အခြေခံစားကုန် ဆန်စပါးဈေးနှုန်း သင့်တင့်မျှတရေးဆောင်ရွက်
မြန်မာနိုင်ငံသည် ဆန်စပါး အဓိကစိုက်ပျိုးထုတ်လုပ်သော
နိုင်ငံဖြစ်သည်။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူအားလုံး၏ အဓိကစားသုံးကုန်မှာဆန်ဖြစ်သည်။
ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်ပြီး စိုက်ပျိုးထုတ်လုပ်မှု စရိတ်နှင့်
ဈေးကွက်ပေါက်ဈေး လျော်ကန်သင့်မြတ်ပါမှ တောင်သူလယ်သမားများ အကျိုးစီးပွား ဖြစ်ထွန်းမည်ဖြစ်သည်။
တောင်သူလယ်သမားများ အဆင်ပြေပြီး ဈေးကွက်တည်ငြိမ် သင့်တင့်မျှတပါမှ စားသုံးသူအခြေခံပြည်သူများပါ
လူမှုစီးပွားဘဝ ချောမွေ့စေမည်ဖြစ်သည်။
ဆန်စပါးသည် မြန်မာနိုင်ငံ၏ အဓိကကျသည့်
စားသုံးကုန်သီးနှံဖြစ်သလို မဟာဗျူဟာမြောက်သည့် စိုက်ပျိုးရေး ထွက်ကုန်ဖြစ်သည်။ တစ်နိုင်ငံလုံးရှိ
သီးနှံစိုက်ပျိုးရေး ဧရိယာအားလုံး၏ ၃၄ ရာခိုင်နှုန်း၊ စိုက်ဧက အားလုံးအားဖြင့် စပါးဧက
၁၇ သန်းခန့် နှစ်စဉ်စိုက်ပျိုးပြီး ထွက်ရှိလာသည့် စပါးသီးနှံ၏ ၈၀ ရာခိုင်နှုန်းကို
ပြည်တွင်း စားသုံးမှုနှင့်စားသောက်ကုန်အမျိုးမျိုးထုတ်လုပ်မှုတွင် အသုံးပြုသည်။ ကျန်
၂၀ ရာခိုင်နှုန်းခန့်ကိုသာ ပြည်ပသို့တင်ပို့လျက်ရှိသည်။
ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်ရေးအတွက်
တောင်သူလယ်သမားများသည် အရေးပါသည့် အရင်းအမြစ်များ ဖြစ်ပြီး ရေ၊ မြေ၊ ရာသီဥတုကောင်းမွန်မှုအပေါ်တွင်မူတည်၍
သွင်းအားစုတန်ဖိုးများ သင့်တင့်မျှတအောင် ဆောင်ရွက်ပေးခြင်းဖြင့် တိုးတက်ဖြစ်ထွန်းမှုများရှိလာမည်။
ထွက်ရှိလာသည့် ဆန်စပါးများကို ဝယ်ယူသိုလှောင်ခြင်း၊ ဈေးကစားခြင်းတို့ပြုလုပ်၍ အမြတ်အစွန်းပိုမိုရရှိအောင်
ပြုလုပ်ခြင်းသည် စီးပွားရေးတွင် ကမောက်ကမဖြစ်စေသလို စားသုံးသူပြည်သူများ အနေဖြင့် အခက်အခဲ
အကျပ်အတည်းများ ဖြစ်စေသည်။ ထို့ကြောင့် တောင်သူလယ်သမားများ
အကျိုးစီးပွားကို အစဉ်အမြဲရှေးရှု ဆောင်ရွက်ပေးပြီး ဆန်ဈေးနှုန်း တည်ငြိမ်မှုရှိအောင်
ဆောင်ရွက်ပေးလျက်ရှိသည်။
ဆန်ဈေးနှုန်းမြင့်တက်ရသည့် အခြေခံအကြောင်းရင်းများတွင်
ပြီးခဲ့သည့်စပါးပေါ်ချိန်ရာသီ၌ ရာသီဥတု ဖောက်ပြန်ခြင်း၊ ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာတို့အပါအဝင်
သွင်းအားစုများ ဈေးနှုန်းမြင့်တက်ခြင်း၊ လယ်ယာလုပ်အားခနှုန်းထားများ မြင့်မားလာခြင်းနှင့်
ဆန်စပါးစိုက်ပျိုးသည့်ဒေသများတွင် မတည်ငြိမ်မှုများ ဖြစ်ပေါ်နေခြင်းတို့ကြောင့်ဖြစ်ပြီး
အဓိကကျသည့်အကြောင်းရင်းတစ်ခုမှာ ဈေးကွက်တွင်
ငွေကြေး အလုံးအရင်းဖြင့် ဝယ်ယူသိုလှောင်ဈေးကစားခြင်းဖြစ်သည်။ ဆန်စပါးကဏ္ဍတွင် မူလစိုက်ပျိုးထုတ်လုပ်သည့်
တောင်သူလယ်သမားများအတွက် သွင်းအားစုကုန်ကျစရိတ်များနှင့် လျော်ညီသည့် စပါးဈေးနှုန်း၊
ဝယ်ယူကြိတ်ခွဲ သိုလှောင်ရောင်းချသူများအနေဖြင့် သင့်တင့်မျှတသည့် အကျိုးအမြတ်ယူမှသာ
စားသုံးသူပြည်သူများ အဆင်ပြေမည်ဖြစ်သည်။
ယခုအခါ နိုင်ငံခြားငွေကြေးဈေးကွက်မြင့်မားမှုကို
အကြောင်းပြု၍ ဆန်စပါးကဏ္ဍ သွင်းအားစုဈေးနှုန်းများ မြင့်မားလာခြင်းနှင့်အတူ ဈေးကွက်ဈေးနှုန်းများ
မြှင့်တင်မှုကြောင့် ထုတ်လုပ်သူတောင်သူလယ်သမားများနှင့် စားသုံးသူပြည်သူများ အခက်အခဲဖြစ်လာခဲ့သည်။
ထို့ကြောင့် ဆန်စပါးကဏ္ဍတွင် အဓိကကျသည့် တောင်သူ လယ်သမားများ အခက်အခဲမဖြစ်စေရေးအတွက်
တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဦးဆောင်အဖွဲ့က
အောက်တိုဘာလ ၁၉ ရက်နေ့တွင် အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို ထုတ်ပြန်အသိပေးကြေညာခဲ့သည်။
ပြောင်းလဲလာသောအခြေအနေအလိုက် ယခင်ကလည်း အခြေခံရည်ညွှန်း စပါးဈေးနှုန်း ထုတ်ပြန်ခဲ့ဖူးသည်။
အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိ၍ အဖျင်း၊
အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည် အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့်
တစ်တင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ၏ အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းကို ကျပ်ကိုးသိန်းခွဲ
သတ်မှတ်လိုက်သည်။ ဈေးကွက်ပေါက်ဈေးသည် အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းအပေါ်တွင်ဖြစ်ပါက
ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရန်နှင့် ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်းစပါးဈေးနှုန်း
အောက်တွင်ဖြစ်ပါက အခြေခံဈေးနှုန်းအတိုင်း ဝယ်ယူရမည်ဖြစ်သည်။
ယခုသတ်မှတ်လိုက်သော အခြေခံရည်ညွှန်းစပါးဈေးနှုန်း သည် ၂၀၂၄ ခုနှစ် မိုးစပါးနှင့် ၂၀၂၅
ခုနှစ် နွေစပါးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အနေဖြင့် အများပြည်သူအကျိုးစီးပွားကိုရှေးရှုပြီး
အခြေခံကျသည့် ဆန်စပါးကဲ့သို့ စားသုံးကုန်ပစ္စည်း ဈေးနှုန်းများကို စောင့်ကြည့်စစ်ဆေးထိန်းညှိ
ပေးလျက်ရှိသည်။ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို
ပြဋ္ဌာန်းထားပြီး ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ စပါး သီးနှံစိုက်ပျိုးထုတ်လုပ်သော
တောင်သူလယ်သမားများအတွက် သင့်တင့်မျှတသော ဈေးနှုန်းနှင့် ဈေးကွက်ဖြစ်ပေါ်စေရေးအတွက်
စပါးသီးနှံများ၏ အခြေခံရည်ညွှန်းဈေးကို အခြေအနေအချိန်အခါနှင့် လျော်ညီစွာ သတ်မှတ်လိုက်ရာ
စပါးစိုက်ပျိုး ထုတ်လုပ်သူ တောင်သူလယ်သမားများ၊ ရောင်းဝယ်ဖောက်ကား ကုန်သည်များနှင့်
စားသုံးသူပြည်သူများအတွက် သင့်တင့်မျှတသည့်ဈေးကွက်တစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဟု မျှော်လင့်ပါကြောင်း။
ကြေးမုံ

No comments