တောင်ဆူဒန်နိုင်ငံ၌ ငှက်ဖျားရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ၄၁ ဦး ထက်မနည်းသေဆုံး
နိုဝင်ဘာ ၆
တောင်ဆူဒန်နိုင်ငံ ပီဘာဒေသတွင် ငှက်ဖျားရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ၄၁ ဦးထက်မနည်း သေဆုံးကြောင်း ဒေသတာဝန်ရှိတစ်ဦးက ယမန်နေ့ကပြောကြားသည်။
အဆိုပါငှက်ဖျားရောဂါကူးစက်ဖြစ်ပွားမှုကြောင့် လီကူအန်ဂိုလီဒေသတွင် အောက်တိုဘာ ၂၃ နေ့ကစတင်ကာ ကလေးငယ် ၃၆ ဦး သေဆုံးခဲ့သည်ဟု ပီဘာဒေသရှိပြန်ကြားရေးဝန်ကြီး အိုလီယိုကဆိုသည်။
ထိုဒေသရှိကျန်းမာရေးဌာနတွင် လတ်တလော ဆေးဝါးပြတ်လပ်လျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများထောက်ပံပေးလျက်ရှိသောအစိုးရမဟုတ်သောအဖွဲ့အစည်းများပင် မကြာမီထောက်ပံ့မှုများ ပြတ်တောက် တော့မည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။ ယင်းဒေသတွင် ငှက်ဖျားရောဂါကူးစက်ဖြစ်ပွားသူ ၂၀၀ ခန့် လတ်တလော ကုသမှုခံယူလျက်ရှိသည်ဟု ၎င်းကဆိုသည်။
အစိုးရအဖွဲသည် ကုလသမဂ္ဂအေဂျင်စီများနှင့် R21 ငှက်ဖျားရောဂါကာကွယ်ဆေးပထမအကြိမ်ထိုးနှံခြင်းအစီအစဉ်တွင် ဇူလိုင်လက ခရိုင် ၂၈ ခုရှိ ကလေး ၂၆၅၈၉၇ ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
တောင်ဆူဒန်နိုင်ငံတွင် ခန့်မှန်းခြေအားဖြင့် နှစ်စဉ် ငှက်ဖျားရောဂါကူးစက်ဖြစ်ပွားသူ ၂ ဒသမ ၈ သန်းရှိပြီး ယင်းရောဂါကူးစက်မှုကြောင့် သေဆုံးသူ ၆၆၈၀ ရှိကြောင်း၊ နေ့စဉ်ထိုရောဂါကူးစက်သူ ၇၆၃၀ ဦးနှင့် ယင်းရောဂါဖြင့်သေဆုံးသူ ၁၈ ဦး ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments