငယ်ကတည်းက ဝါသနာပါခဲ့တာပါ။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေမှာ ငါးကြိမ်လောက် ဝင်ပြိုင်ခဲ့ဖူးပါတယ်။ ၁၉၉၈ ခုနှစ်က ရာမယဏ ဇာတ်တော်ကြီး ပြိုင်ပွဲမှာ ရွှေတံဆိပ်ရခဲ့ဖူးပါတယ်။ ဇာတ်တော်ကြီး ပံ့ပိုးတွေနဲ့လည်း ပြိုင်ခဲ့ဖူးပါတယ်။ ဆိုင်းဝိုင်းကြီးအဖွဲ့လိုက် ဝင်ပြိုင်တာကတော့ လေးနှစ်မြောက်ရှိသွားပါပြီ။ အဆို၊ အက၊ အရေး၊ အတီး စတင် ကျင်းပတဲ့ အချိန်ကဆိုရင် ယဉ်ကျေးမှုဝန်ကြီးဌာနမှာ ဝန်ထမ်းလုပ်ခဲ့တာပါ။ အဲဒီတုန်း ကတည်းက ဒီပြိုင်ပွဲတွေနဲ့ ရင်းနှီးနေခဲ့ပေမယ့် ဝင်ပြိုင်ဖို့စိတ်ကူးပေမယ့် အခွင့်သာတဲ့အချိန်မှသာ ပြိုင်ဖြစ်တာပါ။ သင်ကြားပြပေးတဲ့ ဆရာတွေကတော့ အများကြီးပါပဲ။ အနုပညာက ကျယ်ပြန့်တဲ့အတွက် ဗဟုသုတတွေစုံဖို့ ဆရာပေါင်းမြောက်မြားစွာက တစ်ပိုဒ်သင်တဲ့ ဆရာရှိသလို တစ်ပုဒ်သင်ပေးတဲ့ ဆရာတွေလည်းရှိတယ်။ ဆိုင်းပညာမှာ ဘယ်ဆရာရဲ့တပည့်မို့လို့ တော်ရမယ်လို့ မရှိပါဘူး။ ဆိုင်းအဖွဲ့လိုက်က ပိုပြီးအခက်အခဲရှိတယ်။ အနုပညာအလုပ်ဆိုတာက တစ်ဦးတည်းလုပ်လို့မရဘူး။ တစ်ဦးတည်းပြိုင်မယ်ဆိုရင်တော့ ပံ့ပိုးတစ်ယောက် နှစ်ယောက်ကတော့ပါရတယ်။ တစ်ကိုယ်တော် ပြိုင်မယ်ဆိုရင်တောင် စည်းဝါးတော့ပါရသေးတယ်။ စည်းဝါးမပါရင် ဘာတိုင်ပင်မှ လုပ်လို့မရပါဘူး။ ဆိုင်းဆိုတာ သင်တိုင်းတတ်မယ်ထင်ကြတာ။ မွေးရာပါဗီဇနဲ့လည်း ဆိုင်တယ်။ ကျွန်တော်တို့ပြိုင်တဲ့ အဆင့်အထက်မှာ ဆိုရင်တော့ ကျွန်တော်တို့အထက်မှာ ဒိုင်ပဲရှိတောတာ။ ဝါသနာရှင်(ပထမတန်း) ဆိုတာက ဒိုင်လူကြီးတွေအောက် တစ်ဆင့်နိမ့်ပေါ့။ ဆရာအဆင့်မှာ ရှိတဲ့လူတွေကများတယ်။ ဒိုင်လူကြီးတွေအကြိုက်ကို ပေးနိုင်တဲ့ဆိုင်းက ရွှေရရှိမှာဖြစ်ပါတယ်။ လူတိုင်းက ပြိုင်မယ်ဆိုရင် ကောင်းအောင်လုပ်လာတာဖြစ်တဲ့အတွက် အမှားနည်းတဲ့အဖွဲ့က သာသွားမှာဖြစ်ပါတယ်။ ဒါကြောင့် အမှားနည်းအောင်လုပ်မယ်။ အကောင်းဆုံးဖြစ်အောင် လုပ်ဖို့လည်းရည်ရွယ်ထားပါတယ်။


 

မောင်မျိုးကို စောင်းအတီးပြိုင်ပွဲဝင်ဝါသနာရှင်(ဒုတိယတန်း) ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု

(၂၃) ကြိမ်နဲ့ (၂၄) ကြိမ်တို့မှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ (၂၃) ကြိမ်မြောက်မှာ ရွှေတံဆိပ်၊ (၂၄) ကြိမ်မြောက်မှာ ငွေတံဆိပ်ဆုရရှိခဲ့ပါတယ်။ ဒီလိုပြိုင်ပွဲတွေ ကျင်းပပေးခြင်းအားဖြင့် သင်ယူရတဲ့အခါမှာလည်း လေးလေးနက်နက်ထားပြီး သင်ယူဖြစ်တယ်။ အလေးအနက်ထားသင်ယူရတဲ့အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု တွေကို ထိန်းသိမ်းရာရောက်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့က ဒီပြိုင်ပွဲကိုဝင်ပြိုင်ဖို့ အချိန် အတော်လေးယူပြီး လေ့ကျင့်ခဲ့ပါတယ်။ ယဉ်ကျေးမှုတက္ကသိုလ်က ဆရာတွေရဲ့ သွန်သင်ဆုံးမမှု အောက်ကနေ လာပြိုင်တာဖြစ်ပါတယ်။ ပုံမှန်အနေနဲ့ သီချင်းတစ်ပုဒ်ကို တစ်လလောက်သင်ယူတယ်။ ပြိုင်ပွဲရှိနေတဲ့ အတွင်းမှာဆိုရင် သီချင်းတစ်ပုဒ်ကို ငါးရက်လည်းဖြစ်နိုင်တယ်၊ သုံးရက်လည်း ဖြစ်နိုင်တယ်။ အမြန်လည်းတတ်ဖြစ်တယ်။ ဆရာရဲ့ သင်ကြားပေးမှုအပေါ်မှာ မူတည်ပြီးတော့ တတ်လွယ်တယ်။ ဆရာတွေကလည်း အများကြီးပံ့ပိုးမှုရှိပါတယ်။ အခု (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးမှာ သီချင်းအမျိုးအစားငါးမျိုး လေ့ကျင့်ထားပါတယ်။ အဲဒီသီချင်းတွေကတော့ ကြိုးသီချင်းပါမယ်၊ ပတ်ပျိုးနဲ့ ယိုးဒယားပါမယ်။ ကြိုးဆိုရင် ညာသပြေဘောင်၊ ယိုးဒယားမှာဆိုရင် ခိုင်ပန်းစုံ၊ ခါနွေဆန်း၊ ပတ်ပျိုးမှာဆိုရင် ညဉ့်သုံးယံခါ၊ ရေယမုန် စတဲ့သီချင်းတွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။


 

ဦးမျိုးအောင်ဦး အိုးစည်အတီးပြိုင်ပွဲဝင် ဝါသနာရှင်(ပထမတန်း) ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု

ကျွန်တော်တို့ အိုးစည်အဖွဲ့မှာ အဖွဲ့ဝင်ငါးယောက် ပါပါတယ်။ အိုးစည်က ငယ်ငယ်လေးကတည်းက လေ့ကျင့်ခဲ့တဲ့အတတ်ပညာ ပါပဲ။ ကျွန်တော်တို့ အခုယှဉ်ပြိုင်တဲ့ အတန်းဆိုရင် ဝါသနာရှင် (ပထမတန်း) ဆိုတော့ ပြိုင်ပွဲဝင်တွေထဲမှာ နောက်ဆုံးအတန်းပေါ့။ အိုးစည်ပညာရပ်ကတော့ ဆိုင်းပညာကနေ သန္ဓေတည်တယ်ဆိုပေမယ့် မတူပါဘူး။ ဆိုင်းတီးတတ်တိုင်းလည်း ရိုးရာအိုးစည်၊ ဒိုးပတ်က ခြေခြေမြစ်မြစ် တီးတတ်ဖို့မလွယ်ပါဘူး။ အိုးစည်အပြင် ဒိုးပတ်၊ ဆိုင်းဝိုင်းအဖွဲ့လိုက်၊ ကွက်စိပ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နေ ပါတယ်။ ကွက်စိပ်ပြိုင်ပွဲမှာတော့ ဆိုင်းပံ့ပိုးအနေနဲ့ ပါဝင်ယှဉ်ပြိုင်တာပါ။ ရိုးရာယဉ်ကျေးမှု အနုပညာတွေဖြစ်တဲ့ အိုးစည်၊ ဒိုးပတ်ဆိုရင် တိမ်ကောပျောက်ကွယ်လုနီးနီးဖြစ်နေပြီ။ အခုလို အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွေ ရှိနေလို့လည်း အိုးစည်၊ ဒိုးပတ် ပြိုင်ပွဲတွေကို မြင်တွေ့နေရသေးတယ်။ အဲဒါတွေကို ပျောက်ကွယ်မသွားဘဲ လက်ဆင့်ကမ်းအမွေ အဖြစ် ဆက်လက်ထိန်းသိမ်းထား စေချင်ပါတယ်။ ။

 

 

No comments

Powered by Blogger.