နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ခွန်စံလွင်နှင့်အဖွဲ့ (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနား တက်ရောက်



ဘားအံ     နိုင်ဝင်ဘာ    ၇


ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်ဖြစ်သော (၆၉) နှစ်မြောက် ကရင် ပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင ၌ ကျင်းပသည်။


အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်၊ မွန်၊ တနင်္သာရီ တို့မှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများတက်ရောက်ကြသည်။


ဦးစွာ သဘာပတိအဖွဲ့ဝင်များ နေရာယူပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြု၍ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော် အပေါင်းတို့အား အလေးပြုကြသည်။


ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သည့် ၂၀၂၄ ခုနှစ် (၆၉) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဖတ်ကြားပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ (BGF) အထွေထွေ အတွင်းရေးမှူး စောချစ်သူ၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူး၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)မှ စောစိန်ဝင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် (ငြိမ်း) ဦးဇော်မင်းနှင့် မြို့မိမြို့ဖ ဦးစောဖိုးနီ တို့က (၆၉) နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးနှင့် ပြခန်းများကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်က (၆၉) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်မုခ်ဦးကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေး၍ ငြိမ်းချမ်းရေးချိုးဖြူငှက် (၆၉) ကောင်ကို လွတ်ပေးကြသည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် အဖွဲ့သည် ဌာနဆိုင်ရာ ပြခန်းများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်းများ၊ ဒေသထွက်ကုန် အရောင်းပြခန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှု ထုတ်ကုန်ပြခန်းများအား လှည့်လည် ကြည့်ရှုအားပေးကြပြီး ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ပြခန်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် တာဝန်ရှိသူများက သီးနှံအမျိုးအစားပေါင်း (၄၀) ကျော် ဝင်ရောက်ယှဉ်ပြိုင်သည့်အနက်မှ ပထမဆုရရှိသည့် သီးနှံများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး အမျိုးသား/ အမျိုးသမီး (၅) တက်လှော်ပြိုင်ပွဲ၊ (၇) တက်လှော်ပြိုင်ပွဲနှင့် (၂၀) တက်နဂါး လှေလှော်ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်ကြသည်။


မွန်းလွဲပိုင်းတွင် (၆၉) နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ပြည်နယ် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းသည့် အခမ်းအနားကို ဇွဲကပင်ခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ က စီမံခန့်ခွဲရေး၊ လူမှုရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပညာရေး၊ စက်မှုနှင့်နည်းပညာ၊ မွေးမြူရေး၊ အမျိုးဘာသာသာသနာ အစရှိသည့် ကဏ္ဍများအတွက် ဂုဏ်ထူးဆောင်ဆုပေါင်း (၇၅) ဆုကို ပေးအပ်ချီးမြှင့်ကြသည်။


ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာ ၆ ရက် ညပိုင်းက ဘားအံမြို့ သီရိကွင်း၌ (၆၉) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲ ဒုတိယနေ့အဖြစ် ယှဉ်ပြိုင်လျက်ရှိသော ပြိုင်ပွဲဝင်ဒုံးအဖွဲ့ (၁၀) ဖွဲ့၏ မြူးကြွ သွက်လက်မြိုင်ဆိုင်စွာ ယှဉ်ပြိုင်ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်


No comments

Powered by Blogger.