ကျောက်ဆည်မြို့ ဆင်အကအလှပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ဆင်(၁၀)စီး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ဆင်များ အဖွဲ့လိုက် ကြိုတင်လေ့ကျင့်လျက်ရှိ

 



ကျောက်ဆည် အောက်တိုဘာ ၁၄


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲကို ရိုးရာအစဉ်အလာမပျက် သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့ ရွှေသာလျောင်းတောင်ခြေ ဆင်အက၊ အလှပြိုင်ကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ယခုနှစ် ဆင်အကအလှပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ဆင် (၁၀)စီး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ဆင်များ အဖွဲ့လိုက် ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


ဆင်အကအလှပြိုင်ပွဲတွင် ဘော်ကြယ်ဆင် (၃)စီး၊ ရိုးရာဆင် (၃)စီး၊ ကလေးဆင် (၂)စီး၊ သဘာဝ တီထွင်ဆန်းသစ်မှုဆင် (၂)စီး စုစုပေါင်း (၁၀)စီး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပွဲတော်ကြီး စည်ကားသိုက်မြိုက်ရေး ဖျော်ဖြေရေးဆင် အကောင်ရေအစီး (၅၀)တို့မှလည်း မြို့မဈေးကြီးအား (၃)ပတ်ပတ်၍ ကပြဖျော်ဖြေ ကပြသွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင်ဆင်အဖွဲ့များအနေဖြင့် ဆင်အကတိုက်ခြင်း၊ ဆင်အလှဆင်ခြင်း၊ ပြိင်ပွဲဝင်သီချင်းများ ကိုယ်တိုင်ရေးစပ်ခြင်း၊ မြန်မာ့ရိုးရာ ဒိုတ်ပတ်အဖွဲ့များနှင့် ဇာတ်တိုက် သီဆိုခြင်းများအပြင် တူညီဝတ်စုံများ ရွေးချယ်ချုပ်လုပ်ခြင်းများ ကြိုတင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။


ဆင်ပွဲတော်ဖြစ်ပေါ်လာခြင်းမှာ အနော်ရထာမင်းကြီးသည် ကျောက်ဆည်ဒေသတွင် သာသနာတော် ပြန့်ပွားရေး ဆင်မယဉ်သာ ဆင်ဖြူတော်ပေါ်တွင် ဗုဒ္ဓစွယ်တော်ရုပ်ပွားတော်အား ပင့်ဆောင်စေလွှတ်ရာ ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်ပေါ်တွင် ဆင်ဖြူတော် ခေတ္တနားသည့်အတွက် ဆုတောင်းပြည့်စေတီတော် တည်ထားကိုးကွယ်ခဲ့ပြီး နှစ်စဉ် သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့တွင် ဆင်ရုပ်များဖြင့် ပူဇော်ပွဲကျင်းပစေခဲ့ရာမှ ၁၉၂၀ ပြည့်နှစ်နောက်ပိုင်းတွင် ဝါးဖြင့်ဆင်အရုပ်များထဲတွင် လူဝင်၍ရအောင် ပြောင်းလဲပြုလုပ်လာ၍ မြေနင်းဆင်ရုပ်များဖြင့် ပူဇော်ခဲ့ရာမှ ဆင်အကအလှပြိုင်ပွဲ ပေါ်ပေါက်လာကြောင်း သိရသည်။


သက်မောင်(ကျောက်ဆည်)



No comments

Powered by Blogger.