ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်



နေပြည်တော် နိုဝင်ဘာ ၃ 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် နိုဝင်ဘာ (၁) ရက် ညနေပိုင်းက ပဲခူတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ အုပ်ဆွဲအုပ်စု၊ ဝန်တင်ဆိပ်ကျေးရွာ ချည်မျှင်ရှည်ဝါစိုက်ခင်းတွင် ဒေသခံ ဝါစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆွေးနွေးပြောကြားကာ ဝါတောင်သူ ဦးထွန်းထွန်းနိုင်၏ ရာကာ (၆) သုံးလုံး ချည်မျှင်ရှည်ဝါစိုက်ခင်းကို ကြည့်ရှုအားပေးသည်။ 

ထို့နောက် ပြည်မြို့ရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် လျှော်ရွေးလျှော်ထုတ်စက်ရုံကို ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် ခေတ္တရာဟင်္သာကုမ္ပဏီလီမိတက်၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ အဆောက်အဦများနှင့် ထွန်စက်အရောင်းပြခန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများ၏ အကျိုးစီးပွားကို အလေးထား ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးမှာကြားသည်။ 

နိုဝင်ဘာ (၂) ရက်တွင် ဒုတိယဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး (၂) ဧည့်ခန်းမတွင် မွေးမြူရေးတောင်သူများ၊ နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်သူများကို တွေ့ဆုံ၍ တိရစ္ဆာန် အစာစိုက်ပျိုးကျွေးမွေးသည့် မွေးမြူရေးစနစ် ထွန်းကားလာစေရေး ဆွေးနွေးမှာကြားပြီး မွေးမြူရေးတောင်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် နွေစပါး၊ မိုးစပါးစီမံကိန်း၊ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာနှင့် ဝါသီးနှံ စီမံကိန်းများလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု၊ နို့စားနွား မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေမြေရာသီဥတု အခြေအနေပေးသောဒေသများကို ရွေးချယ်ဆောင်ရွက်သွားရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။ 

ဆက်လက်၍ ပြည်မြို့နယ်၊ ရွှေမြင့်မိုရ် နို့စားနွားခြံ၏ နို့စားနွားမွေးမြူထားရှိမှု နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှုနှင့် ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်ရှိ ငွေစင်ပုလဲကုမ္ပဏီ၏ နို့စုဆောင်းနေမှုနှင့် ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်းဆောင်ရွက်သော စပါးမျိုး (၁၂) မျိုး ယှဉ်ပြိုင်စိုက်ကွင်းတို့ကို ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။ 

ထို့နောက် ဒုတိယဝန်ကြီးသည် ပေါင်းတည်မြို့နယ်၊ နတ်မှော်ရွာ မင်းသားကြီးတိုင်းရင်းကြက် မွေးမြူရေးနှင့် ကြက်သားဖောက် ဖြန့်ချီရေးလုပ်ငန်း၊ နတ်တလင်းမြို့နယ်၊ ကြက်ခတ်ဝါးရုံကျေးရွာ၊ YSR-1 ဧက (၃၀) မျိုးသန့်မျိုးပွား စံပြကွက်နှင့် ကြို့ပင်ကောက်မြို့၊ လက်ပံတန်းမြို့ သာယာဝတီမြို့များရှိ ပုဂ္ဂလိက မွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး အားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်


No comments

Powered by Blogger.