စဉ်ဆက်ပညာရေး အကောင်အထည်ဖော်မှုအနေဖြင့် စာသင်ဝိုင်းပေါင်း ၄၅ ဝိုင်းစုဖွဲ့ သင်ကြားပေးလျက်ရှိ
နေပြည်တော် နိုဝင်ဘာ ၂
စာဖတ်ရှိန်မြှင့်တင်ပေးခြင်း၊ ဝင်ငွေတိုးပွားရေးအတွက် ချိတ်ဆက်ဆောင်ရွက် ပေးခြင်းနှင့် ဘဝသာယာရေးအတွက် အသိပညာပေးခြင်း စသည့် အစီအစဉ် သုံးခု ပါဝင်သော စဉ်ဆက်ပညာရေးကို ပြည်ထောင်စုနယ်မြေ နေပြည်တော် ၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ သတ်မှတ်မြို့နယ်များတွင် ဆောင်ရွက်လျက် ရှိသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း စဉ်ဆက်ပညာရေး အကောင်အထည် ဖော်မှုအနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကာ စာသင်သား ပေါင်း ၄၄၉ ဦးကို စာသင်ဝိုင်းပေါင်း ၄၅ ဝိုင်းစုဖွဲ့၍ စေတနာလုပ်အားပေး နည်းပြ/ကြီးကြပ် ပေါင်း ၁၀၇ ဦးတို့က တစ်ရက်လျှင် ပျမ်းမျှ ၃ နာရီဖြင့် အောက်တိုဘာ ၂၁ ရက်မှ စတင်ကာ သုံးလကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စဉ်ဆက်ပညာရေး အကောင်အထည်ဖော်မှုအနေဖြင့် ဒက္ခိဏသီရိမြို့နယ် အုန်းတောကျေးရွာ ရန်အောင်မြင် ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်သည့် ရန်အောင်မြင် စာသင်ဝိုင်းနှင့် လယ်ဝေးမြို့နယ် စည်ပိုင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာ အထက (ခွဲ) ၌ ဖွင့်လှစ်သည့် သာယာကုန်းစာသင်ဝိုင်းများသို့ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှု အားပေးပြီး စာသင်သား ပြည်သူ များနှင့် စေတနာ လုပ်အားပေး နည်းပြ/ကြီးကြပ်များအား စာရေးကိရိယာနှင့် ပံ့ပိုးပစ္စည်းများ ပေးအပ်ကြ ကြောင်း သိရသည်။
သတင်းစဉ်

No comments