နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အလယ်အလတ်အဆင့်အရာထမ်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ



ရန်ကုန်၊ အောက်တိုဘာ ၁၄  


အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ်(၁၂) သင်တန်းဖွင့်ပွဲအခမ်းအနားကိုယ နေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ဦးကျော်ထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား/စီမံဌာနများမှ ဆရာ၊ ဆရာမများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။


သင်တန်းဖွင့်ပွဲတွင် ပါမောက္ခချုပ် ဦးကျော်ထွေးက သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးတွင် အလယ်အလတ်အဆင့် အရာထမ်းများအဖြစ် အဓိကကဏ္ဍကနေ တာဝန်ယူ ဆောင်ရွက်ကြရသည့် အရာထမ်းများ၏ အရည်အသွေးတိုးတက်ပြီး ပေးအပ်သော တာဝန်များကို ခံယူချက်၊ ယုံကြည်ချက်ခိုင်မာစွာဖြင့် ကျေပွန်စွာထမ်းဆောင်နိုင်စေရန်၊ နိုင်ငံတော်အတွက် အားကိုးယုံကြည်ရပြီး အနာဂတ်မှာ အဆင့်မြင့် တာဝန်များကို ထမ်းဆောင်နိုင်စေရန် ရည်ရွယ်လေ့ကျင့်ပေးခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းများကို လေ့ကျင့်ပေးရာတွင် သမိုင်းကြောင်းအတွေ့ အကြုံပေါ်မူတည်ပြီး ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့ဝန်ထမ်းများ စွမ်းရည်မြင့်မားရေး၊ ခေတ်နှင့်အညီ ပြောင်းလဲလာသည့် စီမံခန့်ခွဲရေးဆိုင်ရာအယူအဆနှင့် အတွေ့အကြုံ များကို လေ့လာသိရှိပြီး မိမိတို့၏လုပ်ငန်းတာဝန်များကို ထိရောက်ထက်မြက်စွာ ဆောင်ရွက်တတ်စေရန်၊ နိုင်ငံ့ဝန်ထမ်းများ သိရှိလိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ၊ ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် ခေါင်းဆောင်မှု သဘောတရား များကို သိရှိနားလည်စေရန်၊ ပြည်တွင်း၊ ပြည်ပနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများကို လေ့လာဆည်းပူးနိုင်စေရန် ဦးတည်လေ့ကျင့်ပေး လျက်ရှိပါကြောင်း၊ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်၏ အနာဂတ်ခေါင်းဆောင်များ ဖြစ်ကြသဖြင့် ကောင်း၍ စွမ်းရည်ထက်မြက်သော လူကောင်းလူတော် များဖြစ်လာစေရန် မိမိတို့၏ အတွေးအခေါ်နှင့် ခံယူချက်များကို လိုက်လျောညီထွေရှိအောင် ပြုပြင်ပြောင်းလဲကြရန်၊ မိမိတို့ လေ့လာရရှိသည့် ပညာဗဟုသုတ၊ အသိပညာ၊ အတတ်ပညာများကို လက်အောက်ဝန်ထမ်းများအား ဆက်လက်မျှဝေ ပေးကြရန် တိုက်တွန်းမှာ ကြားသည်။


 အလယ်အလတ်အဆင့် အရာထမ်းသင်တန်း၊ အမှတ်စဉ်(၁၂)ကို ၂၀၂၄ခုနှစ် အောက်တို ဘာ ၁၄ ရက်မှ  ၂၀၂၅ ခုနှစ် မတ်၅ ရက်ထိ သင်တန်းသား(၄၇)ဦး၊ သင်တန်းသူ(၅၄)ဦး၊ စုစုပေါင်း (၁၀၁)ဦးဖြင့် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.