နိုင်ငံရေးအရွေ့နှင့်လိုက်ပါ
သီတင်းကျွတ်ပွဲတော်ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ
မြို့ရွာများတွင် ဗုဒ္ဓဘာသာအစဉ်အလာမပျက် ကုသိုလ်ကောင်းမှုပြုကြသူများနှင့် စည်ကားခဲ့သည်။
ပြီးခဲ့သည့်လအတွင်းက သဘာဝ ဘေးအန္တရာယ်ကြီး ကျရောက်မှုကြောင့် နိုင်ငံအတွင်းရှိ မြို့နယ်များ၏
၁၆ ရာခိုင်နှုန်းခန့်တွင် စုစုပေါင်းလူဦးရေ တစ်သိန်းခွဲ၊ နှစ်သိန်းခန့် ရေဘေးနှင့်ရင်ဆိုင်ခဲ့ကြရသည့်အတွက်
ကူညီကယ်ဆယ်မှုများ၊ ပြန်လည်ထူထောင်မှုများကို အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့ကြရသည်။
ပြန်လည်ထူထောင်ရေး၊ တည်ဆောက်ရေးလုပ်ငန်းများမှာ နောက်ထပ်လအနည်းငယ်ကြာ ဆက်လက်ဆောင်ရွက်ကြရဦးမည်ဖြစ်သည်။
မည်သို့ပင်ဆိုစေ မြန်မာဟူသည် ဖြစ်မြဲသဘာဝ လောကဓမ္မကို ကောင်းစွာဆင်ခြင်နားလည်နိုင်ကြသူများပီပီ
ရင်ဆိုင်ကြုံတွေ့ရသမျှအပေါ်တွင် သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းကာ ပျော်ချိန်ရောက်လျှင်
ပျော်တတ်ကြစမြဲဖြစ်သည်။
သီတင်းကျွတ်ကျောင်းပိတ်၊ ရုံးပိတ်ကာလများအတွင်း
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယခင့်ယခင် နှစ်များအတိုင်း ခရီးသွားကားများ
ပြည့်ခဲ့သလို ငွေဆောင်၊ ချောင်းသာ စသည့် ကမ်းခြေများတွင်လည်း အပန်းဖြေသူများ စည်ကားခဲ့သည်။
အဆိုပါကမ်းခြေများရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် အခန်းကြိုတင် မှာယူမှုများ
ပြည့်နေခဲ့သလို ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင်လည်း ထိုနည်းတူပင်ဖြစ်သည်။ ပုဂံ
ဒေသသို့ ပြည်တွင်းခရီးသွားဝင်ရောက်မှုမှာ ဒေသခံများ မျှော်မှန်း ထားသည်ထက် ပိုမိုများပြားခြင်းကြောင့်
ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသည့် အလုပ်အကိုင်နှင့် စီးပွားရေးတို့ ပွင့်လန်းခဲ့
ကြသည်ဟုလည်း ဝမ်းမြောက်ဖွယ်ရာ သိရှိရသည်။
သီတင်းကျွတ်ညများ၏ လရောင်အောက်တွင်
မီးရောင်စုံနှင့် ဆီမီးများ ထိန်ထိန်ညီးညီးထွန်းညှိကာ မြို့များ၊ ရွာများ ပျော်ရွှင်စည်ကားခဲ့ကြသော်လည်း
ခြွင်းချက်အဖြစ် အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူတို့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည့်
ဒေသများမှာမူ မြို့ပျက်ရွာပျက်များဘဝသို့ ကျရောက်ဆိတ်သုဉ်းနေကြရသည်။ အကယ်၍သာ နိုင်ငံမြောက်ဖျားမှသည်
တောင်ဖျားအထိ၊ အရှေ့ဖျားမှသည် အနောက်ဖျားအထိ ရှိရှိသမျှ မြို့ရွာများ အေးချမ်းသာယာနေမည်ဆိုလျှင်
ဤအချိန်၊ ဤကာလသည် ကျက်သရေမင်္ဂလာများနှင့် ပြည့်စုံကာ ပျော်ရွှင် ကြည်နူးဖွယ်ရာ ကာလတစ်ခုသာ
ဖြစ်ပေလိမ့်မည်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့ကြီးများတွင်
သိန်းနှင့်ချီသော ပြည်သူများ သီတင်းကျွတ်ပွဲတော် ဆင်နွှဲပျော်ရွှင်နေသည့် ပုံရိပ်များ၊
ရာဂီတိုင်ဖွန်းမုန်တိုင်းရေဘေးအတွက် ဘီလီယံပေါင်းများစွာ လှူဒါန်းခဲ့ကြသည့် မြင်ကွင်းများတွင်
မိမိတို့ ပြည်သူများ၏ ပကတိသဘောကို စောကြောတွေ့ရှိ နိုင်သည်။
မြန်မာ့နိုင်ငံရေးသည် အနှောင့်အယှက်၊
အဟန့်အတား၊ အဖျက်အဆီးများကြားမှပင် ကာလယန္တရားနှင့်အတူ ရှေ့သို့ဆက်လက်ခုတ်မောင်း ရွေ့လျားနေသည်။
အကယ်၍သာ အဖျက်အမှောင့်တို့ မရှိခဲ့ပါလျှင် ယခုအချိန်သည် ပြည်သူရွေးချယ် တင်မြှောက်သည့်
တတိယမြောက်အစိုးရတစ်ရပ်နှင့် ဒီမိုကရေစီ ခရီးကို ရှေ့ဆက်သွားနေချိန် ဖြစ်နေနိုင်သည်။
လက်ရှိကာလ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုကိုကြည့်လျှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး
ကောင်စီသည် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့်အညီ မပျက်မကွက် ဆက်လက်ဆောင်ရွက်နေပြီး
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုကာလလည်း ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ရှေ့ဆက်၍
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ရွေးကောက်ပွဲတွင်
ပါတီစုံပါဝင် နိုင်ရေး၊ နယ်မြေဒေသအလိုက် ရွေးကောက်ပွဲကျင်းပနိုင်သည့် လုံခြုံရေးအခြေအနေရရှိရေးတို့အတွက်
ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
မိမိတို့နိုင်ငံ ရှေ့ဆက်သွားမည့် ခရီးအတွက်
အဓိကလိုအပ်ချက်သည် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းရေးပင် ဖြစ်ရာ ပြည်တွင်း၌ဖြစ်ပေါ်နေသည့်
လက်နက်ကိုင်တိုက်ခိုက်မှုများ ရပ်ဆိုင်းသွားနိုင်ရန် နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့်
ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖိတ်ခေါ် ကမ်းလှမ်းမှု
ပြုလျက်ရှိသည်။ နိုင်ငံနှင့် ပြည်သူကောင်းရာ ကောင်းကျိုးကို မျှော်မှန်း၍ ပြည်သူတစ်ရပ်လုံး၏
ဆန္ဒဖြစ်သော ထာဝရငြိမ်းချမ်းရေးဆီသို့ ဦးတည်ကာ လက်နက်ကိုင်အဖွဲ့ အစည်းအားလုံးကို ဖိတ်ခေါ်ထားခြင်းဖြစ်ရာ
နိုင်ငံရေးကိုအကြောင်းပြု၍ လက်နက်ကိုင်ထားသည့် အဖွဲ့မှန်ပါက စားပွဲဝိုင်းဆွေးနွေးပွဲဆီသို့
တက်ရောက် လာနိုင်မည်သာဖြစ်သည်ဟု ရှုမြင်မိပါကြောင်း။
မြန်မာ့အလင်း

No comments