ရည်မှန်းချက်များ အောင်မြင်နိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးသည် အရေးကြီး ပြီးပြည့်စုံသည့် လုံခြုံရေးဟူ၍ မရှိသဖြင့် ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်မှသာ လုံခြုံရေးသည် ပိုမိုခိုင်မာအားကောင်းနိုင်မည်





 

နေပြည်တော်    အောက်တိုဘာ    ၁၅

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများအား အောက်တိုဘာ ၁၄ ရက် ညနေပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ သွားရောက်တွေ့ဆုံ၍ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီး ဝန်ကြီးများက တိုင်းဒေသကြီး အတွင်းရှိ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ဒေသတွင်း စိုက်ပျိုးမွေးမြူရေးနှင့် MSME လုပ်ငန်းများအတွက် ချေးငွေများ ထုတ်ချေးထားမှု၊  ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍအလိုက် ဒေသဆိုင်ရာ အချက်အလက်များ၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအတွက် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှု၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းများတွင် ဌာနဆိုင်ရာအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိမှု၊ နယ်မြေ ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အတူတကွ ဝိုင်းဝန်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် အခြားဆောင်ရွက်နေမှုများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြသည်။

 

ဆွေးနွေးတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အမှာစကား ပြောကြားရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို စတင်ထမ်းဆောင် ခဲ့ရစဉ်ကပင် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို ချမှတ်ဆောင်ရွက်ခဲ့ပြီး အန္တိမရည်မှန်းချက် အနေဖြင့် လွတ်လပ်ပြီးတရား မျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြီး အနိုင်ရသည့်အစိုးရကို နိုင်ငံတော်၏အာဏာ လွှဲပြောင်းပေးအပ်ရေးပင်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက်လည်း ကြိုးပမ်းပြင်ဆင်လျက်ရှိပါကြောင်း၊ အဆိုပါရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးသည် အရေးကြီးမှု၊ နယ်မြေလုံခြုံရေးနှင့် ပတ်သက်၍ ပြီးပြည့်စုံသည့် လုံခြုံရေးဟူ၍ မရှိသဖြင့် ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်မှသာ လုံခြုံရေး သည် ပိုမိုခိုင်မာအားကောင်းနိုင်မည်ဖြစ်သည့် အခြေအနေများ၊ ပြည်သူ့ ဝန်ထမ်းများအနေဖြင့် လုံခြုံရေး အသိ၊ လုံခြုံရေးသတိရှိစွာဖြင့် ပူးပေါင်းဆောင်ရွက်ပါက လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုများကို တားဆီးနိုင်မည်၊ လျော့ကျစေနိုင်မည်ဖြစ်သည့် အခြေအနေများ။

 

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းထားခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများအလိုက် စနစ်တကျဖွဲ့စည်းထားရန်၊ ပြည်သူအားလုံး ပါဝင်ပူးပေါင်း လာစေရေးအတွက်လည်း စည်းရုံးဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများ၊ ထို့ပြင် အဆိုပါအဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးအသိအမြင်များ အမြဲမပြတ်ရှိနေရန် လိုအပ်သည့် အခြေအနေများ၊ အကြမ်းဖက်သမားများအနေဖြင့် မိမိတို့ရပ်ကွက်၊ ကျေးရွာများသို့ စိမ့်ဝင်ရောက်မှု မရှိစေရေး၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နိုင်မှုမရှိစေရေးတို့အတွက် သက်ဆိုင်ရာ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်များက ပြည်သူလူထုနှင့်အတူ ပူးပေါင်း၍ လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် စောင့်ကြည့်နေရန် လိုအပ်သည့် အခြေအနေများ၊ ပြည်သူလူထု ပူးပေါင်းပါဝင်မှသာလျှင် လုံခြုံရေးသည် ခိုင်မာအားကောင်းနိုင်မည်ဖြစ်ကြောင်းနှင့် မြို့နယ်များ၊ ရပ်ကွက်၊ ကျေးရွာများအလိုက် တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ဘဝလုံခြုံရေးအတွက်သက်ဆိုင်ရာ တာဝန်ရှိသူများက မှန်မှန်ကန်ကန်ဖြင့် ကြပ်မတ်ဆောင်ရွက်နေရန် လိုအပ်သည့် အခြေအနေများ။

 

ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ အခြေခံလိုအပ်ချက်များ ကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက အချိန်မီဖြည့်ဆည်းပံ့ပိုးပေးနိုင်ရေး စီမံဆောင်ရွက်ပေးရန်၊ မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပျက်စီးဆုံးရှုံးနိုင်သည့် သီးနှံများ အတွက် အချိန်မီအစားထိုး ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့်များအပြင် အခြားလိုအပ်သည်များကိုလည်း စီမံဆောင်ရွက်ထားရန် လိုအပ်သည့် အခြေအနေများ၊ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပတ်သက်၍ စာရင်းကောက်ယူခြင်းမှ ရရှိလာသည့် ရလဒ်များသည် နိုင်ငံအတွက်အရေးပါသည့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးအပါအဝင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့များ၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရမည့် တာဝန်ရှိအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး အထောက်အကူပြုနိုင်ရန်နှင့် နိုင်ငံ၏ ပကတိ အခြေအနေကိုရရှိရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရရှိသည့်အချက်အလက်များသည် ပြည်သူတစ်ဦးချင်းမှစ၍ နိုင်ငံသူ နိုင်ငံသား အားလုံးအတွက် အကျိုးကျေးဇူးရရှိနိုင်မည် ဖြစ်သည့်အတွက် ပြည်သူများကလည်း ယခုထက် ပိုမိုပါဝင်ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်မှု အခြေအနေဖြင့် သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများ ရာနှုန်းပြည့် အောင်မြင်စွာ ကောက်ယူနိုင်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လုပ်အားဒါနဖြင့် တာဝန်ယူ ကောက်ခံနေကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များက သတ်မှတ် ကောက်ကွက်များအလိုက် အတတ်နိုင်ဆုံး ပြည့်မီအောင် ကြိုးပမ်းကောက်ယူသွားကြရန်နှင့် စာရင်း ကောက်ယူရာတွင် လိုအပ်သည့် အခြေခံအချက်အလက်များကို ပြည်သူများက ပြည့်စုံမှန်ကန်စွာ ဖြေကြားနိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးပေးခြင်းဖြင့် အသိပညာ၊ ဗဟုသုတများ မျှဝေပေးနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်သည့်အခြေအနေများနှင့် ပတ်သက်၍ ပြောကြားပြီး အခြားလိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။

 

ထို့အပြင် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် စစ်ကိုင်းတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက် တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှု ဂုဏ်ပြု အားပေးစကားပြောကြားသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် မုံရွာမြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံသို့ ရောက်ရှိကြရာ ဆေးရုံ တပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။


 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အဖွဲ့ဝင်များသည် မုံရွာမြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား တစ်ဦးချင်း လိုက်လံတွေ့ဆုံ၍ ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ဆေးဝါးကုသမှုပေးထားသည့်အခြေအနေများ၊ ရောဂါကုသ ပျောက်ကင်းသက်သာမှု အခြေအနေများနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းကာ အားပေးစကားပြောကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ ထောက်ပံ့ပစ္စည်းများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဆိုပါဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြု ချီးမြှင့်ငွေများကို ပေးအပ်သည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဝန်းသိုတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ ရဲမေများနှင့် မိသားစုဝင်များအား သီးခြားစီ သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်းများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

 သတင်းစဉ်

 

No comments

Powered by Blogger.