နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှု စစ်ဆေး




 နေပြည်တော်  အောက်တိုဘာ  ၁၂

 

၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည်  ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍  ယနေ့ညနေပိုင်းတွင် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီရှိ လဟာပြင်ဇာတ်ရုံ၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂တို့၌ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ ဖွင့်ပွဲအခမ်းအနား အစီအစဉ်အတိုင်း လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးရာတာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ပြည်ထောင်စု တိုင်းရင်းသားတို့၏ ရိုးရာသံစုံတေးဂီတအဖွဲ့အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

 

နှုတ်ဆက်အားပေးစကားပြောကြား

 

ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်များ အဖြစ် စိတ်ရောကိုယ်ပါ ကူညီဆောင်ရွက်ပေးကြမည့် ဝါရင့်အနုပညာရှင်ကြီးများ နှင့် ပါဝင်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့်  ပြည်နယ်များမှ  ပြိုင်ပွဲဝင်အဖွဲ့များ၊ အုပ်ချုပ်မှု အဖွဲ့များနှင့် အုပ်ထိန်းသူမိဘများ၏ နေထိုင်စားသောက်မှု အဆင်ပြေချောမွေ့စေရေးအတွက် အိပ်ဆောင်များ၊ စားရိပ်သာနှင့်  စားချက်ဆောင်များ၊ စားသောက်ဆိုင်များနှင့် လူသုံးကုန် အရောင်းဆိုင်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်နေမှု၊ ဆပ်ကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ကျန်းမာရေးနှင့် ဆေးအကာအကွယ် ပေးရေးအဖွဲ့များ စုဖွဲ့ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ အကဲဖြတ်ဒိုင်အဖွဲ့ ဝါရင့်အနုပညာရှင်ကြီးများနှင့် ပြိုင်ပွဲဝင် အဖွဲ့သူ အဖွဲ့သားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားသည်။



၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊  အတီးပြိုင်ပွဲတွင် အဆိုပြိုင်ပွဲ (မဟာဂီတ၊ ကာလပေါ်၊ အမျိုးဂုဏ်မြှင့်တင်ရေးတေးသီချင်း)၊ အကပြိုင်ပွဲ (တိုင်းရင်းသားတို့၏ ရိုးရာတူရိယာတိုင်းရင်းသားရိုးရာ/ ကျေးလက်ရိုးရာအက၊ ကဗျာလွတ်ချင်းတိုင်းရင်းသား ရိုးရာအက၊ ရုပ်သေးကြိုးဆွဲ)၊ အတီးပြိုင်ပွဲ (စန္ဒရား၊ ဂီတာ၊ ဒုံမင်း၊ မယ်ဒလင်) တို့ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ လည်းကောင်း၊ အရေးပြိုင်ပွဲ၊ ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲတို့ကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌ လည်းကောင်း၊ အတီးပြိုင်ပွဲ (ဒိုးပတ်၊ အိုးစည်၊ တယော)၊ ကွက်စိပ်ပြိုင်ပွဲတို့ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ လည်းကောင်း၊ အတီးပြိုင်ပွဲ (ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်၊ ဆိုင်းတစ်ဦးချင်း) တို့ကို အမျိုးသား စာကြည့်တိုက်၌လည်းကောင်း၊ အတီးပြိုင်ပွဲ (စောင်း၊ နှဲ၊ ပလွေ၊ ပတ္တလား) တို့ကို အမျိုးသား ပြတိုက်၌လည်းကောင်း၊ ဇာတ်တော်ကြီးပြိုင်ပွဲကို နေပြည်တော် စည်ပင်သာယာရေးကော်မတီရှိ လဟာပြင်ဇာတ်ရုံ၌ လည်းကောင်း အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် စုစုပေါင်းဦးရေ ၂၅၀၀ ကျော် ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။

 

၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအနုပညာ အမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်ရေး၊ မျိုးဆက်သစ် လူငယ်များအကြားတွင် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့် ထပ်တူအမျိုးသားရေး စိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားနေစေရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှုအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင် ဆောင်ရွက်ရေး စသည့်ဦးတည်ချက် (၄)ရပ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်


No comments

Powered by Blogger.