တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာ့ဆန်တင်ပို့နိုင်ရေး လုပ်ငန်းကြီးကြပ်ရေး အဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်
နိုဝင်ဘာ ၁၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့
မြန်မာ့ဆန်တင်ပို့နိုင်ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏
လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊
စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ
အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့်
ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်အသင်း
အဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
၂၀၂၄
ခုနှစ်အတွက် တရုတ်နိုင်ငံသို့ ဆန်၊ ဆန်ကွဲတင်ပို့လိုသော ကုမ္ပဏီအသစ်များကို စိတ်ဝင်စားမှု
အဆိုပြုလွှာ (Expression
of Interest - EOI) တင်ပြရန် ဇူလိုင်လ ပထမပတ်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး
လျှောက်ထားလာသည့် ကုမ္ပဏီများ၏ ဆန်စက်နှင့် သိုလှောင်ရုံများကို စိုက်ပျိုးရေးဦးစီးဌာန၊
စားသုံးသူရေး ရာဦးစီးဌာနနှင့် မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့်
စမ်းသပ်မှုလုပ်ငန်းလီမိတက် (MITS) တာဝန်ရှိသူများက စစ်ဆေးခြင်း၊
ဆောင်ရွက်ထားရမည့် အချက်များနှင့် ပတ်သက်သည့် သင်တန်းပေးခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း
ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု
အာဏာပိုင်အဖွဲ့ (GACC) တို့ကြား လက်မှတ်ရေးထိုးခဲ့သည့်
မြန်မာနိုင်ငံမှဆန်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ရန် စစ်ဆေးခြင်းနှင့်
ပိုးမွှားကင်းစင်ရေး သဘောတူစာချုပ်အရ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ ဆန်၊
ဆန်ကွဲများ တင်ပို့လိုသော ကုမ္ပဏီများ၏ အချက်အလက်များ၊ ယင်းတို့၏
ဆန်စက်နှင့် သိုလှောင်ရုံများအား မြေပြင်ကွင်းဆင်း စစ်ဆေးတွေ့ရှိချက်များကို နည်းပညာဆိုင်ရာ
လုပ်ငန်းအဖွဲ့မှ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ထံ တင်ပြ၍ GACC တွင်
မှတ်ပုံတင်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ဆန်၊ ဆန်ကွဲတင်ပို့ရန် ၂၀၂၁ ခုနှစ်တွင် GACC
မှ မှတ်ပုံတင်ရရှိခဲ့သည့် ကုမ္ပဏီ (၄၃)ခု၊ ၂၀၂၂ ခုနှစ်တွင် ကုမ္ပဏီ (၁၈)ခု၊ ၂၀၂၃ ခုနှစ်တွင်
ကုမ္ပဏီ(၅၀)ခု ရှိခဲ့သဖြင့် စုစုပေါင်း ကုမ္ပဏီ (၁၁၁)ခုကို မှတ်ပုံတင်ပေး နိုင်ခဲ့ပြီး
ဆန်၊ ဆန်ကွဲများ တင်ပို့လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments