ဆူဒန်နိုင်ငံ၌ ကာလဝမ်းနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများဆက်လက်မြင့်မားလျက်ရှိ
အောက်တိုဘာ ၁၀
ဆူဒန်နိုင်ငံတွင် ကာလဝမ်းရောဖြစ်ပွားမှုကြောင့်
သေဆုံးသူ ၆၃၂ ဦးအပါအဝင် ကာလဝမ်းရောဂါဖြစ်ပွားသူ ၂၁၈၀၆ ဦးရှိလာပြီး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့်
လေးဦးသေဆုံးပြီး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၃၂၉ ဦးအထိ ရှိလာကြောင်း၊ ရောဂါဖြစ်ပွားမှုမြင့်မားခြင်းကိုထိန်းချုပ်ရန် အရှိန်မြှင့်လုပ်ဆောင်ရန်လိုအပ်ကြောင်း
ကျန်းမာရေး ဝန်ကြီးဌာနက ယမန်နေ့က အလေးထားပြောကြားသည်။
နိုင်ငံအတွင်းရှိပြည်နယ်
၁၁ ခုတွင် ကာလဝမ်းရောဂါဖြစ်ပွားလျက်ရှိသည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။ ကတ်ဆလာပြည်နယ်အရှေ့ပိုင်းတွင်
ကာလဝမ်းရောဂါဖြစ်ပွားမှုအရေအတွက်အမြင့်မားဆုံးဖြစ်ရာ ကျန်းမာရေး အာဏာပိုင်များက ရောဂါဖြစ်ပွားမှုများကိုဟန့်တားရန်နှင့်
ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေရန် အဓိကထားလုပ်ဆောင်မှု စတင်ခဲ့သည်။
အနီးနားပြည်နယ်များတွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့်
နေရပ်စွန့်ခွာ ထွက်ပြေးလာသူများ ဆက်လက် များပြားလာကြောင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပတ်ဝန်းကျင်အခြေအနေများ
ပိုမို ဆိုးရွားမည် ယူဆရကြောင်း ကျန်းမာရေးဌာနအကြီးအကဲ မိုဟာမက်မူစတာဖာက ပြောသည်။
ကတ်ဆလာဆေးရုံတွင် နေ့စဉ်သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူများများပြားလျက်ရှိရာ
နေရပ်စွန့်ခွာ သူများအကြား သွေးလွန်တုပ်ကွေးရောဂါကူးစက်ပျံ့နှံဖြစ်ပွားမှုကို အစိုးရမဟုတ်သော
ဆူဒန်ဆရာဝန် များ ကွန်ရက်က အလေးထားသတိပေးပြောကြားသည်။ ၂၀၂၃ ခုနှစ် ဧပြီလမှစတင်ကာ တိုက်ပွဲများ
ဖြစ်ပွားခဲ့သော ဆူဒန်နိုင်ငံတွင် ကာလဝမ်းရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများ
မြင့်မား လျက်ရှိသည်။
ငှက်ဖျားရောဂါနှင့် ဝက်သက်ရောဂါများအပါအဝင်
အခြားရောဂါများလည်း ဖြစ်ပွားလျက်ရှိသည်။ ထိုပဋိပက္ခဖြစ်ပွားမှုတွင် လူပေါင်း ၂၀၀၀၀
ခန့်သေဆုံးပြီး နေရပ်စွန့်ခွာသူပေါင်း သန်းနှင့်ချီရှိသည်ဟု ကုလသမဂ္ဂက ခန့်မှန်းတွက်ချက်ထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments