တစ်ခါတုန်းက တက္ကသိုလ်မှာ
နွမ်ဂျာသိုင်း
(၄-၁၁-၂၀၂၄ ရက်နေ့မှအဆက်)
အဲ . . . ခင်လေးတို့ဆိုသည်က မဖြူနှင့်
ခင်လေးမဟုတ်။ မဖြူ ပါတော့ပါသည်။ သို့သော်သူက ခုံတန်းလျားပေါ်မှာ။ ကျွန်တော် အာရုံ စူးစမ်းရမည့်သူများက
ခင်လေးနှင့် ကိုကိုလတ်။ သူတို့က ခုံတန်းလျားဘက်အဆင်း ကတ္တရာလမ်းစပ်တွင်ရပ်လျက်။ သူတို့နှစ်ယောက်
အမူအရာကို ကြည့်ခြင်းဖြင့် တစ်စုံတစ်ရာကို အချေအတင်ပြောနေမှန်း သိသာပါသည်။
ကိုကိုလတ် ဆိုသောသူ၏ မျက်နှာတွင် မကျေနပ်မှုနှင့်
ဒေါသကိုတွေ့ရသည်။ ခင်လေး၏ ဘေးတိုက်မျက်နှာတွင် အနီရောင်လဲ့လဲ့ပြေးနေ၏။ ကိုကိုလတ်ထံမှ
ခပ်ပြတ်ပြတ် စကားပြောဟန် တစ်ခုအဆုံး ခင်လေးခေါင်းခါသည်။ ကိုကိုလတ်အမူအရာ ချက်ချင်းပျော့ပျောင်းသွား၏။
လေသံကိုနှိမ့်၍ တစ်စုံတစ်ခုထပ်ပြောသည်။ ခင်လေးခေါင်းခါသည်။ ဦးခေါင်းသည် ခါလျက်နှင့်
တဖြည်းဖြည်း ငုံ့သွား၏။ ကိုကိုလတ် တတွတ်တွတ်
ပြောနေသည်။
“အစ်ကို ဘာသောက်မလဲ”
အာရုံသည် တခြားရောက်နေသဖြင့် စားပွဲထိုးချာတိတ်၏
မေးသံသည် ကျွန်တော့်ကိုယ်ကို ဆတ်ခနဲ တုန်ခါသွားစေသည်။ သူ့ဘက်ကပျာကယာ လှည့်ပြီး -
“လက်ဖက်ရည် တစ်ခွက်ပေးကွာ”
ချာတိတ် လှည့်ထွက်မည်အပြု တစ်ခုကို
သတိရသဖြင့် -
“ဪ . . . ညီလေး ဒူးယားနှစ်လိပ်လည်း
ယူခဲ့”
ကောင်လေးဘက် လှည့်အကြည့်လိုက် လက်ဖက်ရည်ဆိုင်အတွင်းမှ
ကျွန်တော့်ဘက် ဖြတ်ဝင်လာသော ပေါ်ဦးကိုတွေ့သည်။ ပေါ်ဦးသည် အာအိုင်တီမှ သူ့သူငယ်ချင်းတစ်ယောက်
လာနေသဖြင့် နောက်ချန်နေခဲ့ပြီး ခုမှလိုက်လာခြင်းဖြစ်သည်။
“ဘယ်လိုလဲ”
ကျွန်တော် သူ့အမေးကို ပြန်မဖြေဘဲ ခင်လေးတို့ဘက်
ဦးခေါင်းဆတ်၍ လှည့်သည်။
အဲ… မြင်ကွင်းက ပြောင်းသွားပြီ။
ကိုကိုလတ် မရှိတော့။ ခင်လေးက စောစောကနေရာမှာ
ရပ်နေဆဲ။ ကားတစ်စင်း ဆောင့်ထွက်၍ မောင်းသွားသံကြားရသည်။
“အစ်ကို လက်ဖက်ရည်”
ချာတိတ်အသံ နောက်ဘက်မှ ပေါ်လာ၏။
“ပေါ်ဦး သောက်လိုက်ကွာ၊ ပြီးရင်လိုက်ခဲ့”
ကျွန်တော် ခြေလှမ်းသွက်သွက် လှမ်းသည်။
ခင်လေး ကျွန်တော့်ကို မြင်သွား၏။
ကျွန်တော် အံ့အားသင့်သွားသည်။ ခင်လေး
မျက်နှာတွင် မျက်ရည်များနှင့်ပါလား။
“ဘာဖြစ်လို့လဲ ခင်လေး”
ခင်လေး ချက်ချင်းမဖြေ။ မျက်နှာကိုငုံ့၍
လက်ကိုင်ပဝါဖြင့် မျက်ရည်စများကိုသိမ်းသည်။
“လာ ကိုထွန်းဝေ ဒီမှာထိုင်၊ ခင်လေးလည်းလာလေ”
မဖြူ လှမ်းပြောသည်။ ကျွန်တော် ခင်လေး
လက်မောင်းကို ဖွဖွဆုပ်၍-
“လာလေ ခင်လေး၊ ကိုယ့်ကို သေသေချာချာ
ပြောပြစမ်းပါဦး”
ပေါ်ဦး သုတ်သီးသုတ်ပျာ ရောက်လာသည်။
“ဘာဖြစ်တာလဲ ဖြူ”
မဖြူက မျက်ရိပ်ဖြင့် မမေးရန်တားသည်။
ရှေ့ဘက်မှခုံတန်းကို မျက်လုံးဖြင့်ညွှန်၍ သူပါပြောင်းသည်။ ပေါ်ဦး မဖြူရှိရာသွား၏။ ခင်လေးနှင့်
ကျွန်တော် စောစောက မဖြူထိုင်သောခုံတွင် ထိုင်မိသည်။
ကျွန်တော် အလောတကြီး မမေးချင်။ သူ့အမူအရာကိုကြည့်၍
သူ့အပြောကို စောင့်သည်။ ကျွန်တော့်ကို အတန်ကြာကြည့်ပြီးမှ-
“ကိုကို ရောက်နေတာ ကြာပြီလား”
ကျွန်တော် လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသည်ကို
သူမြင်မည်ဟု သိလိုက်၏။
“ကိုကိုလတ် မပြန်ခင်လေးတင်ဘဲ ခင်လေး”
ဘာဖြစ်လို့လဲဆိုသော အမေးကို မမေးမိရန်
လျှာကိုထိန်းသည်။ ခင်လေး သက်ပြင်းချသည်။ သူ့မျက်နှာမှာ ခုထိ မလန်းလာ။
“ ပြဿနာပဲ ကိုကို”
လက်ကြားမှ တငွေ့ငွေ့တက်နေသော ဆေးလိပ်မီးခိုးများကို ကြည့်ရင်း သူ့အဖြေကို စောင့်သည်။
“ခင်လေး နေတာထိုင်တာနဲ့ပတ်သက်ပြီး သူမကျေနပ်ဘူးလို့ ပြောတယ်”
ရင်ထဲမှာ လှုပ်ခါသွား၏။ အစ်ကိုတစ်ယောက်ထံမှ
လာသော အနက်မျိုး၊ ကျန်တစ်မျိုးက… ကျွန်တော် သူ့ကိုကြည့်သည်။
သူ ကျွန်တော့်ကို ကြည့်နေဆဲပင်။
“အထူးသဖြင့် ခင်လေး
ခုတလော လူတစ်ယောက်နဲ့ တွဲသွား တွဲလာလုပ်နေတဲ့ကိစ္စပဲတဲ့”
ရုပ်ရှင်ရုံတုန်းက သူမြင်သွားမည်ဖြစ်ကြောင်း
ခန့်မှန်းမိသည်။ ဟိုနေ့ကလည်း ခင်လေးကို လိုက်ရှာ၊ လိုက်အကဲခတ်တာဖြစ်နိုင်သည်။
“ခုလည်း ခင်လေးကို သူနဲ့လိုက်ခဲ့ဖို့ ပြောတယ်။
တစ်နေရာရာ သွားမယ်။ စကားအေးအေးဆေးဆေး ပြောမယ်လို့ ပြောတယ်”
ကျွန်တော် မြင်ခဲ့ရသော မြင်ကွင်းအနေအထားသည်
ဤနေရာတွင် ဖြစ်မည်ဟုတွေးမိသည်။ ခင်လေး ခေါင်းခါသည်ကို မြင်ခဲ့ရပြီ။ ကျွန်တော် ဝင်မမေးတော့။
ခင်လေး ဆက်ပြောသည်။
“ခင်လေး မလိုက်ချင်ဘူးလို့ ခါးခါးသီးသီး
ငြင်းလိုက်တယ်”
ပြောရင်းနှင့် သူခဏတန့်သည်။ သူ့မျက်နှာတွင်
မျက်ရည်ကြည်များ ဝဲလာပြန်သည်။
“သူ အမျိုးမျိုးပြောပြီး ခေါ်တာကို
ခင်လေးကငြင်းတော့ သူဒေါပွသွားတယ်။ ပြီးတော့ ခင်လေး လုံးဝမသိတဲ့ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး
သူပြောသွားတယ်”
ကျွန်တော် ဖျတ်ခနဲ လှည့်ကြည့်သည်။ သည်စကားကတော့
လုံးဝမျှော်လင့်မထားသော စကား။
ခင်လေး၏ ဝဲနေသောမျက်ရည်များသည် ပါးပြင်ပေါ်
လိမ့်ဆင်းကျလာသည်။ ကျွန်တော် နေ၍ထိုင်၍မရတော့။
“ဘာပြောသွားလို့လဲ ခင်လေး”
ခင်လေး၏ မျက်လုံးအိမ်တွင် အရည်ကြည်လဲ့လဲ့တို့မပျောက်။ ကျွန်တော့်ကို စူးစူးကြည့်သည်။
သူ့အကြည့်မှာ ကျွန်တော့်ရင်ကို ထွင်းဖောက်၏ ထင်သည်။ သူစကားကို
ခပ်လေးလေး ပြောလိုက်သည်။
“ဒါဖြင့်ရင် ခင်လေးကို သိထားအောင် ပြောလိုက်မယ်တဲ့။
ခင်လေးနဲ့ သူနဲ့ဟာ လက်ထပ်ဖို့ လူကြီးချင်းစီစဉ်ပြီးသားတဲ့။ ခင်လေး စိတ်ကူးယဉ်ပြီး မလုပ်သင့်တာတွေ
လျှောက်လုပ်မိနေရင် ရပ်တန်းက ရပ်တော့တဲ့။ မရပ်ရင် အားလုံးစိတ်မကောင်းစရာတွေ ဖြစ်ကုန်မယ်တဲ့”
သူ့စကားသည် ငိုသံအောက်တွင် တိမ်၍ပျောက်သွား၏။
ကျွန်တော့်ရင်ထဲမှ အပူသည် လှိုက်၍တက်လာ၏။ အသိစိတ်သည်
ကိုယ်နှင့် ခဏကင်းကွာသွားသည်။
*****
(၈)
ပိတောက်ပင်ကြီးဆီမှ သစ်ရွက်ဝါများ တစ်ရွက်ပြီး တစ်ရွက် ကျနေ၏။ မပူသော်လည်း ခြောက်သွေ့
ထီးကျန်လှသည့် နွေပြောင်းစကာလပင်။ သစ်ရွက်ကြွေများသည် တစ်ချက်တစ်ချက် တိုက်လာသောလေရူးတွင်
ဆောက်တည်ရာမရစွာ ပြေးလွှားနေ၏။ ရင်တွင်းစိတ်ကို သစ်ရွက်ကြွေများတွင် မြင်သည်။
လွင့်မျောနေသော အကြည့်များသည် မန္တလေး၊
အမရသံတိုင် ခြံစည်းရိုးဆီရောက်၏။ ဖုန်များလူးသော သံတိုင်များသည် နေရောင် အောက်တွင်
ပျင်းရိထိုင်းမှိုင်းနေ၏။ သံတိုင်များကြားမှ တက္ကသိုလ် ရိပ်သာလမ်း ကတ္တရာပြင်ကို ဖြတ်မြင်ရသည်။
တစ်ခါတစ်ရံတွင် တက်ကြွစွာ လှုပ်ရှားနေတတ်၍ တစ်ခါတစ်ရံတွင် တာဝန်မပျက် လှုပ်ရှားနေတတ်သော
တက္ကသိုလ် ရိပ်သာလမ်းကျယ်ကြီးသည် ယခု အခါ နွမ်းနွမ်းနယ်နယ် ကျောခင်းလဲလျောင်းနေ၏။
သစ်ရွက်ကြွေများနှင့် ဖုန်မှုန့်များ
ကစားနေသော လမ်းတစ်ဖက်အနားသတ်နှင့် ပလက်ဖောင်းစင်္ကြံတို့သည် ငြိမ်သက်စွာ ငိုက်မျဉ်းနေသည်။
ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်လာသူ တစ်ဦးကို တွေ့သည်။ ပီဘိကန္တာရခရီးသည် ဆန်လှ၏။
သည်ဘက်က ဓမ္မာရုံတံတိုင်းကို ကျော်ဖြတ်လိုက်သောအခါ
သစ်ရိပ်အုပ်ဆိုင်းဆိုင်းတွင် ငြိမ်သက်နေသော စာတိုက်အဆောက် အအုံနှင့် ကွက်လပ်ကို မြင်ရသည်။
ဘယ်ဘက်သို့ မြင်ကွင်းရွေ့လာသောအခါ တက္ကသိုလ်ဆေးရုံ၊ ထို့နောက် လမ်းမကျယ်ကို ဖြတ်လာ
သည်။ ထို့နောက် ယခုအခါ ဘာမှမရှိတော့ပြီဖြစ်သော မြေကွက်လပ် ကျယ်ကြီး။
အကြည့်သည် ကိုယ့်ခြေရင်း ပြန်ရောက်လာ၏။
သည်နေ့ ခင်လေး ကျောင်းမတက်။ ပြဿနာကို ကြိုတင်မြင်နေရသလို ခံစားရသည်။ ခင်လေးကျောင်းမတက်ခြင်းသည်
ကျောင်းသား ကျောင်းသူတစ်ယောက်၏ သာမန်ကျောင်းပျက်ကွက်ခြင်း မဟုတ်ဟု သိနေသည်။
စောစောက ကျွန်တော် မဖြူနှင့်တွေ့ပြီးပြီ။
ခင်လေး မနက်ကသူ့ဆီဖုန်းဆက်၍ ကျောင်းမတက်ဘူးပြောသည်ဟု မျက်နှာ မကောင်းစွာ အသိပေးသည်။
မိနစ်လေး၊ ငါးဆယ်ခန့် စောင့်နေရဦးမည့်
နေ့လယ်ကျောင်းတက်ချိန်ကို ကျွန်တော် မည်သို့ဖြတ်သန်းမည်နည်း။ ထိုမှတစ်ဆင့် ညနေကျောင်းဆင်းချိန်မှ
နောက်တစ်နေ့ ကျောင်းတက်ချိန်အထိခရီး။ ထို့နောက် ခင်လေးဆီမှ သတင်းစကား တစ်စုံတစ်ရာကြားရသည်
အထိ။ ထိုမှ ခင်လေး၏ သတင်းစကားကို အကြောင်းပြု၍ ဖြတ်သန်း လှုပ်ရှားရဦးမည့် ပြဿနာခရီး။
မျက်လုံးထဲတွင် သမုဒ္ဒရာမုန်တိုင်းကြားမှ
မာန်ဟုန်ပြင်းလှသော လှိုင်းလုံးကြီးများကို မြင်နေသည်။ တစ်ချိန်တည်း၌ပင် ရွာလယ်ဖြတ်စီးလာသော
ငမိုးရိပ်ချောင်း လေးကိုမြင်၏။ ပိတောက်ရွက်ခြောက်လေးတစ်ခုသည် မျက်နှာကို လာရိုက်သည်။
စိတ်ညစ်လိုက်တာ။
*****
“အဲဒါ ဘာဖြစ်တာလဲ။ ဒါ စိတ်ဓာတ်ကျစရာလားကွ”
ပေါ်ဦးက ခပ်ငေါက်ငေါက်ပြောသည်။ ကျွန်တော့်ရင်ထဲတွင်
ဗြောင်းဆန်အောင် လှုပ်ရှားနေ၏။ ကြားရသောသတင်းက ထင်သည့်အတိုင်း ဖြစ်နေသည်။ မနက်က ခင်လေး ကျောင်းမလာသည့် ကိစ္စနှင့်ပတ်သက်၍ ကျွန်တော်
နေမရထိုင်မရ ဖြစ်နေခြင်းကိုကြည့်၍ ပေါ်ဦးက သူစုံစမ်း ပေးမည်ဟုဆိုကာ ညနေ ကျောင်းဆင်းချိန်တွင်
ခင်လေးတို့အိမ် သွားသည်။
(ဆက်လက်ဖော်ပြပါမည်)
.jpg)
No comments