မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (၂ ) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ




နေပြည်တော် နိုဝင်ဘာ ၆


မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ (၂) နှစ်မြောက် နှစ်ပတ် လည်နေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင်  နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ  အခမ်းအနားသို့  ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။


ဦးစွာ “မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက်  ရပ်တည်မည်-MDD” မှတ်တမ်းဗီဒီယိုကို ပြသသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာနိုင်ငံရှိ ပုဂ္ဂလိကမီဒီယာ ကဏ္ဍ ရှင်သန်တိုးတက်ပြီး နိုင်ငံတော်၏  တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် စတုတ္ထမဏ္ဍိုင် ပီသစွာ အထောက်အကူပြုပေးနိုင်ရန် ရည်ရွယ်ချက်ကောင်းများနှင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် မီဒီယာဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနကို ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပါကြောင်း။


မီဒီယာသည် အလွန်ဩဇာ ကြီးမားသည့်အလျောက် ယနေ့ ကမ္ဘာ့နိုင်ငံများ၏ နေ့စဉ်လူနေမှု ဘဝကိုပင် ပုံဖော်နေသည်ကို တွေ့မြင်ရမည် ဖြစ်ပါကြောင်း၊ လူသားတို့၏ နေ့စဉ်ဘဝတွင် စားဝတ်နေရေးအပြင် သတင်းအချက်အလက်  ရရှိရေးသည် လိုအပ်ချက်တစ်ခု ဖြစ်လာပါကြောင်း၊ ယနေ့ခေတ်တွင် ဒစ်ဂျစ် တယ်ပလက်ဖောင်းကို  အသုံးပြုပြီး သတင်းတု၊ သတင်းမှားများ ဖြန့်ဝေလျက်ရှိသည့်အတွက် နိုင်ငံတော်နှင့် ပြည်သူများအကျိုးကို ရှေးရှုကာ ဝိုင်းဝန်းထိန်းသိမ်းပေးရန်နှင့် သတင်းမှန်များ ဖြန့်ချိနိုင် ရေး ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း။


မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ပြည်တွင်း မိတ်ဖက်  အဖွဲ့အစည်းများနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေးများ ဆောင်ရွက်နေသကဲ့သို့ ဒေသတွင်း မိတ်ဖက်နိုင်ငံများအထိ မိမိနိုင်ငံ၏ ပကတိအခြေအနေနှင့် သတင်း အချက်အလက်များကို ရှင်းလင်းတင်ပြနေသည်ကို  တွေ့မြင်ရပါကြောင်း၊ မီဒီယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက်  တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ရင်း (၂)နှစ်ပြည့်မှသည် နောင်နှစ်ပေါင်း များစွာအထိ ဆက်လက်ချီတက် လျှောက်လမ်းရင်း မိမိတို့ဌာန၏ ပုံရိပ်ကို အကောင်းဆုံးမြှင့်တင် ပေးနိုင်ကြရန်  ဆုမွန်ကောင်း တောင်းလိုပါကြောင်း ပြောကြားသည်။


ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက  ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် စတုတ္ထဆုရရှိသည့် မီဒီယာ  ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနကိုယ်စားပြု ပိုက်ကျော်ခြင်း အားကစားသမားများ၊ ဟိုတယ်နှင့်  ခရီးသွားလာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ကမ္ဘာ့ ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် “စွဲမက်ဖွယ်ရာ ပြည်မြန်မာ” Short Video ပြိုင်ပွဲတွင်  နှစ်သိမ့်ဆုရရှိသည့် ဦးစီးအရာရှိနှင့်ဌာန Logo တံဆိပ်တီထွင်ဖန်တီးပေးခဲ့သည့် ညွှန်ကြားရေးမှူးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။ 


ဆက်လက်၍ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာတင် က  ဝန်ထမ်းများကို  စားသုံးဆီ တစ်ပိဿာစီ ထောက်ပံ့ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာ  အကြီးအကဲများသည် တက်ရောက်လာကြသူများနှင့်  နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြသည်။


သတင်းစဉ်

No comments

Powered by Blogger.