ပြည်တွင်းသုံးငွေစက္ကူများ သစ်လွင်သန့်ရှင်းမှုရှိစေရေးနှင့် ငွေစက္ကူကိုင်တွယ်ဆောင်ရွက်မှု အခြေအနေများ ဆွေးနွေးပွဲကျင်းပ



နေပြည်တော် နိုဝင်ဘာ ၅


မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေကြေးစီမံခန့်ခွဲမှုဌာနကြီးမှ ပြည်တွင်းသုံးငွေစက္ကူများ သစ်လွင် သန့်ရှင်းမှုရှိစေရေးနှင့် ငွေစက္ကူကိုင်တွယ်ဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။


ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များနိုင်ငံခြားဘဏ်များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိပုဂ္ဂိုလ်များ  တက်ရောက် ကြသည်။


ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၄၀(င)အရ ပြည်တွင်းသုံးငွေကို တစ်ဦးတည်းထုတ်ဝေသူအဖြစ် ဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်သူလူထုအနေဖြင့် သန့်ရှင်းကောင်းမွန်ပြီး လုံခြုံရေးအဆင့်အတန်းမြင့်မားသော ငွေစက္ကူများ ကိုင်တွယ်သုံးစွဲ နိုင်ရေးကို အဓိကဦးတည်ချက်ထားလျက် မူဝါဒတစ်ရပ်အနေဖြင့် ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံအတွင်း ဟောင်းနွမ်းစုတ်ပြဲနှင့် ချွတ်ယွင်းငွေစက္ကူများ လျော့နည်းပပျောက်စေရေးနှင့် ပြည်သူများအကြား ငွေစက္ကူကိုင်တွယ်အသုံးပြုမှု ပုံစံမှန်ကန်ပြီး အလွယ်တကူမပျက်စီးစေရေးအတွက် အသိပညာပေး ဆောင်ရွက် ရာတွင် အများပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသော ဘဏ်များ၏အခန်းကဏ္ဍသည် များစွာအရေးကြီး ပါသဖြင့် ဘဏ်များ၏တာဝန်ရှိသူများကို ယခုကဲ့သို့ဖိတ်ခေါ် ရှင်းလင်းဆွေးနွေးရ ခြင်းဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေကြေးစီမံခန့်ခွဲမှုဌာနကြီး၊ ညွှန်ကြားရေးမှူးချုပ် က အများပြည်သူ ကိုင်တွယ်သုံးစွဲငွေများတွင် သစ်လွင်သန့်ရှင်းကောင်းမွန်သော ငွေစက္ကူများကို လည်ပတ်သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ချက်များ၊ ဘဏ်များမှဗဟိုဘဏ်သို့ ဘဏ္ဍာငွေများ ပြန်လည်ပေးပို့ရာတွင် လိုက်နာဆောင်ရွက်ရန် အချက်များ၊ ငွေစက္ကူ၏ ပုံသဏ္ဌာန်ကို ပျက်ယွင်းစေခြင်း ဆိုင်ရာကိစ္စရပ်များ၊ ငွေစက္ကူများကို အကျိုးအမြတ်ရယူ၍ ရောင်းဝယ်ဖောက်ကားခြင်းအား တားမြစ်ချက်များ၊ ငွေစက္ကူအတုနှင့်ပတ်သက်၍ စဉ်ဆက်မပြတ်သတိပြုလျက် ကာကွယ်ဆောင်ရွက် ရန်အချက်များ၊ MIS မှတစ်ဆင့် စာရင်းများပြုစုပေးပို့ခြင်း၊ ဒစ်ဂျစ်တယ်ငွေပေးချေမှု ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများနှင့်ဘဏ်များမှ အထူးအလေးဂရုပြု ပူးပေါင်းပါဝင်ဆောင်ရွက်ပေး စေလိုသောအချက်များကို ဆွေးနွေးပြောကြားသည်။

(သတင်းစဉ်)

No comments

Powered by Blogger.