ကုန်စည်များ ဘက်စုံပို့ဆောင်ရေးဗဟိုအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ




နေပြည်တော် နိုဝင်ဘာ ၄


ကုန်စည်များ ဘက်စုံပို့ဆောင်ရေးဗဟိုအဖွဲ့၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကုန်စည်များဘက်စုံပို့ဆောင်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကားပြောကြားသည်။ 


ထို့နောက် ကုန်စည်များဘက်စုံပို့ဆောင်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဘက်စုံပို့ဆောင်ရေးဥပဒေ၊ နည်းဥပဒေများ နှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဗဟိုအဖွဲ့၊ အဖွဲ့ဝင်များဖြစ်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပို့ဆောင်ရေးဆိုင်ရာ ဌာနအဖွဲ့အစည်းများ၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ အကောက်ခွန်ဦးစီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့မှ ဌာနအကြီးအကဲများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံသယ်ယူပို့ဆောင်ရေး နှင့်ထောက်ပံ့ဖြည့်ဆည်းစီမံ ဆောင်ရွက်မှုအသင်းချုပ် (MTLF) နှင့် မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MIFFA) တို့မှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များက အကြံပြုဆွေးနွေးတင်ပြသည်။


ကုန်စည်များ ဘက်စုံပို့ဆောင်ရေးဗဟိုအဖွဲ့ကို ဘက်စုံပို့ဆောင်ရေးဥပဒေ၊ ပုဒ်မ ၆ အရ ဘက်စုံပို့ဆောင်ရေးဥပဒေ၊ နည်းဥပဒေများပါပြဋ္ဌာန်းချက်များကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန်နှင့် မြန်မာနိုင်ငံမှ ဘက်စုံပို့ဆောင်ရေးလုပ်ငန်းများ၊ ထောက်ပံ့ဖြည့်ဆည်းစီမံ ဆောင်ရွက်မှုလုပ်ငန်းများ တိုးတက်လာစေရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဘက်စုံပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမှသည် နိုင်ငံတော်၏ ကုန်သွယ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ရှိလာပြီး ထိုမှတစ်ဆင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.