အသိ၊ သတိဖြင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ကျော်လွှားမယ်
ဇော်(ဘူမိ)
တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်ခဲ့ပြီး
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့သော
Yagi (ရာဂီ) တိုင်ဖွန်းမုန်တိုင်း၏အရှိန်နှင့် ၎င်း၏ နောက်ဆက်တွဲ မိုးတိမ်တိုက်များကြောင့် မြန်မာနိုင်ငံတွင်လည်း
စက်တင်ဘာလ ၁၀ ရက်နေ့မှစ၍ နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင်
မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး စက်တင်ဘာလ ၁၁ ရက်နေ့တွင် ရေကြီးရေလျှံခြင်းနှင့် ရေတိုက်စားမှုကြောင့် မြေပြိုခြင်းများ
ဖြစ်ပေါ်ခဲ့ပါသည်။ လမ်း၊ တံတားအချို့ ရေတိုက်စားပျက်စီးခြင်း၊ လူနေအိမ်၊ ရုံး/ဌာနအဆောက်အအုံ၊
စာသင်ကျောင်းနှင့် အခြားအဆောက်အအုံများ ရေဝင်နစ်မြုပ်ခြင်း၊ ထိခိုက်ပျက်စီးခြင်းများ
ဖြစ်ပေါ်ခဲ့ပြီး လူနှင့်တိရစ္ဆာန်များ သေဆုံးဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ပါသည်။
တိုင်ဖွန်းမုန်တိုင်း၏ အရှိန်နှင့်
နောက်ဆက်တွဲမိုးတိမ်တိုက်များ
နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါတိုင်ဖွန်း
မုန်တိုင်း၏အရှိန်နှင့် နောက်ဆက်တွဲမိုးတိမ်တိုက်များကြောင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်မှုနှင့် လေပြင်းတိုက်ခတ်နိုင်မှုအခြေအနေတို့ကို
မိုးလေဝသ တိုင်းတာရေး အချက်အလက်များအရ အများပြည်သူသိရှိနိုင်ရန် နိုင်ငံပိုင်ရုပ်မြင်သံကြား၊
ရေဒီယို၊ FM၊ သတင်းစာများမှတစ်ဆင့် ကြိုတင်အသိပေး ကြေညာခဲ့သော်လည်း ယခုလောက်အထိ ထိခိုက်
ဆုံးရှုံးမှု ဖြစ်ပွားမည်ဟု မည်သူမျှမမျှော်မှန်းမိခဲ့ပေ။ ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုအခြေအနေကို
မှန်ကန်တိကျစွာ တိုင်းတာခန့်မှန်း၍ ကြိုတင်ထုတ်ပြန်နိုင်ခဲ့သော်လည်း မြန်မာနိုင်ငံရှိမြစ်ချောင်းများ၏
မြစ်ဖျားပိုင်းနှင့် အထက်ပိုင်းဒေသများတွင် မြေပြို/ တောင်ပြိုခြင်းများကြောင့် မြစ်၊
ချောင်းများရှိ ရေထုများမြင့်တက်ကာ ရေကြီးရေလျှံခြင်းများ မမျှော်လင့်ဘဲ ရုတ်ခြည်းဆိုသလို
နေရာအချို့တွင် ဖြစ်ပေါ်ခဲ့ပါသည်။
ရေကြီးရေလျှံမှု သဘာဝဘေးဟာ အလွန်ပဲလျင်မြန်တဲ့အရှိန်နဲ့
စီးဆင်းလာတာဖြစ်လို့ အချို့ဒေသတွေမှာ ရှောင်တိမ်းချိန်တောင် မရလိုက်ပါဘူး။ အိမ်တွေအလုံးလိုက်
ကျွတ်ပါသွားတာမျိုး၊ လူတွေ သစ်ပင်တွေပေါ် တက်နေရတာမျိုး၊ စာသင်ကျောင်းတွေမှာ ရေဝင်လာလို့
ကျောင်းတွေပိတ်ရတာမျိုးစတဲ့ အမျိုးမျိုးသော ဒုက္ခတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ တစ်ခါတစ်ရံ
လူတွေရဲ့စိတ်ထဲမှာ ပေါ်ပေါက်လာတော့မယ့် သဘာဝဘေးတွေဟာ ငါနဲ့မဆိုင်လောက်ပါဘူးဆိုတဲ့ အတွေးတွေ
ရှိနေတတ်ပါတယ်။ ဖြစ်တတ်တဲ့သဘာဝပါ။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အချိန်နဲ့တစ်ပြေးညီ
မိုးလေဝသသတင်းတွေ ကြေညာ ပေးနေပါတယ်။ မိုးလေဝသသတင်းတွေနဲ့အတူ ကုန်းမြင့်ပေါ်မှာနေထိုင်သူတွေ
ဘယ်လို သတိထားသင့်တယ်။ မြေနိမ့်ပိုင်းမှာ နေတဲ့သူတွေ ဘယ်လိုသတိထားသင့်တယ်ဆိုတာမျိုးပါ
အသေးစိတ် ထုတ်ပြန်ပါတယ်။ ဖြစ်လာပြီးမှတော့ ဘယ်သူကိုမှအပြစ်မပြောပါဘူး။ ဒါပေမဲ့သင်ခန်းစာတွေ
ကောင်းကောင်းရလိုက်ကြပြီ ဖြစ်ပါတယ်။ အခုလိုမမျှော်လင့်ဘဲ ရေဘေးကြုံတွေ့ရတဲ့အချိန်မှာ
နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုအင်အားကို မြင်တွေ့ရတာကလည်း
အဆိုးထဲက အကောင်းလို့ ပြောချင်ပါတယ်။ ကူညီကယ်ဆယ်ရေးမှာ တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်ကြပုံ၊
ရေဘေးသင့် ပြည်သူတွေကို စေတနာသဒ္ဓါတရား ထက်သန်စွာနဲ့ ရက်ရက်ရောရော လှူဒါန်းကြပုံတွေကနေတစ်ဆင့်
လူလူချင်း စာနာထောက်ထား ကူညီတတ်တဲ့ မြန်မာ့စိတ်ရင်းဓလေ့စရိုက်ကို မြင်နိုင်ပါတယ်။
ဒီလို ရေဘေးသင့်ပြည်သူတွေကို ကိုယ်၊
စိတ် နှစ်ပါး ဝမ်းနည်းအားငယ်မှုတွေ မဖြစ်ရလေအောင် အားလုံးသော စေတနာရှင်၊ အလှူရှင်တွေက
ဝိုင်းဝန်းကူညီနေကြတာကိုတွေ့မြင်ရတော့ ရေဘေးသင့်ပြည်သူတွေကိုယ်စား ကြည့်မြင်မိသူ တွေ
သဒ္ဓါပွားလို့ ကျေးဇူးတင် သာဓုအကြိမ်ကြိမ် ခေါ်မိစေပါတယ်။
မြစ်ချောင်းတွေအတွင်း သဲနုန်းများပို့ချမှု
များပြားလာကာ ရေကြီးရေလျှံမှုတွေ ပိုမိုဖြစ်ပေါ်
ယခုဖြစ်စဉ်ဟာ မြန်မာနိုင်ငံမှာမိုးကြောင့်
ဖြစ်ပေါ်ခဲ့တဲ့သဘာဝဘေးတွေအနက် အဆိုးဆုံးလို့ ဆိုရလောက်အောင် ထိခိုက်ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကြောင့် သဲနုန်းတွေ ရေစီးကြောင်းအတိုင်း တဖြည်းဖြည်း
စီးဆင်းဝင်ရောက်ပြီး သောင်ထွန်းခြင်းတွေနဲ့ BED Level မြင့်တက်ခြင်းတွေ ဖြစ်ပေါ်လာပြီး
မြစ်ချောင်းတွေအတွင်း သဲနုန်းတွေပို့ချမှုများပြားလာကာ ရေကြီးရေလျှံမှုတွေ ပိုမိုဖြစ်ပေါ်စေခဲ့ပါတယ်။
ဒါ့အပြင် တောင်ကျချောင်းအထက်ပိုင်းရှိ တောင်ကုန်းတွေမှာ မြေပြိုမှုတွေဖြစ်ပွားရာမှ
ကျောက်တုံးကြီးတွေ ရေစီးနဲ့အတူ မျောပါလာတာနဲ့ စနစ်မကျသော သစ်ထုတ်လုပ်မှုတွေက ထွက်ပေါ်လာတဲ့
သစ်လုံးကြီးတွေကို မြစ်၊ ချောင်း ဘေးတစ်လျှောက် အလွယ်တကူ စုပုံထားရာမှ ရေစီးနဲ့အတူ
အရှိန်အဟုန်နဲ့ မျောပါလာခြင်းတို့ကြောင့်လည်း ထိခိုက်ပျက်စီးမှုကို ပိုမိုများပြားစေခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ မြေမျက်နှာသွင်ပြင် အနေအထားအရ မိုးအလွန်များတဲ့အခါ အလွန်မြင့်မားတဲ့
တောင်တန်းတွေကနေ မြေနိမ့်ဒေသကို တောင်ကျရေအဖြစ် အရှိန်ပြင်းစွာစီးဆင်းပါတယ်။ ရေစီးအားဘယ်လောက်ပြင်းလဲဆိုရင်
ကြီးမားတဲ့ ကျောက်တုံးတွေကိုပဲ မျောပါနိုင်စွမ်းရှိပါတယ်။ အဆိုပါ ကျောက်တုံးတွေဟာ မြေပြို၊
တောင်ပြိုရာမှ ပေါ်ထွက်လာတဲ့ ကျောက်တုံးကြီးတွေဖြစ်ပါတယ်။
ကမ္ဘာကြီးပူနွေးလာမှုနဲ့အတူ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေကြောင့်
သဘာဝပတ်ဝန်းကျင် ယိုယွင်းမှု ပြဿနာအဖြစ် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို နိုင်ငံအသီးသီးမှာ
ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် အပူချိန်မြင့်မားလာခြင်း၊ မိုးရေချိန်
ပြောင်းလဲခြင်း၊ အချို့နေရာတွေမှာ မိုးအများအပြား ရွာသွန်းပြီး အချို့နေရာတွေမှာ မိုးနည်းပါးလာခြင်းတွေ
ကြုံတွေ့ရပါတယ်။ အနောက်တောင်မုတ်သုံရာသီဟာ အဝင်နောက်ကျသလို ပြန်လည်ထွက်ခွာသွားတဲ့ အခါမှာတော့
စောစီးစွာ ပြန်ထွက်ပါတယ်။
ပြောရမယ်ဆိုရင် မုတ်သုံရာသီတိုတောင်းလာခြင်းကြောင့်
သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ မုန်တိုင်း တိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်း၊ မိုးခေါင်ရေရှားခြင်း
စတဲ့ဆိုးကျိုးတွေ ကျရောက်နိုင်ခြေ ပိုမိုများပြားလာပါတယ်။ ဆက်စပ်ဖြစ်စဉ်အနေနဲ့ သစ်တောဖြစ်ထွန်းမှု
ကျဆင်းပြီး သဘာဝပေါက်ပင်တွေ ပေါက်ရောက်ဖုံးလွှမ်းမှု နည်းပါးလာတဲ့အတွက် မြေသားအနေအထားတွေ
ပြောင်းလဲစေပြီး မြေတိုက်စားမှုတွေကို ဖြစ်ပေါ်စေပါတယ်။ မြေဆီလွှာ အရည်အသွေးကျဆင်းပြီး
သဘာဝအရင်းအမြစ်တွေ လျော့နည်းကုန်ခန်းစေပါတယ်။
ရာဂီတိုင်ဖွန်းမုန်တိုင်းရဲ့ အရှိန်ကြောင့်
ရေကြီးရေလျှံခြင်းနဲ့ မြေပြိုခြင်းတွေ ကြုံတွေ့ခဲ့ရ
မြန်မာနိုင်ငံတွင် ယခုကဲ့သို့ သဘာဝဘေးဒဏ်မျိုးကို
၂၀၀၈ ခုနှစ်မှာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း၊ ၂၀၁၀ ပြည့်နှစ်မှာ ဂီရိမုန်တိုင်း၊ ၂၀၁၃
ခုနှစ်မှာ ဖလမ်းတောင်ပြိုမှု၊ ၂၀၁၅ ခုနှစ်မှာ ဟားခါးနဲ့ မော်ချီးမြေပြိုမှု၊ ၂၀၁၈ ခုနှစ်မှာ
ပေါင်မြို့နယ်မြေပြိုမှု၊ ၂၀၂၃ ခုနှစ်မှာ မိုခါမုန်တိုင်းတို့ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။
ဒီနှစ်မှာတော့ ရာဂီတိုင်ဖွန်းမုန်တိုင်းရဲ့ အရှိန်ကြောင့် ရေကြီးရေလျှံခြင်းနဲ့ မြေပြိုခြင်းတွေ
ကြုံတွေ့ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားလေ့ရှိတဲ့ သဘာဝဘေးအန္တရာယ်များတွင် ရေကြီးရေလျှံမှုဟာ
နှစ်စဉ်ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံမှာ
နှစ်စဉ်ဇွန်လ (မိုးဦးကာလ) မှာ တစ်ကြိမ်၊ ဇူလိုင်လမှ ဩဂုတ်လ (မိုးလယ်ကာလ) မှာ တစ်ကြိမ်နဲ့
စက်တင်ဘာလမှ အောက်တိုဘာလ (မိုးနှောင်းမိုးလွန်ကာလ) မှာ တစ်ကြိမ် စုစုပေါင်းရေကြီးမှု
သုံးကြိမ်ဖြစ်ပေါ်လေ့ရှိပါတယ်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ မိုးလေဝသသတင်းတွေကို
အမြဲတမ်းကြိုတင်ထုတ်ပြန်ပေးလျက်ရှိပါတယ်။ ယခုစက်တင်ဘာလမှာ ရာဂီတိုင်ဖွန်းမုန်တိုင်းကြောင့်
အရှေ့တောင်အာရှနိုင်ငံအချို့မှာလည်း ရေလွှမ်းမိုးမှုတွေ၊ မြေပြိုမှုတွေဖြစ်ပေါ်ပြီး
သေဆုံး မှုတွေနဲ့ အိမ်ရာပျက်စီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ယခုကဲ့သို့ မြေပြိုမှုနဲ့ ရေကြီးရေလျှံမှုဖြစ်စဉ်အပေါ်
ပညာရပ်ပိုင်းဆိုင်ရာအမြင်နဲ့ လေ့လာမိသလောက် အနည်းငယ်တင်ပြချင်ပါတယ်။ မြေပြိုမှုဖြစ်စဉ်တွေကို
မြေပြိုမှု (Landslide) ဟု အလွယ်ခေါ်ဆိုကြပြီး အခြားသော တောင်ပြိုခြင်း၊ ပင်လယ်ကမ်းရိုးတန်းမြေပြိုခြင်း၊
မြစ်ကမ်းဘေး နှင့် ချောင်းကမ်းပါးများမြေပြိုခြင်း၊ တောင်စောင်း နှင့် ချောက်ကမ်းပါးများမြေပြိုခြင်း၊
သတ္တုတွင်းများ မြေပြိုခြင်း၊ ဥမင်လိုဏ်ခေါင်းမြေပြိုခြင်း၊ တံတား ချဉ်းကပ်လမ်းမြေပြိုခြင်း၊
စီမံကိန်းလုပ်ငန်းခွင်အတွင်း မြေပြိုခြင်းတွေလည်း မြေပြိုမှုမှာအကျုံးဝင် ပါတယ်။ မြေပြိုမှုကိုဖြစ်စေတဲ့
အဓိကအကြောင်းရင်းတွေမှာ မြေမျက်နှာပြင်ပေါ်ရှိ သဘာဝ အလျောက် ပေါက်ရောက်နေတဲ့ သဘာဝပေါက်ပင်များ
ဆုံးရှုံးခြင်း၊ မြေပြင်ရှိ နိမ့်ရာမှမြင့်ရာသို့ ဒေါင်လိုက်ပေါက်တတ်တဲ့ သဘာဝပေါက်ပင်တွေရဲ့
ဖွဲ့စည်းမှုပုံစံ၊ မြေသားအတွင်းရှိ အာဟာရဓာတ်တွေနဲ့ မြေသား တည်ဆောက်ပုံ တွေဟာ သစ်တောမီးလောင်မှုတွေကြောင့်
ဒါမှမဟုတ် သတ္တုတူးဖော်မှုတွေကြောင့် ပျက်စီးဆုံးရှုံးခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊
မြစ်၊ ချောင်းတွေအရှိန်ပြင်းစွာ စီးဆင်းမှုကြောင့် မြေသားတိုက်စားခံရခြင်း၊ ဆီးနှင်းတွေ
ကျဆင်းခြင်းနဲ့ ရေခဲမြစ်တွေ အရည်ပျော်ခြင်းတို့က မြေပြင်ပေါ်ရှိ အပေါ်ယံမြေသားတို့ကို
ဖယ်ရှားပစ်ခြင်း၊ ငလျင်လှုပ်ခြင်း၊ ဆူနာမီလှိုင်းများ မြင့်တက်ခြင်းနဲ့ မီးတောင်ပေါက်ကွဲခြင်းတို့
ဖြစ်ပါတယ်။ ဒါ့အပြင် လူသားတို့ရဲ့ လုပ်ဆောင်မှုတွေဖြစ်တဲ့ သစ်တောများခုတ်ထွင်ခြင်း၊
စိုက်ပျိုးရေးလုပ်ငန်းများ ပြုလုပ်ခြင်း၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ လေးလံသောသယ်ယူပို့ဆောင်ရေးယာဉ်များ
ဖြတ်သန်းသွားလာမှုမှ တုန်ခါမှု ဖြစ်ပေါ်ခြင်း၊ မြေယာတူးဖော်အသုံးချခြင်း၊ မိုင်းခွဲခြင်း၊
စွန့်ပစ်မြေစာစုပုံခြင်း၊ သတ္တုတူးဖော်ခြင်းနဲ့ ချုံနွယ်ပင်များကို မီးရှို့ခြင်းဖြင့်
နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ သဘာဝပေါက်ပင်တွေကို ဖျက်ဆီးဖယ်ရှားမိခြင်းတွေကလည်း မြေပြိုမှုကို
ဖြစ်ပေါ်စေပါတယ်။
မြေပြိုမှုဖြစ်ပွားရာ နေရာတစ်ခုကို
အနုစိတ် ပုံဖော်ကြည့်လျှင် ၎င်းနေရာမှာ တည်ရှိနေတဲ့ မြေသားသို့မဟုတ် ကျောက်သားတို့ရဲ့
ပြင်ပသက်ရောက်မှုအားနဲ့ အတွင်းမှခုခံတွန်းလှန်အားတို့ အားပြိုင်မှုပေါ်မူတည်ပြီး မြေပြို၊
တောင်ပြိုခြင်းတွေ ဖြစ်လာတာပါ။ အဆိုပါအင်အားနှစ်ခု တူညီနေသမျှ တောင်ပြို၊ မြေပြိုမှု
မဖြစ်နိုင်ပါ။ စာရေးသူ အနေနဲ့ ကင်းသာအနီးဝန်းကျင်မှ မြေပြို၊ တောင်ပြို မှုတွေကို ဖြစ်ပေါ်စေနိုင်တဲ့
ကျောက်သားတွေကို လေ့လာတဲ့အခါမှာ ကျောက်သားတွေရဲ့ ခိုင်မာမှုနဲ့ အတန်းအစား၊ ကျောက်သားတွေ
အဆက်ပြတ် အက်ကွဲရာမှ ပြိုကျပြုတ်ထွက်လာနိုင်တဲ့ ကျောက်သားရဲ့ ထုထည်၊ ပုံသဏ္ဌာန်နဲ့
ဖြစ်ပေါ် နိုင်တဲ့ တောင်ပြိုမှုနည်းလမ်းတွေကို အသေးစိတ် တိုင်းတာလေ့လာဆောင်ရွက်ခဲ့ပါတယ်။
ကျောက်သားတွေရဲ့ အဆက်မပြတ် အက်ကွဲမှုဖြစ်တဲ့နေရာမှာ
သဘာဝမူလအရ အက်ကွဲတာလည်းဖြစ်နိုင်သလို လူတို့ရဲ့ ပယောဂဖန်တီးမှုတို့ကြောင့်လည်း အက်ကြောင်းပေါ်ပေါက်လာစေနိုင်ပါတယ်။
သဘာဝအားဖြင့် အနည်ကျကျောက်နဲ့ အသွင်ပြောင်းကျောက်တို့ဆိုတာဟာ တစ်လွှာပြီးတစ်လွှာ ထပ်လျက်အနေအထားနဲ့
ဖြစ်တည်နေတာဖြစ်ပါတယ်။ အဲဒီလိုအလွှာထပ်တွေကြားနဲ့ ကျောက်သားတွေရဲ့ အဆက်ပြတ်အက်ကွဲရာတွေ
အတွင်းကို ရေတွေဝင်ရောက်ပြီး ကျောက်ခြေမွှခြင်း ဖြစ်စဉ်ကို လျင်မြန်စွာဖြစ်ထွန်းစေပြီး
ကျောက်သားခိုင်မာမှု အဆင့်အတန်း လျော့ကျလာပြီး မြေပြို၊ တောင်ပြိုမှုတွေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
နေပြည်တော် - ပင်လောင်းလမ်း ခြောက်မိုင်ဝန်းကျင်ဒေသဟာ ရေဝေချောင်းနဲ့ ကိုလုံချောင်းဆုံအနီးမှာ
တည်ရှိပြီး ဘူမိဗေဒအနေအထားအရ ရေဝေချောင်းဟာ ရေဝေပြတ်ရွေ့ကြောင်း တစ်လျှောက် စီးဆင်းဖြစ်ပေါ်နေတဲ့
ချောင်းတစ်ခု ဖြစ်ပါတယ်။ အဲဒီဒေသမှာ သက်လယ်ကပ် နှောင်းပိုင်းမှ သက်နှောင်းကပ်အစောပိုင်းသက်တမ်း
ရှိ နှမ်းဖတ်ကျောက်တွေနဲ့ လိပ်သည်းကျောက်တွေ ဟာ ပြတ်ရွေ့ထိစပ်ဇုန်အသွင် ဖြစ်ပေါ်နေပါတယ်။
နှမ်းဖတ်ကျောက်တွေမှာ ကျောက်သားခိုင်မာမှု
အလွန်မြင့်မားသော်လည်း ရာသီဥတုကြောင့် ကျောက်ခြေမွှခြင်း ဖြစ်စဉ်နဲ့ မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့အတူ
ကျောက်သားအဆက်ပြတ် အက်ကွဲကြောင်းတွေအတွင်း ရေဝင်ရောက်မှုကြောင့် ကျောက်သားတွဲဆက်ခိုင်မာမှုအား
ကျဆင်းလာပြီး ကြီးမားလုံးဝန်းတဲ့ ကျောက်တုံးကျောက်ခဲကြီးတွေ ပြိုကျပြုတ်ထွက် လိမ့်ဆင်းလာရခြင်း
ဖြစ်ပါတယ်။ ဒီလို ကျောက်ခြေမွှခြင်း ဖြစ်စဉ်နဲ့ ကျောက်သား အဆက်ပြတ်အက်ကွဲမှုအတွင်း
ရေများဝင်ရောက်ခဲ့ခြင်းတို့ကြောင့် နေပြည်တော်-ပင်လောင်းလမ်း ခုနစ်မိုင် ပတ်ဝန်းကျင်ဒေသ
ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေမှာ တောင်ကျချောင်းရေနဲ့အတူ ကျောက်တုံးကျောက်ခဲကြီးတွေ
မျောပါလာတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သဘာဝတောတောင်တွေ တဖြည်းဖြည်းပျောက်ဆုံးလာခြင်း၊
ရာသီဥတုပြောင်းလဲမှု ပြင်းထန်လာခြင်း၊ တောင်ကုန်း၊ တောင်စောင်းတွေရဲ့ မြေသားတည်ငြိမ်မှုကို
မြေကြီးအတွင်းရှိ ရေရဲ့ဖိအားက ပြောင်းလဲစေသဖြင့် ရေကြီးခြင်း၊ တောင်ပြိုခြင်းနဲ့ ကမ်းပါး
ပြိုခြင်းတို့ ထိခိုက်ခံစားရခြင်း ဖြစ်ပါတယ်။
မြေပြို၊ တောင်ပြိုခြင်းကို ကြိုတင်ကာကွယ်တားဆီးနိုင်ဖို့
လူတိုင်းအလွယ်တကူ ဆောင်ရွက်နိုင်တဲ့ နည်းလမ်းကောင်းမှာ နှစ်ရှည်သစ်ပင်ကြီးတွေကို မိမိတို့အခြေချနေထိုင်ရာ
မြို့ရွာတွေရဲ့ အနီးတစ်ဝိုက်မှာ စနစ်တကျ စိုက်ပျိုးခြင်းပင်ဖြစ်ပါတယ်။ နှစ်ရှည်သစ်ပင်ကြီးတွေဟာ
အပင်အရွယ်အစားနဲ့ အပင်အသက်တို့အလိုက် အပင်ပတ်လည် တစ်ဝိုက်ပေပေါင်းရာနဲ့ချီပြီး မြေသားလွှာတွေကို
ကျစ်လျစ်အောင် ကုပ်ယူထိန်းသိမ်းပေးထားနိုင်စွမ်းရှိပြီး မြေဆီလွှာ တိုက်စားခံရခြင်းကိုလည်း
ကောင်းစွာကာကွယ်ပေးနိုင်သလို အရှိန်အဟုန်ပြင်းစွာ စီးဆင်းဝင်ရောက်လာတဲ့ ရေထုကြီးကိုလည်း
တားဆီးကာကွယ်ပေးနိုင်လို့ မြစ်ရေ၊ ချောင်းရေတွေကြောင့် ရုတ်တရက်ရေကြီးရေလျှံ ဖြစ်ပေါ်ခြင်းကို
နှောင့်နှေးကြန့်ကြာအောင် ထိန်းသိမ်း နိုင်စွမ်းရှိပါတယ်။ သို့ဖြစ်၍ လူနေမြို့ရွာများအတွင်းနဲ့
အနီးတစ်ဝိုက်မှာ နှစ်ရှည်ပင်ကြီးတွေကို စနစ်တကျ ရှင်သန်အောင် တိုးချဲ့စိုက်ပျိုးခြင်းနဲ့
ရှိပြီးသားနှစ်ရှည်ပင်ကြီးတွေကို မည်သည့်အကြောင်းနှင့်မျှ ခုတ်လှဲဖြိုဖျက်မှု မပြုကြခြင်းဖြင့်
သဘာဝဖြစ်စဉ်ကြောင့်ဖြစ်ရတဲ့ မြေပြိုခြင်းကို အတိုင်းအတာတစ်ရပ်အထိ ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။
သဘာဝဘေးအန္တရာယ်သည် လူသားတို့ကို တစ်နေ့တခြား
ပိုမိုခြိမ်းခြောက်လာနေပါတယ်။ အထူးသဖြင့် မိုးရာသီမှာ ရေကြီးရေလျှံခြင်းအပါအဝင် သဘာဝဘေးအမျိုးမျိုးကို
ရင်ဆိုင်ကြုံတွေ့ရလေ့ရှိပါတယ်။ သဘာဝဘေးအန္တရာယ်တွေကို ရှောင်လွှဲလို့မရနိုင်ပေမယ့်
ထိခိုက်ဆုံးရှုံးမှုအနည်း ဆုံးဖြစ်စေရေးနဲ့ ပျက်စီးဆုံးရှုံးမှု သက်သာစေရေးအတွက် သက်ဆိုင်သူအားလုံး
ပူးပေါင်းဆောင်ရွက် ကြရမှာဖြစ်ပါတယ်။ ပညာရှင်တွေအနေနဲ့ ပညာပေး လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမှာဖြစ်ပါတယ်။
မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်ရဲ့ ပထဝီအနေအထားကိုလည်း လေ့လာထားကြရမှာဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာ
ဒီလိုအားနည်းချက်တွေရှိခဲ့လို့ မမျှော်လင့်ဘဲ ရေဘေးကြုံခဲ့ရတယ်ဆိုတဲ့ အတွေ့အကြုံကို
သင်ခန်းစာယူကြရမှာ ဖြစ်ပါတယ်။ ကုန်းမြင့်မှာနေသည်ဖြစ်စေ၊ မြေနိမ့်ပိုင်းမှာနေသည်ဖြစ်စေ
သဘာဝဘေးအန္တရာယ် ကြုံတွေ့ တတ်ပါတယ်။ ကျောက်စိုင်ကျောက်သားဆိုတာမျိုးတွေကလည်း အလွန်ပြင်းထန်တဲ့
ရေစီးဒဏ်နဲ့ အဆက်မပြတ် ရွာသွန်းတဲ့ မိုးဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ ခက်ခဲလှပါတယ်။ မမေ့မလျော့
မပေါ့ဆတဲ့ အသိနဲ့ သတိတရားလက်ကိုင်ထားပြီး အဲဒီလိုမျိုးကြုံခဲ့ရင်ဆိုတဲ့ ကြိုတင်တွေးခေါ်မြော်မြင်မှုနဲ့အတူ
အမြဲတမ်းအသင့် အနေအထားမှာ ပြင်ဆင်ထားကြရမှာ ဖြစ်ပါတယ်။ အလားတူ ပြည်သူတွေအနေနဲ့လည်း
မိုးလေဝသ သတင်းတွေကို အမြဲတမ်းနားစွင့်နေကြရမှာဖြစ်ပြီး တောင်ပြို၊ မြေပြိုခြင်းနဲ့
ရေကြီးရေလျှံခြင်းတွေနဲ့ ပတ်သက်တဲ့ အသိပညာပေး စာစောင်တွေကို နိုင်ငံတော်အစိုးရက ကျယ်ကျယ်ပြန့်ပြန့်ထုတ်ပြန်နေတဲ့အတွက်
လေ့လာဖတ်ရှုထားသင့်ကြောင်း တိုက်တွန်းရင်း ပြည်သူများအားလုံး သဘာဝဘေးအန္တရာယ်မှ ကင်းဝေးကြစေရန်
ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်။
No comments