ချစ်ကြည်ရင်းနှီးမှု အားသစ်လောင်း အိမ်နီးချင်းကောင်းအဖြစ် ထာဝရရပ်တည်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၏ဖိတ်ကြားချက်အရ
ထိပ်သီးအစည်းအဝေးများ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Li
Qiang တို့ နိုဝင်ဘာ ၆ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ရာတွင်
နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည် ရင်းနှီးမှုကိုအားသစ်လောင်းပေးနိုင်ခဲ့ပြီး ဆွေမျိုးပေါက်ဖော်
ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးနိုင်ခဲ့သည်။
မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြသည့်
နိုင်ငံပေါင်း ၅၂ နိုင်ငံရှိသည့်အနက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် ဒုတိယအများဆုံးရင်းနှီးမြှုပ်နှံသည့်
နိုင်ငံဖြစ်သည်။ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများသည်
များစွာအရေးပါသည့်အလျောက် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံက ဖိတ်ခေါ်လျက်ရှိရာ
တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြင့်မားတိုးတက်လာနိုင်သည့် အခွင့်အလမ်းများစွာရှိနေ
သည်။ တရုတ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်အကြီးအကဲက တရုတ်နိုင်ငံ၏
ရင်းနှီးမြှုပ်နှံမှုများ၊ စီမံကိန်းများ နှင့် နိုင်ငံသားများ၏ လုံခြုံဘေးကင်းရေးကို
အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး တရုတ်- မြန်မာ စီးပွားရေးစင်္ကြံ
ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းအရ စီးပွားရေးစင်္ကြံတည်ဆောက်မှုစီမံချက်အား မြန်မာဘက်မှ
အလေးထား ဆောင်ရွက်နေကြောင်းလည်း ပြောကြားခဲ့သည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံသည်
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်ကြေညာခဲ့သည့် ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု
အစီအမံ(BRI)၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံသည်
တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ယူနန်ပြည်နယ်ရှိ ကူမင်းမြို့နှင့် မြန်မာနိုင်ငံရှိ စီးပွားရေးအချက်အချာမြို့များဖြစ်သော
မူဆယ်၊ မန္တလေး၊ ရန်ကုန်၊ ကျောက်ဖြူတို့ကို ချိတ်ဆက်သွားမည်ဖြစ်ပြီး စီးပွားရေးစင်္ကြံ
တစ်လျှောက်တွင် အထူးစီးပွားရေးဇုန်များ၊ ဆိပ်ကမ်းများ၊ အဆင့်မြင့်နယ်စပ်ဂိတ်များ၊ ကုန်လှောင်ရုံများ၊
စက်မှုဇုန်များ၊ ကုန်စည်သယ်ယူရေးလမ်းကြောင်းများ တည်ဆောက်အကောင် အထည်ဖော်သွားမည်ဖြစ်ရာ
တရုတ်-မြန်မာ နှစ်နိုင်ငံလုံးအတွက် အကျိုးစီးပွားဖြစ်ထွန်းနိုင်မည်ဖြစ်သည်။ စီးပွားရေးစင်္ကြံ
တည်ဆောက်မှုစီမံချက်ကို မြန်မာဘက်မှ အလေးထားဆောင်ရွက် နေသကဲ့သို့ပင် “တရုတ်-မြန်မာစီးပွားရေးစင်္ကြံတည်ဆောက်ရေးသည်
ထိပ်တန်းစီမံကိန်းဖြစ်သဖြင့် အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” တရုတ်ပြည်သူ့ သမ္မတနိုင်ငံဝန်ကြီးချုပ်က
ပြောကြားခဲ့သည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်ရေးတွင် နယ်စပ်ဒေသတစ်လျှောက်
တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးစင်္ကြံဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေးတို့ကို
ဖော်ဆောင်သွားရန် လိုအပ်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသများ
ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးသည် မရှိမဖြစ်လိုအပ်ချက်ဖြစ်ရာ
နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားပြီး ဆွေးနွေးရန်အသင့်ရှိနေသည်။
မြန်မာ့တပ်မတော်သည် ၂၀၁၈ ခုနှစ်ကပင် စတင်ကာ အပစ်အခတ်ရပ်စဲရေးကို တစ်ဖက်သတ်ကြေညာခဲ့ပြီး
ငြိမ်းချမ်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ အပစ်အခတ်ရပ်စဲရေးကြေညာထားသည့် ကာလအတွင်း
လက်နက်ကိုင်အဖွဲ့များက တိုက်ခိုက်မှသာ တပ်မတော်က တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းရာတွင် နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန် နိုင်ငံတော်က
ဖိတ်ခေါ်ထားရာ နိုင်ငံရေးပြဿနာ မှန်ပါက ပြေလည်နိုင်ရမည်သာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ
တရုတ်-မြန်မာ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးကို မဖြစ်မနေ တည်ဆောက်သွားရန်လိုပြီး
တရားမဝင်လုပ်ငန်းများ နှင့် တရားမဝင်ကုန်သွယ်မှုများကိုပါ တိုက်ဖျက်ရှင်းလင်း သွားရမည်ဖြစ်သည်။
နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီဖြစ်သည့်
တရုတ်နှင့် မြန်မာ ဆက်ဆံရေးသည် အနာဂတ်ကာလ တစ်လျှောက်လုံးတွင်လည်း အိမ်နီးချင်းကောင်းများအဖြစ်
ထာဝရရပ်တည်သွားကြရမည်ဖြစ်သည်။ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သည်နှင့်အမျှ
နှစ်နိုင်ငံပြည်သူများ ကြားတွင်လည်း ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများ ပိုမိုမြင့်မားလာမည်
ဧကန်ဖြစ်သည်ဟု ယုံကြည်ပါကြောင်း။
မြန်မာ့အလင်း

No comments