အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်ရာထူးတွင် သံအမတ်ကြီး(ငြိမ်း) ဦးစံလွင် စတင်တာဝန်ထမ်းဆောင်



နေပြည်တော်    နိုဝင်ဘာ      ၅


အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ သံအမတ် ကြီး(ငြိမ်း) ဦးစံလွင်သည် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်ရာထူးကို နိုဝင်ဘာ ၁ ရက်မှစတင်၍ တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။


အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာကောင်ကင်မ်ဟွန်က သံအမတ်ကြီး(ငြိမ်း) ဦးစံလွင်အား အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ နိုဝင်ဘာ ၁ ရက်က တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ကျမ်းသစ္စာကျိန်ဆိုသည့် အခမ်းအနား ကျင်းပပြုလုပ်ကာ အာဆီယံအတွင်းရေးမှူးချုပ်က လူမှု-ယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင်အောက်မှ ဆောင်ရွက်လျက်ရှိ သည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

           

သံအမတ်ကြီး(ငြိမ်း) ဦးစံလွင်သည် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဒုတိယ အတွင်းရေးမှူးချုပ်အဖြစ် ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ် အထိ (၃) နှစ်တာ တာဝန်ထမ်းဆောင် သွားမည်ဖြစ်သည်။

(သတင်းစဉ်)

No comments

Powered by Blogger.