တောင်တန်းဒေသကို အလှဆင်နေသည့် တောင်ဇလပ်ပန်းများ ထိန်းသိမ်းကာကွယ်ရန်လိုအပ်



တောင်ဇလပ်ပန်းသည် တောင်ကုန်း၊ တောင်တန်းနှင့် တောင်စွယ်ဒေသများတွင် အများဆုံးတွေ့မြင်ရပြီး လူတိုင်းကြိုက်နှစ်သက်သည့် ပန်းအမျိုးအစားဖြစ်ပေသည်။ တောင်ကုန်း၊ တောင်တန်းများကြားတွင် ဆောင်းနှင်းစက်များနှင့်အတူ လိုက်ဖက်ညီထွေစွာ ဝေဆာဖူးပွင့်သည့် တောင်ဇလပ်ပန်းအလှကို ရှုမျှော်နိုင်ရန်နှင့် အလှဓာတ်ပုံများရိုက်ကူးရန်အတွက် ဆောင်းရာသီကာလရောက်တိုင်း တောင်ဇလပ်ပန်းများရှိရာ တောင်ပေါ်ဒေသများတွင် ပြည်တွင်း၊ပြည်ပက ခရီးသွားဧည့်သည်များဖြင့် အစဉ်စည်ကားလျက်ရှိပေသည်။

 

တောင်ဇလပ်ပန်းကို သိပ္ပံအမည်အားဖြင့် Rhododendron arboretum ဟုအဓိပ္ပာယ်ရပြီး ကမ္ဘာပေါ်တွင် တရုတ်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ပါကစ္စတန်နှင့် ထိုင်းနိုင်ငံ တောင်ပေါ်ဒေသများ၌ ပေါက်ရောက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် တွေ့မြင်နိုင်သည်။ တောင်ဇလပ်ပန်းပင်မှာ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၄၀၀၀ မှ ပေ ၆၀၀၀ အမြင့်အတွင်း ပေါက်ရောက်နိုင်သော အပင်တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် ဇလပ်နီ (တောင်ဇလပ်ပန်းအနီရောင်)၊ ဇလပ်ဝါ (တောင်ဇလပ်ပန်းအဝါရောင်)နှင့် ဇလပ်ဖြူ (တောင်ဇလပ်ပန်းအဖြူရောင်) စသည့် တောင်ဇလပ် ပန်းသုံးမျိုးလုံးကို ချင်းပြည်နယ်တွင်သာ ပေါက်ရောက်လျက်ရှိကြောင်း သိရသည်။

 

တောင်ဇလပ်ပန်းများ ဖူးပွင့်ဝေဆာချိန်သည် နှစ်စဉ်နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ ဆောင်းရာသီကာလဖြစ်ပြီး အပွင့်များကို မတ်လကုန်အထိ တွေ့မြင်နိုင်သည်။ တောင်ဇလပ်ပန်းများ အပွင့်စုံလင်ပြီး အလှဆုံးအချိန်သည် ဒီဇင်ဘာလနှင့် ဇန်နဝါရီလများဖြစ်သည်။ တောင်ဇလပ်ပန်းတို့မှာ လချီပွင့်လေ့ရှိတတ်ပြီး တောင်ပေါ်ဒေသကို အချိန်ကာလကြာမြင့်စွာ အလှဆင်သော ပန်းအမျိုးအစားလည်းဖြစ်သည်။ တောင်ဇလပ်ပန်းမှာ ပန်းခိုင်အမျိုးအစားဖြစ်ပြီး ပန်းပွင့်မှာ ခေါင်းလောင်းပုံစံရှိပြီး အမြင့်ပေမှာ ၂၀ မီတာခန့်အထိရှိသည်။ ပန်းခိုင်တစ်ခိုင်တွင် ပန်းပွင့်ငယ် ၁၅ ပွင့်မှ ၂၀ ပန်းအထိပါရှိကာ ပန်းပွင့်၏ အရှည်နှင့် အကျယ်မှာ ၁ ဒသမ ၅ လက်မခန့်အထိကြီးထွားသည်။ ပန်းပွင့်အတွင်း အနက်ရောင်အပြောက်များနှင့် ဝတ်ရည်အိတ်အနက် ရောင်များတွေ့ရှိနိုင်သည်။ တောင်ဇလပ်ပင်၏ပင်စည်မှာ အပူပိုင်းဒေသများတွင် ပေါက်ရောက်လေ့ရှိသော စောင်းပင်ကဲ့သို့ အစိမ်းရင့်ရောင်ဖြစ်ပြီး ပင်စည်တွင်းရှိ အမျှင်များမှာ ကျစ်လျစ်စွာပူးကပ်တည်ရှိသည်ကို တွေ့ရသည်။ အပင်အကိုင်းအခက်များလည်း ၁၂ မီတာခန့်ကျယ်ဝန်းပြီး ခိုင်မာသောသဘောဆောင်ခြင်းတို့ကြောင့် လေတိုက်နှုန်းဒဏ်များ ခံနိုင်စွမ်းရှိသည်။     

 

တောင်ဇလပ်အနီနှင့် အဝါတို့သည် မြေကြီးပေါ်တွင် ပေါက်ရောက်လေ့ရှိပြီး တောင်ဇလပ်ပန်းအဖြူအချို့ကိုမူ သစ်ပင်ကြီးများပေါ်တွင် ကပ်ပါးပုံစံဖြင့် ပေါက်ရောက်သကဲ့သို့ မြေကြီးပေါ်တွင်လည်း ပေါက်ရောက်နိုင်သည်။ တောင်ဇလပ်ပန်း (အနီရောင်)နှင့် တောင်ဇလပ်ပန်း (အဖြူရောင်)တို့ကို ချင်းပြည်နယ်ရှိ တောင်ပေါ်ဒေသ နေရာအနှံ့အပြားတွင် တွေ့မြင်ရသော်လည်း ရှားပါးသည့် တောင်ဇလပ်ပန်းအဝါရောင်ကိုမူ မြို့၊ ကျေးရွာများနှင့် အလှမ်းဝေးကွာသည့်နေရာများ၊ သာမန်လူ သွားလာရန်ခက်ခဲသည့် နေရာများတွင်သာ ပေါက်ရောက်သည်ကို တွေ့ရသည်။

 

ကမ္ဘာပေါ်တွင် တောင်ဇလပ်အနီပန်းကို နီပေါနိုင်ငံက အမျိုးသားပန်းအဖြစ် သတ်မှတ်ထားသည်ကိုတွေ့ရပြီး မြန်မာနိုင်ငံတွင် ချင်းပြည်နယ်၏ အမျိုးသားပန်းအဖြစ် သတ်မှတ်ကြသည်။ တောင်ဇလပ်ပန်းကို ချင်းတိုင်းရင်းသားများက မိမိဘာသာ စကားဖြင့် ဒေသအလိုက် နာမည်အမျိုးမျိုးခေါ်ဝေါ်ကြပြီး တောင်ဇလပ်ပန်းအနီကို ရဲရင့်ခြင်း၊ တောင်ဇလပ်ပန်းအဖြူကို ရိုးသားဖြောင့်မတ်ခြင်း စသည်ဖြင့် ကိုယ်စားပြုသည်ဟု တင်စားခေါ်ဝေါ်ကြသည်။ ထိုအချက်များကြောင့်ပင် ချင်းတိုင်းရင်းသားများက တောင်ဇလပ်ပန်းကို ဂုဏ်ယူဖွယ်အမှတ်အသားတစ်ခုအဖြစ် ခေတ်ဆက်ဆက် အမြတ်တနိုး ထိန်းသိမ်းကာကွယ် လာကြခြင်းဖြစ်သည်။

 

တောင်ဇလပ်ပန်းများစွာ ပေါက်ရောက်ရှင်သန်သည့် ချင်းပြည်နယ်တွင် ဒေသခံတိုင်းရင်းသားမျိုးနွယ်စုများက ဘာသာရေးအခမ်းအနားများနှင့် ပွဲတော်များတွင် အလှချိတ်ဆွဲရန် အပင်များခုတ်လှဲခြင်း၊ အကိုင်းအခက်များချိုးယူခြင်း၊ ဝိုင်အဖြစ်ပြုလုပ်ခြင်း၊ ပြည်တွင်း၊ပြည်ပ ခရီးသွားပြည်သူများက နှစ်သက်မြတ်နိုးမှုကို အကြောင်းပြကာ ပန်းပွင့်များခူးယူခြင်း၊ အကိုင်းအခက်များ ချိုးယူခြင်းတို့ကြောင့် တောင်ဇလပ်ပင်များမှာ အပင်ခြောက်သွေ့ပြီး ပျက်စီးမှုများဖြစ်လာခဲ့ပြီဖြစ်သည်။

 

တောင်ဇလပ်ပန်းများကို အရောင်လှသော၊ ရနံ့မွှေးသော၊ အရသာကောင်းမွန်သော တောင်ဇလပ်ဝိုင်အဖြစ် ဖန်တီးအသုံးပြုကြရာ လူကြိုက်များသော ဝိုင်တစ်မျိုးဖြစ်လာခဲ့သည်။ တောင်ဇလပ်ပန်းပွင့်များစွာကို ဆုံတွင်ထောင်းပြီး ကျန်ရှိသည့် အနှစ်များကို ဝိုင်အဖြစ်ပြုလုပ်ရခြင်းဖြစ်ရာ တောင်ဇလပ်ဝိုင်တစ်ပုလင်းရရှိနိုင်ရေး အပင်များစွာမှပန်းပွင့်များ လိုအပ်သည်။ ထို့ကြောင့် တောင်ဇလပ်ပန်းပွင့်များ ရရှိနိုင်ရေးအတွက် နှစ်ရှည်အပင်ကြီးများနှင့် အပွင့်များသည့် အပင်များကို ခုတ်လှဲလေ့ရှိကြသည်။ တောင်ဇလပ်ဝိုင် ထုတ်လုပ်ခြင်းသည် အပင်များပျက်စီးပြုန်းတီးခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်သည်။

 

တောင်ဇလပ်ပင်များကို ရေမဝပ်သည့်နေရာများတွင် စနစ်တကျစိုက်ပျိုးထိန်းသိမ်းနိုင်ပါက အောင်မြင်ဖြစ်ထွန်း ရှင်သန်နိုင်သည်ဟု မှတ်သားရပါသည်။ တောင်ဇလပ်ပန်းသည် နှစ်ရှည်ပင်အမျိုးအစားတစ်ခု ဖြစ်သည့်အားလျော်စွာ ပြန်လည်စိုက်ပျိုးနိုင်သော်လည်း အပင်ရှင်သန်ကြီးထွာရန်မှာ ခက်ယဉ်းလှပါသည်။ ထို့အပြင် ချိုးယူထားသည့် တောင်ဇလပ်ပင် အကိုင်းအခက်များ ပြန်လည်စုံလင်ရန်မှာ အချိန်ကာလအားဖြင့် ၂ နှစ်မှ ၄ နှစ်အထိ ကြာမြင့်သည်ဟုသိရသည်။ ယခုအချိန်ထိ ချင်းတောင်တန်းဒေသများ၌ တောင်ဇလပ်ပန်းများ မရေတွက်နိုင်အောင် ပေါက်ရောက်နေဆဲဖြစ်သလို အပင်ငယ်များနှင့် ပျိုးပင်ငယ်များကိုလည်း မြင်တွေ့နေရဆဲဖြစ်ပါသည်။ ကမ္ဘာ့ပေါ်တွင် ရှားပါးစွာတွေ့မြင်ရပြီး သဘာဝအတိုင်းဖူးပွင့်ဝေဆာသည့် တောင်ဇလပ်ပန်းများ၏ အလှတရားများကို ဒေသခံတိုင်းရင်းသားများနှင့် ခရီးသွားပြည်သူများအားလုံးက ခူးယူရန်သာ စိတ်ကူးခြင်းမပြုဘဲ ဂုဏ်ယူဝင့်ကြွားစွာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည့် အပင်အမျိုးအစားအဖြစ် မှတ်ယူသင့်ပါသည်။

 

တောင်ဇလပ်ပင်များ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် လူသွားလူလာများသည့်နေရာများ၊ အဆောက်အဦးများတွင် အသိပညာပေးပိုစတာများစိုက်ထူခြင်း၊ ပြည်တွင်း၊ပြည်ပ ခရီးသွားဧည့်သည်များနှင့် ဒေသခံပြည်သူများအား စိတ်ဝင်းစား ဆွဲဆောင်စေမည့် တောင်ဇလပ်ပန်းဥယျာဉ်ခြံအဖြစ် စိုက်ပျိုးခြင်းတို့ဖြင့် တောင်ဇလပ်ပန်းပျက်စီးပြုန်းတီးမှုကို ထိန်းသိမ်းကာကွယ်သင့်ပါသည်။

 

တောင်ဇလပ်ပန်းအဖြူ၏ပင်စည်ကို သွေးလိမ်းလျှင် ဝက်ခြံ၊တင်းတိပ် စသော အရေပြားရောဂါများ သက်သာစေကြောင်း သိပ္ပံပညာရှင်များ၏ လေ့လာစမ်းစစ်ချက်များအရ သိရှိရပြီး ဂျပန်နိုင်ငံတွင်လည်း တောင်ဇလပ်ပန်းအနီ၊ ပန်းရောင်၊ အဖြူရောင်ရောစပ်လျက် Bonsai (ဘွန်ဇိုင်းသက်ကြီးပုပင်) နည်းပညာဖြင့် အလှစိုက်ပန်းအိုးအဖြစ် ဖန်တီးပြုလုပ်ကြကြောင်း လေ့လာသိရှိရသည်။

 

ထို့အပြင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ချင်းပြည်နယ် သစ်တောဦးစီးဌာနက အမိန့်ကြော်ငြာ စာအမှတ်(၁၁၁၆/၂၀၂၀)ဖြင့် ချင်းပြည်နယ်၏ အမှတ်သင်္ကေတဖြစ်သည့် တောင်ဇလပ်ပန်းပင်များကို နေရာဒေသအလိုက် ကာကွယ်သည့် အပင်မျိုးစိတ်ဖြစ်ကြောင်း သတ်မှတ်ထုတ်ပြန်ထားပြီး ခုတ်ယူခြင်း၊ပိုင်းဖြတ်ခြင်း၊ သယ်ဆောင်ခြင်းများ ပြုလုပ်ပါက ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများမှ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၃၉၊ ၄၀၊ ၄၁)ဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

ယခုခေတ်တွင် တောင်ဇလပ်ပန်းများအပါအဝင် သဘာဝပန်းပင်များကို စီးပွားရေးအဖြစ် ရောင်းဝယ်ခြင်းများရှိလာ ကြပြီဖြစ်သည်။ မြန်မာနိုင်ငံ၌ ဆောင်းရာသီကာလရောက်တိုင်း တောင်ပေါ်ဒေသများကို အလှဆင်နေသည့် တောင်ဇလပ်ပန်းများကို ခရီးသွားပြည်သူများအနေဖြင့် ခူးဆွတ်လိုခြင်း၊ ပိုင်ဆိုင်လိုခြင်းမပြုလုပ်ဘဲ မျှဝေရန်သာ၊ အလှကြည့်ရုံသာ ဖြစ်သင့်ပါသည်။ တောင်ဇလပ်ပန်းများရှင်သန်ပေါက်ရောက်သည့် တောင်ပေါ်ဒေသများရှိ ပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့်လည်း တောင်ဇလပ်ပန်း၏အလှတန်ဖိုး၊ ရှားပါးမှုတန်ဖိုးတို့ကို နားလည်သိရှိပြီး အပင်ခုတ်လှဲခြင်း၊ အကိုင်းအခက်များချိုးယူ ခြင်းနှင့် အပွင့်ခူးယူခြင်းများ မပြုလုပ်ကြဘဲ ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်သင့်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ချင်းပြည်နယ်၏ အမျိုးသားပန်းဖြစ်ပြီး ချင်းတိုင်းရင်းသားများက အမြတ်တနိုးတန်ဖိုးထားသည့် ‘တောင်ဇလပ်ပန်းများ’ ထာဝစဉ်ရှင်သန် ပွင့်လန်းဝေဆာနိုင်စေရေးအတွက် သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသည့် ပြည်သူအားလုံးက ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်သင့်ပါကြောင်း တိုက်တွန်းရေးသားတင်ပြလိုက်ရပါသည်။

 

ဆလိုင်းကိုကီး(M.A)

No comments

Powered by Blogger.