နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ၏ ဗုဒ္ဓဝင်ဆယ်ဘွဲ့လာ မဟာဇနကဇာတ်တော်ကြီးပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး



နေပြည်တာ် အောက်တိုဘာ ၁၈


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်တို့သည် ယနေ့ ညပိုင်းတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီရှိ လဟာပြင်ဇာတ်ရုံ၌ ကျင်းပလျက်ရှိသည့် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဗုဒ္ဓဝင်ဆယ်ဘွဲ့လာ မဟာဇနကဇာတ်တော်ကြီးပြိုင်ပွဲသို့ တက်ရောက် ကြည့်ရှုအားပေးသည်။


အဆိုပါပြိုင်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီးတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အကဲဖြတ်ဒိုင် အဖွဲ့ဝင်များ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် တိုင်းရင်းသားညီအကို မောင်နှမများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် သဘင်ကိုချစ်မြတ်နိုးကြ သည့် မိဘပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီး နှင့်အဖွဲ့ဝင်တို့သည် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြုရွှေရန်ကုန်တိုင်း ဇာတ်အလှ သဘင်ဇာတ်တော်ကြီးအဖွဲ့က မူရင်းမဟာဇနကဇာတ်တော်ကြီး တီးလုံးတီးချက် အကအလှများနှင့်အတူ မြန်မာ့ဇာတ်သဘင်ဇာတ်စာ၊ ဇာတ်စကား၊ ဆို၊ ငို၊ ပြော ပညာရပ်များနှင့်ပေါင်းစပ်၍ ယှဉ်ပြိုင်ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြသည်။

ယှဉ်ပြိုင်မှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီး တို့သည် အကဲဖြတ်ဆောင်ရွက်ပေးနေသည့် အကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။


၂၀၂၄ခုနှစ်၊ (၂၅)ကြိမ် မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို အက၊ အရေး၊ အတီးပြိုင်ပွဲ၏ မဟာဇနကဇာတ်တော်ကြီးပြိုင်ပွဲကို အောက်တိုဘာ ၁၄ ရက်က ဧရာဝတီတိုင်း ဒေသကြီးကိုယ်စားပြု မဟာဧရာဇာတ်တော် ကြီးအဖွဲ့ကလည်းကောင်း၊ အောက်တိုဘာ ၁၅ ရက်တွင် မကွေးတိုင်းဒေသကြီး ကိုယ်စားပြု ဖန်ခါးမြေဇာတ်တော်ကြီးအဖွဲ့က လည်းကောင်း၊ အောက်တိုဘာ ၁၆ ရက်တွင် မွန်ပြည်နယ် ကိုယ်စားပြု မင်းနိုင်စိုးဇာတ်တော်ကြီးအဖွဲ့ကလည်းကောင်း၊ အောက်တို ဘာ ၁၇ ရက်တွင် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြုမန်းမြို့ဂုဏ်ရည်ဇာတ်တော်ကြီး အဖွဲ့ကလည်း ကောင်း ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြုရွှေရန်ကုန်တိုင်း ဇာတ်အလှသဘင်ဇာတ်တော်ကြီးအဖွဲ့တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အောက်တိုဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ပဲခူးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ သက်ဆိုင်ရာကိုယ်စားပြု ဇာတ်တော်ကြီးအဖွဲ့များက ဆက်လက်ပါဝင် ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments

Powered by Blogger.