တစ်ခါတုန်းက တက္ကသိုလ်
နွမ်ဂျာသိုင်း
(၁၈-၁၀-၂၀၂၄ ရက်နေ့မှအဆက်)
မျက်ခုံးအပင့်နှင့်အတူ ပြုံးရိပ်လေးနှင့်
သူပြောသည်။ ကျွန်တော် ပြုံးလိုက်၍ -
“မသွားချင်ပါဘူး”
“ဘာဖြစ်လို့”
ကျွန်တော်က ကံ့ကော်တော၏ စိုးမိုးနေသော
ရွက်အုပ်များဆီ မော့ကြည့်ရင်း
“ဒီနားလေးက စိတ်ချမ်းသာတယ်”
“ဖြစ်ရပြန်ပြီ”
ချစ်မျက်စောင်းသည် ရင်ကိုလာလှုပ်၏။
“ဟုတ်တယ်၊ ဖြစ်နိုင်ရင်
ဒီထက်ကောင်းတဲ့ နေရာတောင်သွားချင်တယ်”
ခင်လေး ခေါင်းကိုငဲ့ကြည့်ကာ -
“ဘယ်လဲ”
“ရုပ်ရှင်ရုံကို”
“အို . . . ဘာမှန်းလဲမသိဘူးသွား”
ငြိမ်နေသော စကားဝိုင်းသည် ခုမှစည်ပင်သာယာလာ၏။
ပတ်ဝန်းကျင်လေးကလည်း လှုပ်ရှားလာသည်။ ကျွန်တော်တို့ ဘေးဘက်ခုံတန်း လေးဆီမှလည်း ရယ်သံလေးများ
ပေါ်ထွက်လာသည်။ မျက်လုံးများသည် ဘွဲ့နှင်းသဘင်ခန်းမရှေ့၌
စုရုံးစုရုံးဖြစ်နေကြသော လူအုပ်ဆီ ရောက်သွားပြန်သည်။
“ခင်လေး . . . ဟိုမှာ”
ကျွန်တော်ပြသည့်နေရာသို့ ခင်လေး လှမ်းကြည့်လိုက်သည်။
“ဪ . . . ဒီနေ့ ရီဟာဇယ် ရှိတာပဲ”
နောက်နေ့တွင် ပြုလုပ်မည်ဖြစ်သော ဘွဲ့နှင်းသဘင်အတွက်
အစမ်းလေ့ကျင့်ခြင်း ပြုလုပ်နေကြသည့် လူအုပ်မှာ ဟိုသွားဒီသွားဖြင့် လှုပ်ရှားနေ၏။ သူတို့နှင့်
ကျွန်တော်တို့မှာ အတော်အလှမ်းဝေးနေသဖြင့် မျက်နှာများကို သဲသဲကွဲကွဲမမြင်နိုင်။ သို့သော်တက်ကြွရွှင်လန်း
သောမျက်နှာလေးများ ဖြစ်နေကြမည်မှာ သေချာလှ၏။
“အားကျစရာကြီးနော်”
သူက ကျွန်တော့်စကားကို ပြုံး၍လက်ခံသည်။
ကျွန်တော်က ဆက်၍ -
“ကိုယ်တော့ ကျောင်းမြန်မြန်ပြီးချင်လှပြီ”
“ခင်လေးတော့ မပြီးချင်သေးပေါင်”
သူက ကျွန်တော့် စကားအသွားအလာကို ရိပ်မိဟန်ဖြင့်
ပြောင်နောက်နောက် အမူအရာ တမင်လုပ်သည်။
“ကျောင်းပြီးတာနဲ့ ကိုယ်တော့ ခင်လေးကို
ရအောင်ခိုးမှာပဲ”
ခင်လေး လက်ကလေးသည် ဖျတ်ခနဲကျွန်တော့်ပေါင်ကို
လာရိုက်၏။ မျက်စောင်းက ထက်ကြပ်မကွာပါလာသည်။
“ဟင်း . . . မိဘကို လုပ်ကျွေးမယ်တော့
မစဉ်းစားဘူး”
“အမယ် . . . သိပ်စဉ်းစားတာပေါ့။ ဒါပေမဲ့
တစ်ယောက်တည်း သက်သက်တော့ လုပ်မကျွေးဘူး။ ချွေးမပါ အိမ်ခေါ်ပြီးထားမှာပေါ့။ အမေနဲ့ အဖော်ရအောင်”
ခင်လေး အမူအရာ ပျာပျာသလဲဖြစ်သွားသည်။
နှုတ်ခမ်းကို သိသာအောင်စူလိုက်သည်။ မျက်နှာကိုလည်း ဟန်ဖြင့်တင်းရင်း-
“ကြည့်စမ်း၊ သူ့ဘာသာသူတော့ ချောနေတာပဲ။
လိုက်နိုင်ပါဘူး တောကို၊ ရွှံ့တွေဗွက်တွေနဲ့ ညစ်ပေတူးနေတဲ့ရွာ”
ကျွန်တော် ရယ်လိုက်၏။ သူ့ဘက်သို့ မသိမသာ
တိုးလိုက်ကာ
“မရဘူး အမိရေ၊ ရွှံ့ကြောက်လို့မရတော့ဘူး။
ခင်ဗျားလေး ကြိုက်ထားတာက တောသားဗျ။ ဟိုတုန်းက သျှောင်နောက်ဆံထုံးပါ။ ခုခေတ်မှာ ဆံရှည်နောက်
ဆံတိုပါတဲ့၊ မကြားဖူးဘူးလား”
“မကြားဖူးပါဘူး၊ ခေတ်ဟောင်းက အယူအဆတွေအားလုံးကို
တော်လှန်ပစ်လိုက်ပြီ”
သူ့လေသံနှင့် သူ့အမူအရာကြောင့် နှစ်ယောက်သား
ဟက်ဟက်ပက်ပက် ရယ်လိုက်ကြသည်။ ရယ်ခြင်းကြောင့် ကိုယ်များလှုပ်ရှားကြသော်လည်း နှစ်ယောက်သားဝေးမသွား။
သူက ကိုယ့်ဘက်လှုပ်၍ ကိုယ်က သူ့ဘက်လှုပ်ဖြင့် လက်မောင်းများ နွေးထွေးသွားသည်။
ရယ်သံလေးများမှ မဆုံးမီ -
“အဲ . . . ပြောရင်းဆိုရင်း”
ခင်လေး ဖျတ်ခနဲ ခေါင်းငုံ့လိုက်၏။ အဓိပတိလမ်းမပေါ်တွင်
ကားနက်လေးတစ်စီး။ မာစီဒီး နှစ်ရာ့နှစ်ဆယ် အက်စ်အမျိုးအစား၊ မျက်နှာချင်းဆိုင်ဘက်မှလာနေသည်။
နံပါတ်နှင့် ကားမောင်းလာသူ၏ မသဲမကွဲ သဏ္ဌာန်အရ ကိုကိုလတ်။
အရှိန်နှေးနှေးဖြင့် မောင်းလာသောကြောင့်
ကျွန်တော်က ကားလေးကျော်လွန်သွားရန် အတော်ကြာကြာလေး စောင့်ရသည်။ ရင်ထဲတွင် ခိုးလိုးခုလုတစ်ခု
ပေါ်လာ၏။ ကိုကိုလတ်နှင့် ကြုံဆုံမှုများက များလှချည်လား။ နိုင်ငံခြားကုမ္ပဏီ ကိုယ်စားလှယ်နှင့်
တက္ကသိုလ် ဘာပတ်သက်သနည်း။ သံသယနှင့်အတူ အမေးတစ်ခု ခေါင်းထဲဝင်လာ၏။ တမင်များ ကိုကိုလတ်
လိုက်ကြည့်နေလေရော့သလား။ သက်ပြင်းချသံလေးတစ်ခု ခင်လေးဆီမှ ကြားရသည်။ အတန်ကြာ စကားမဆိုဖြစ်။
ကံ့ကော်တောသို့ လေတိုးသံနှင့် ပတ်ဝန်းကျင်မှ တီးတိုးသံလေးများသာ ရှိနေသည်။
ဒုတိယမြောက် သက်ပြင်းချလိုက်သူကတော့
ကျွန်တော်။
“ရှရီ-နမောဗုဒ္ဓါယ၊ ဘုရားသခင်သာသနာ
အနှစ်တစ်ထောင့် ခြောက်ရာနှစ်ဆယ့်ရှစ်နှစ် လွန်လေပြီးရကား ဤအရိမဒ္ဒနာပုရ်မည်သော ပြည်၌ကား
ရှရီတြိဘာဝနာ ဒိတျဒဓမ္မရာဇ်မည်သော မင်းဖြစ်၏။ ထိုမင်း၏ ပါယ်မယားတစ်ယောက်သော်ကား တြိလောက
ဝဋံသကာ ဒေဝီမည်၏၊ တောက် . . .”
ခပ်တိုးတိုး စာရွတ်သံအဆုံး ကျယ်လောင်သော
တောက်ခေါက်သံ တစ်ချက်ပေါ်လာသည်။ ခေါင်း တဗျင်းဗျင်းကုတ်သံကိုလည်းကြားရ၏။ ကျွန်တော့်အတွေးလက်စဖြတ်လိုက်ပြီး
ပေါ်ဦးဘက်လှည့်၍–
“ဘယ်လိုဖြစ်တာလဲဟ၊ စာကျက်နေတာကလည်း”
ပေါ်ဦးက စာအုပ်ကို စားပွဲပေါ် အသံမြည်အောင်
ပစ်ချလိုက်ရင်း-
“ပြောချင်ပါဘူးကွာ၊ ဟိုတုန်းက ကြားဖူးတာက
ပုဂံရာဇဝင် တုတ်ထမ်းငြင်းရတယ်ပဲ ကြားဖူးတယ်။ ခုတော့ ပုဂံကျောက်စာအလွတ် ကျက်မှ တွေ့တဲ့လူ
တုတ်နဲ့ လိုက်ရိုက်ချင်စိတ်ပေါ်နေတယ်”
ကျွန်တော်က သူ့ညည်းချင်းကို သဘောကျစွာ
ရယ်လိုက်ပြီး-
“ဒါတော့ကွာ မြန်မာစာကျောင်းသားပဲ၊ ဒီလောက်တော့ရှိမှာပေါ့။
နောက်နှစ်နောက်နှစ်ကျ ဒါထက်ဆိုးဦးမယ်”
“တော်ပြီ၊ ကျောင်းဆက်မတက်တော့ဘူး။ မိန်းမပဲ
ဘွဲ့ရအောင်သင်ခိုင်းပြီး အေးအေးဆေးဆေး ထဘီနား ခိုစားတော့မယ်”
“ကောင်းတယ်၊ ခုခေတ် မိန်းကလေးတွေက ထဘီနားကြမ်းတိုက်
ဝတ်တတ်ပါဘိသနဲ့ ခွေးချေးပုံ တရွတ်တိုက်လာတဲ့ ထဘီနား သွားစားမိမှ ငန်ကျွက်ငန်ကျွက်ကလေးနဲ့
ရနံ့မွှေးနေမယ်”
ခုတင်ပေါ်တွင် နံရံကိုမှီ၍ထိုင်နေသော
စန်းလွင်က သာသာကလေး ဝင်နှက်သည်။
“ထွီ . . . ပေါက်တီးပေါက်ရှာ”
ပေါ်ဦး အသံအဆုံး ဝိုင်းရယ်လိုက်ကြသည်။
စောစောက ရှုပ်ထွေးနေသောစိတ်များ လွင့်စဉ်သွားသည်။
ပေါ်ဦးသည် စိတ်ပျက်လက်ပျက်နှင့် ခုတင်စောင်းတွင်ထိုင်သည်။ စန်းလွင်က ပေါ်ဦး ပခုံးကိုပုတ်၍
-
“လုပ်မနေပါနဲ့ပေါ်ဦး၊ သူများထက်ထူးပြီး
နဖူးချေးမပါချင်နဲ့။ ဒီအချိန်ဘယ်ကျောင်းသားမှ စာမကျက်သေးဘူး။ ဒီတမ်းကိုတောင် ဖရီးတမ်းလို့ခေါ်တာ
မင်းမသိဘူးလား”
ဟုတ်တော့ ဟုတ်သည်။ ဒီဇင်ဘာ ကျောင်းပိတ်ရက်နှင့်
မတ်လကျောင်းပိတ်ရက်ကြား စာသင်ချိန်ကို ဖရီးတမ်း လွတ်လပ်သောကာလဟု သတ်မှတ်သည်။ စာမေးပွဲလုံးဝမရှိ။
စာမေးပွဲက ဇွန်၊ ဇူလိုင်လောက် မှ ရှိတော့သည်။
ပေါ်ဦးက စပ်ဖြီးဖြီးလုပ်၍ -
“အဲဒီအချိန် စာကြည့်ရင် သူများ နည်းနည်းအထင်ကြီးမလားလို့”
ကျွန်တော်က လှဲနေရာမှ ငေါက်ခနဲ ထထိုင်၍
-
“ဟေ့ကောင်၊ ဒီတက္ကသိုလ်မှာ အရူးကို
အထင်ကြီးတဲ့ကောင် တစ်ကောင်မှမရှိဘူး”
ပေါ်ဦးမျက်စောင်း ချက်ချင်းရောက်လာသည်။
မကျေမနပ်လေသံနှင့် သတိပေးဟန် လက်ညှိုးထောင်ရင်း -
“မင်းစကား မင်းပြန်ရုပ်သိမ်းပါ ငါ့ညီ၊
မင်းအသက် ငယ်ငယ်လေးပဲ ရှိသေးတယ်။ မင်းရဲ့ နှလုံးသားတစ်ခုလုံးဟာ ငါ့လက်ထဲမှာရှိတယ် ဆိုတာ
နည်းနည်းဂရုပြုပါဦး”
သူ့စကားကြောင့် စန်းလွင်က ပြူးပြူးပြဲပြဲထ၍
-
“ဘယ်လို၊ ထွန်းဝေ နှလုံးက မင်းလက်ထဲမှာ
ဟုတ်လား။ မင်းတို့ နှစ်ယောက် တစ်ခန်းထဲနေပြီး ရိုးမှရိုးရဲ့လားကွာ”
ကျွန်တော် ဝါးလုံးကွဲ ထရယ်၏။ ပေါ်ဦးမျက်စောင်း
ဟိုကောင့်ဘက် လှည့်သွားပြီး -
“နှလုံးသားကွ၊ မင်းဘာမှဝင်မရှုပ်နဲ့။
ကာယကံရှင်နဲ့ ဒီကိစ္စအကျေအလည် ဆွေးနွေးရမယ်။ ဒီစော်ကားမှုဟာ ငါ့အသရေကို ထိခိုက်တယ်”
စန်းလွင်က တမင်အူနှိပ်ရယ်ဟန်ပြု၍
“ဟုတ်တယ် ထွန်းဝေ၊ ပြန်ရုပ်သိမ်းပါ။
နို့မို့ သွားရည်ထိရင်ဗိုက်မှာ ခွေးရူးဆေး တစ်ဆယ့်လေးလုံး ထိုးနေရမယ်”
သည်တစ်ချီ ပေါ်ဦး လှိမ့်ခံနေရ၏။ ထိုအခိုက်
တံခါးပေါက်မှ အောင်လင်း ဝင်လာသည်။ ကျွန်တော်တို့ ရယ်နေသည်ကိုကြည့်ပြီး ခပ်မာန်မာန်ဖြင့်
ဝင်ပြောသည်။
“ဟေ့ကောင်တွေ ဘာလို့ဒီလောက်ဆူနေတာလဲ။
ဒီမှာဖဲရှုံးလို့ စိတ်ညစ်နေတဲ့ကောင်၊ အာရုံပျက်တယ်ကွ”
သူ့စကားကြောင့် ကျွန်တော်သူ့ကိုကြည့်လိုက်သည်။
သူ့အိတ်ကပ်သည် ပြားချပ်လာ၍ သူ့လက်တွင် နာရီဖြူဖြူလေးသာရှိတော့၏။ ခါတိုင်းပတ်နေကျ စီကိုဖိုက်နာရီလေးမရှိတော့။
သည်တစ်ခါဝင်တွယ်သည်က ပေါ်ဦး။
“ရှီး ... ကုန်လာပြန်ပြီ မဟုတ်လား။
အိတ်ထဲလည်း လေတောင်မရှိတော့ဘူး။ လက်မှာလည်း နာရီမပါဘူး။ မင်းတို့ငါ့ပစ္စည်းကို ကြပ်ကြပ်ဖြုန်းသိလား၊
မင်းရောမင်းအမေရောပစ်ပြီး ငါထွက်သွားမှ မင်းတို့သိကြမယ်”
အောင်လင်းကလည်း အညံ့မခံပါ။ ချက်ချင်းတုံ့ပြန်၏။
ဝါးခနဲရယ်သံများပေါ်လာ၏။
ပေါ်ဦးက အနားမှခေါင်းအုံးဖြင့် အောင်လင်းကို
လှမ်းပစ်သည်။ အောင်လင်းက ဆီးဖမ်းလိုက်ပြီး ကျွန်တော့် ခုတင်ဘက်တွင် ဝင်ထိုင်သည်။
စန်းလွင်က အောင်လင်းကို လှမ်း၍ -
“ဘာလဲ ရှိုးလား၊ ဘယ်သူတွေနဲ့လဲ”
(ဆက်လက်ဖော်ပြပါမည်)
.jpg)
No comments