အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၌ ဟာရီကိန်းမုန်တိုင်း မီလ်တန် တိုက်ခတ်

ဝါရှင်တန်၊ အောက်တိုဘာ ၁၁
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၌
အောက်တိုဘာ ၉ ရက်မှစတင်၍ ဟာရီကိန်းမုန်တိုင်း မီလ်တန် ဝင်ရောက်တိုက်ခတ်မှုကြောင့် မြေပြိုမှုများ
ဖြစ်ပွားခဲ့ကြောင်း ယမန်နေ့ ဆင်ဟွာသတင်းအရ သိရသည်။
ပြည်နယ်အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်းဒေသများ၌
မုန်တိုင်းဝင်ရောက်မှုကြောင့် လေပြင်း တိုက်ခတ်ခြင်းနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။
အဆိုပါ မုန်တိုင်းတိုက်ခတ်ပြီးနောက် လူနေ အိမ်ခြေများနှင့် စီးပွားရေးလုပ်ငန်းစုစုပေါင်း
သုံးသန်းနီးပါး လျှပ်စစ်မီးပြတ်တောက်ခဲ့သည်။ ဖလော်ရီဒါ ပြည်နယ် တန်ပါဒေသတွင် လေတိုက်နှုန်း
တစ်နာရီ လျှင် ၁၁၉ ကီလိုမီတာအထိရှိခဲ့ကြောင်း အမျိုးသား ဟာရီကိန်းစင်တာက ပြောကြားသည်။
ဖလော်ရီဒါပြည်နယ် စိန့်ပီတာစဘတ်ဒေသတွင် ပြီးခဲ့သည့် တစ်ရက်အတွင်း မိုးရေချိန် ၁၆ လက်မအထိ
ရွာသွန်း ခဲ့သည်။
ပြည်နယ်အတွင်းရှိ ဒေသများတွင် ဒေသခံများထိခိုက်သေဆုံးမှုများရှိကြောင်း
ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး ရော်နယ်ဒီဆန်းတစ်က ပြောကြား သည်။ ဖလော်ရီဒါပြည်နယ်
စိန့်စ်လူစီကောင်စီတွင် မုန်တိုင်း၏ နောက်ဆက်တွဲအဖြစ် လေဆင်နှာမောင်းတိုက်ခတ်ခဲ့သဖြင့်
ဒေသခံအများအပြား သေဆုံးခဲ့ကြောင်း သိရသည်။ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် ယခုနှစ်အတွင်း
လက်ရှိအချိန်အထိ ဟာရီကိန်းမုန်တိုင်း သုံးခု တိုက်ခတ်ခဲ့သည်။
ဖလော်ရီဒါပြည်နယ်မှ ဒေသခံများအား သဘာဝဘေးဆိုင်ရာညွှန်ကြားချက်များကို
လိုက်နာဆောင်ရွက်ရန် အမေရိကန်သမ္မတဘိုင်ဒင်က ညွှန်ကြားခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-စိုးသူရ
No comments