မြန်မာနိုင်ငံ “စီးပွားရေးပညာ နှစ် (၁၀၀)” ရာပြည့် အထိမ်းအမှတ် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော် အောက်တိုဘာ ၁၂ 


မြန်မာနိုင်ငံ “စီးပွားရေးပညာရပ် (Economics) သင်ကြားမှု နှစ်(၁၀၀)” ရာပြည့် အခမ်းအနားကို နိုင်ငံတော်အဆင့်ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ မြန်မာနိုင်ငံ စီးပွားရေးပညာရပ် (Economics) သင်ကြားမှု (၁၉၂၄-၂၀၂၄) နှစ် (၁၀၀) ရာပြည့် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးဆောင်ကော်မတီ ညှိနှိုင်းအစည်းအဝေးကို Hybrid စနစ်ဖြင့် ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပြီး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ မြန်မာနိုင်ငံ “စီးပွားရေးပညာရပ် (Economics) သင်ကြားမှုနှစ် (၁၀၀)” ရာပြည့် အခမ်းအနားတွင် စာတမ်းဖတ်ပွဲများ၊ ပြခန်းများ ထည့်သွင်း၍ ၂ ရက်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ စာတမ်းများကို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်‌ရေး၊ တည်ဆောက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ အရည်အသွေး ပြည့်မီသော၊ နိုင်ငံတော်တည်ဆောက်ရေးတွင် အထောက်အကူ ပြုနိုင်သော စာတမ်းများဖြစ်စေရေး ဆောင်ရွက်ပေးကြရန် စာတမ်းရှင်များကို တိုက်တွန်းပြောကြားခဲ့သည်။


မြန်မာနိုင်ငံတွင် စီးပွားရေးပညာရပ် သင်ကြားခဲ့မှုသည် ၂၀၂၄ ခုနှစ်တွင် နှစ် (၁၀၀) ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ စီးပွားရေးပညာ နှစ် (၁၀၀) ရာပြည့်အထိမ်းအမှတ် အခမ်းအနား ကို “စီးပွားရေးပညာ နှစ်(၁၀၀)၊ ပြည်သူ့အကျိုးတို့သယ်ပိုး” ဟူသော ဆောင်ပုဒ်နှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်


No comments

Powered by Blogger.