နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အဋ္ဌမကြိမ် မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်) ထိပ်သီး အစည်းအဝေးသို့ တက်ရောက်
နေပြည်တော် နိုဝင်ဘာ ၇
အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး (8th Greater Mekong Subregion Summit) ကို ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၊ ဟိုင်ဂန်ကွန်ဗင်း ရှင်းစင်တာ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါဝင်တက်ရောက်သည်။
အစည်းအဝေးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang၊ ကမ္ဘောဒီးယားဘုရင့် နိုင်ငံဝန်ကြီးချုပ် H.E. Mr. Hun Manet၊ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Sonexay Siphandone ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra ၊ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Pham Minh Chich ၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ Mr. Masatsugu Asakawa နှင့် မဟာမဲခေါင်ဒေသခွဲ နိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲထိပ်သီး အစည်းအဝေးကို အပိုင်း ၂ ပိုင်းဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး “နိုင်ငံ့ခေါင်းဆောင်များ သီးသန့်အစည်းအဝေး” နှင့် “မျက်နှာစုံညီ အစည်းအဝေး” ဟူ၍ အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပပြုလုပ်သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အစည်းအဝေးများသို့ တက်ရောက်ရန် ရောက်ရှိလာရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ဆက်ပြီး အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးချုပ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ပထမအပိုင်းဖြစ်သည့် နိုင်ငံ့ခေါင်းဆောင်များ သီးသန့်အစည်းအဝေးကို ကျင်းပပြုလုပ်ရာ သဘာပတိဖြစ်သူ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များက “ဆန်းသစ် တီထွင်မှုဖော်ဆောင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ဒေသတွင်း ပေါင်းစည်းဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့် ပြင်ဆင်ထားရမည့် ကိစ္စရပ်များအပေါ် အကြံပြုဆွေးနွေးကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကဆွေးနွေး ပြောကြားရာတွင် ယခုကဲ့သို့ ဂျီအမ်အက်စ်နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များ အားလုံးကို ကျန်းကျန်းမာမာဖြင့် တွေ့ဆုံရသည့်အတွက် များစွာဝမ်းမြောက်ကြောင်း၊ ပြီးခဲ့သည့် သတ္တမအကြိမ် ထိပ်သီးအစည်းအဝေးကျင်းပချိန်တွင် ကိုဗစ်-၁၉ စည်းမျဉ်းများကြောင့် မိမိတို့အွန်လိုင်းစနစ်ဖြင့် အစည်းအဝေးကို တက်ရောက်ခဲ့ကြကြောင်း။
ယနေ့နိုင်ငံခေါင်းဆောင်များ သီးသန့်အစည်းအဝေးတွင် ဆန်းသစ်တီထွင်မှုဖြင့် အောင်မြင်သည့် ဒေသခွဲတစ်ခု ပေါ်ပေါက်လာစေရန် ဦးတည်ဆွေးနွေးလိုကြောင်း၊ ယနေ့ခေတ်တွင် နည်းပညာနှင့် သုတေသနတီထွင်မှုများသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှုအတွက် များစွာအထောက်အကူပြုသည်ကို အားလုံး သိပြီးဖြစ်ကြောင်း၊ လျင်မြန်စွာ ပြောင်းလဲနေသည့် ကမ္ဘာ့စီးပွားရေးတွင် ဆန်းသစ်တီထွင်မှုကို အားပေးသည့်နိုင်ငံများ၊ ဒေသများအနေဖြင့် စီးပွားရေး တိုးတက်မှုကို မြှင့်တင်နိုင်ပြီး အလုပ်အကိုင်များ ဖန်တီးပေးနိုင်ခြင်း၊ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်လာနိုင်ခြင်းစသည့် လူမှုဘဝအရည်အသွေးများကို မြှင့်တင်ပေးနိုင်သည်ကို တွေ့ရ ကြောင်း။
ဆန်းသစ်တီထွင်မှုသည် လွယ်လွယ်ကူကူဖြင့် အောင်မြင်နိုင်သည့် အရာမဟုတ်ဘဲ၊ ပြီးပြည့်စုံသည့် စနစ်များ၊ ထိရောက်သောမူဝါဒများနှင့် ရင်းနှီးမြှုပ်နှံမှုများကိုပါ တစ်ပြိုင်တည်းလိုအပ်ကြောင်း၊ ထို့ပြင် ကာလအလိုက် ပြောင်းလဲနေသည့် အခြေအနေများအပေါ်မူတည်ပြီး ကျိုးကြောင်းဆီလျော်စွာနှင့် ဆန်းသစ်တီထွင်မှုကို မွမ်းမံနေမှသာ ပိုမိုအောင်မြင်သည့်ရလဒ်များကို ရရှိမည်ဖြစ်ကြောင်း။
ထို့ကြောင့် မိမိအနေဖြင့် ဆန်းသစ်တီထွင်မှုနှင့်အဆင့်မြှင့်တင်မည့် ဂျီအမ်အက်စ် ဒေသခွဲသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူဖြစ်စေမည်ဟု ယုံကြည်ကြောင်း၊ ဂျီအမ်အက်စ်ဒေသခွဲအနေဖြင့် ကဏ္ဍတစ်ခုချင်းအလိုက် ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဆန်းသစ်တီထွင်မှုကို အခြေခံပြီး ဆောင်ရွက်ရာတွင် အုပ်ချုပ်မှု၊ လူ့စွမ်းအားအရင်းအမြစ်၊ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ရန်ပုံငွေစသည်များကို အလေးထားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မိမိတို့မြန်မာနိုင်ငံအနေဖြင့်လည်း ယင်းအချက်များကို အခြေခံပြီး ဆန်းသစ်တီထွင်မှုလမ်းပြမြေပုံကို ရေးဆွဲနေခြင်းဖြစ် ကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များကပါ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်မှုနှင့် ပတ်သက်၍ ပြောကြားရာ၌ “တစ်ချိန်တည်းမှာပဲ တီထွင်ဆန်းသစ်မှုများဟာ မိမိနိုင်ငံရဲ့ ရေမြေသဘာဝ၊ ပထဝီအနေအထားတွေနဲ့ ကိုက်ညီဖို့လိုတဲ့အပြင် အစိုးရ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ ပုဂ္ဂလိကနဲ့ ဒေသန္တရ အစိုးရများအပြင် အသိပညာရှင် အတတ်ပညာရှင်တွေ၊ စွန့်ဦးတီထွင်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်များကပါ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ အခြားတစ်ဖက်တွင်လည်း အရင်းအမြစ်များရရှိနိုင်မှုသည် အလွန်ပင် အရေးကြီးကြောင်း၊ ဆန်းသစ်တီထွင်မှုအတွက် သုတေသနနှင့် ဖွံ့ဖြိုးမှု (R&D) သည် မရှိမဖြစ်လိုအပ်သည့် အရင်းအမြစ်ဖြစ်သကဲ့သို့ ဆန်းသစ်တီထွင်မှု ရန်ပုံငွေအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ ပံ့ပိုးမှု စသည့်နယ်ပယ်ပေါင်းစုံက အရင်းအမြစ်များနှင့် ပေါင်းစည်းပြီး ဆောင်ရွက်မှသာ ပြည့်စုံမည်ဖြစ်ကြောင်း။
ဆန်းသစ်တီထွင်မှုကို ဖော်ဆောင်ရာတွင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ခြင်း၊ နည်းပညာများ လက်ခံကျင့်သုံးမှု တိုးမြင့်လာစေခြင်းတို့ဖြင့် ဂျီအမ်အက်စ် ဒေသတွင်း ဆန်းသစ်သော ကုန်စည်နှင့်ဝန်ဆောင်မှုများ စီးဆင်းမှုလွယ်ကူချောမွေ့လာစေမည် ဖြစ်ကြောင်း။
နိုင်ငံတစ်နိုင်ငံအတွက် ဆန်းသစ်တီထွင်မှုကို ဖော်ဆောင်ရာတွင်အုပ်ချုပ်မှု ယန္တရားအဖြစ် လုပ်ငန်းအဖွဲ့၊ ဖိုရမ်စသည်ဖြင့် ဆောင်ရွက်မည့် အစီအမံများ စနစ်တကျ ရှိရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသားသိပ္ပံ၊ နည်းပညာ နှင့်ဆန်းသစ် တီထွင်မှုကောင်စီကို ဖွဲ့စည်းထားပြီး ဆန်းသစ်တီထွင်မှုဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း။
စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံများနှင့်ဖွဲ့စည်းထားသည့် ဂျီအမ်အက်စ် ဒေသခွဲအနေဖြင့် စိုက်ပျိုးစီးပွား ပိုမိုတိုးတက်ထွန်းကားလာရန်နှင့် စားနပ်ရိက္ခာဖူ လုံရန်အတွက် ဆန်းသစ်တီထွင်မှုနှင့် အရှိန်မြှင့်တင်ရမည်ပင်ဖြစ်ကြောင်း။ ဂျီအမ်အက်စ်အစီအစဉ်၏ ကဏ္ဍအားလုံးကို ဆန်းသစ်တီထွင်မှုမဟာဗျူဟာနှင့် ချိတ်ဆက် ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ မဟာဗျူဟာအရ အထူးသဖြင့် စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတို့ကို ဦးစားပေး ဆောင်ရွက်သွားမည်ဆိုသည့် လုပ်ငန်းစဉ်ကလည်း ဒေသတွင်းလိုအပ်ချက်အရ များစွာသင့်တော်ကြောင်း။
ယင်းဦးစားပေးကဏ္ဍများအပြင် ကျန်ရှိနေသည့် စွမ်းအင်၊ ကျန်းမာရေး၊ မြို့ပြဖွံ့ဖြိုး တိုးတက်ရေးနှင့် ပို့ဆောင်ရေးကဏ္ဍတို့တွင် ဆက်လက်ဆောင်ရွက်သွားရန် ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ကျန်းမာရေးကဏ္ဍတွင် နည်းပညာ အသစ်များဖြင့် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှု၊ ကျန်းမာရေးနှင့် လူသားအရင်း အမြစ်ချိတ်ဆက်မှု၊ ဆေးပညာဆိုင်ရာ တက္ကသိုလ်အဆင့်ချိတ်ဆက်မှုများမှတစ်ဆင့် ကုသမှုနည်းပညာများ ပေါင်းစည်းဆောင်ရွက်ခြင်း၊ အဆင့်မြင့်ကုသနည်း ဖော်ထုတ်ခြင်းများကို ဆောင်ရွက်ကြရန်နှင့် နည်းပညာလွှဲပြောင်းမှုစင်တာများနှင့် အသိပညာ ဖြန့်ဝေရေးစင်တာများမှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း။
နိုင်ငံအသီးသီးတွင် မူပိုင်ခွင့်ဥပဒေများ၊ သက်ဆိုင်ရာကဏ္ဍအလိုက် ဥပဒေများက ပြဋ္ဌာန်းထားပြီး ဖြစ်ကြသည့်အတွက် နိုင်ငံအချင်းချင်းဖြစ်စေ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများက တစ်ဆင့်ဖြစ်စေ ဆန်းသစ်တီထွင်မှုကဏ္ဍတွင် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ခြင်းဖြင့် ဂျီအမ်အက်စ်ဒေသခွဲအတွင်း အဖွဲ့ဝင် နိုင်ငံအားလုံးအတွက် တိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း အကြံပြု ဆွေးနွေးခဲ့သည်။
ထို့နောက် သဘာပတိက ဆွေးနွေးမှုများအပေါ် အကျဉ်းချုပ်တင်ပြပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေး ပထမပိုင်းကို ရုတ်သိမ်းခဲ့သည်။
ယင်းနောက် အစည်းအဝေးအစီအစဉ် ဒုတိယအပိုင်းအဖြစ် “ဆန်းသစ်တီထွင်မှု ဖော်ဆောင်ခြင်းဖြင့် ပိုမိုကောင်းမွန်သည့် အသိုက်အဝန်းဆီသို့” ခေါင်းစဉ်ဖြင့် နိုင်ငံ့ ခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေးကို ဆက်လက်ကျင်းပရာ အဖွဲ့ဝင် နိုင်ငံ ၆ နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များ၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌနှင့် မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အဖွဲ့ဝင်နိုင်ငံများမှ ဒေသန္တရအစိုးရ ကိုယ်စားလှယ်များ စုစုပေါင်း ၂၀၀ ခန့် ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေး၌ အိမ်ရှင်နိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် H.E. Mr. Li Qiang က အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များနှင့် အာရှဖွံ့ဖြိုးရေးဘဏ်မှ ဥက္ကဋ္ဌတို့က အမှာစကား ပြောကြားကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် မဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (ဂျီအမ်အက်စ်) အစီအစဉ်၏ အဋ္ဌမအကြိမ် ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခြင်းအတွက် ဂုဏ်ယူပါကြောင်း၊ ဖော်ရွေပျူငှာစွာ ဖိတ်ကြားခြင်းနှင့် သာယာလှပပြီး စိတ်ဝင်စားစရာကောင်းသည့် ကူမင်းမြို့သို့ မိမိနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ ရောက်ရှိချိန်မှစပြီး လှိုက်လှဲနွေးထွေးပျူငှာသည့် ဧည့်ဝတ် ကျေပွန်မှုတို့အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရကို ကျေးဇူးတင်ရှိပါကြောင်းကို လေးလေးနက်နက် ပြောကြားလိုကြောင်း။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ရာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် မိမိတို့ မြန်မာ နိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံများတွင် လူပေါင်းများစွာ ရေဘေးသင့်ဒဏ်၊ မြေပြိုမှု ဒဏ်များကို ခံစားခဲ့ကြရကြောင်း၊ မိမိတို့အနေဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို နိုင်ငံအစိုးရအချင်းချင်း၊ အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းများ၊ ပြည်သူများနှင့် အတူလက်တွဲပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြောင်း၊ ရာဂီတိုင်ဖွန်း မုန်တိုင်း၏ သက်ရောက်မှုကို ဆိုးရွားစွာခံစားခဲ့ရသည့် ဂျီအမ်အက်စ်ဒေသခွဲရှိ ပြည်သူများအားလုံး ပုံမှန်အခြေအနေသို့ အမြန်ဆုံး ရောက်ရှိကြပါစေကြောင်း။
၁၉၉၂ ခုနှစ်ကတည်းကစပြီး ဆယ်စုနှစ် ၃ ခုကျော်ကာလ လျှောက်လှမ်းလာခဲ့သည့် ဂျီအမ်အက်စ် အစီအစဉ်သည် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတွင် သိသာထင်ရှားသည့် အောင်မြင်မှုများ ရရှိခဲ့သည့်အတွက် ဂုဏ်ယူပါကြောင်း၊ အထူး သဖြင့် ၂၀၂၁ ခုနှစ်တွင် ကျင်းပခဲ့သည့် သတ္တမအကြိမ် ဂျီအမ်အက်စ် ထိပ်သီး အစည်းအဝေးနောက်ပိုင်း ၃ နှစ်တာကာလအတွင်း ရရှိခဲ့သည့် ဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ ဂျီအမ်အက်စ်အတွင်း ရေးမှူးရုံး၏ စဉ်ဆက်မပြတ် ကူညီပံ့ပိုးမှုများနှင့် အဖွဲ့ဝင်နိုင်ငံ အားလုံး၏ ကြိုးပမ်းဆောင်ရွက်မှု၊ ဖွံ့ဖြိုးမှု မိတ်ဖက်များ၊ ပုဂ္ဂလိက ကဏ္ဍနှင့် ဒေသန္တရအစိုးရများ၏ ပံ့ပိုးပါဝင်မှုများကို ကျေးဇူးတင် အသိအမှတ်ပြုကြောင်း၊ ပူးပေါင်းဆောင်ရွက် အားထုတ်မှုများဖြင့် ကောင်းမွန်ထိရောက်သည့် ဖွံ့ဖြိုးမှုရလဒ်များကို အနာဂတ်ကာလတွင် ဆက်လက် ဆောင်ကြဉ်းပေးနိုင် လိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မဟာဗျူဟာရေးဆွဲရေးဆိုင်ရာ သဘောတရားစာတမ်း (Concept Paper) အတည်ပြု မှုနှင့်ပတ်သက်၍ ပြောကြားရာတွင် “နိုင်ငံတကာမှာ ဆန်းသစ်တီထွင်မှုနဲ့ပတ်သက်ပြီး အလေးထား ဆောင်ရွက်နေကြတာ ဖြစ်တဲ့အတွက် “ဆန်းသစ်တီထွင်မှု ဖော်ဆောင် ခြင်းဖြင့် ပိုမိုကောင်းမွန်သည့် အသိုက်အဝန်းဆီသို့” ဆိုတဲ့ ဒီထိပ်သီးအစည်းအဝေးရဲ့ ခေါင်းစဉ်နဲ့ ဒီကနေ့အတည်ပြုမယ့် ဆန်းသစ်တီထွင်မှု မဟာဗျူဟာ (Innovation Strategy) တို့ဟာ ဂျီအမ်အက်စ်ဒေသခွဲအတွက် အချိန်အခါသင့်ဖြစ်ပါတယ်။ ဒေသခွဲ အတွင်း ကုန်ထုတ်စွမ်းအားမြှင့်တင်မှု၊ နည်းပညာတိုးတက်မှု၊ စက်မှုလုပ်ငန်းသစ်များနဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုတို့အတွက် နည်းပညာနဲ့ ဆန်းသစ်တီထွင်မှုဟာ အဓိက မောင်းနှင်အားပဲ ဖြစ်ပါတယ်။
အားလုံးသိပြီးဖြစ်တဲ့အတိုင်း ဂျီအမ်အက်စ်ရဲ့ ဆန်းသစ် တီထွင်မှုမဟာ ဗျူဟာ ၂၀၃၀ ဟာ ဂျီအမ်အက်စ် မဟာဗျူဟာမူဘောင် ၂၀၃၀ အကောင်အထည်ဖော်ရာမှာ ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ရေးဆွဲထားတာဖြစ်ပြီး မဟာဗျူဟာ ရေးဆွဲရေးဆိုင်ရာ သဘောတရားစာတမ်း (Concept Paper) ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၆ ကြိမ်မြောက် ဂျီအမ်အက်စ်ဝန်ကြီးများ အစည်းအဝေးမှာ အတည်ပြုခဲ့ကြပြီးဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအဆင့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု လမ်းပြမြေပုံ (၂၀၂၅-၂၀၃၀) (National Science, Technology and Innovation Road Map, 2025-2030) ကို အပြီးသတ်နိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် ညှိနှိုင်းချိတ်ဆက်ပြီး အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင် ၆ နိုင်ငံအနေဖြင့် နှစ်ပေါင်း ၃၀ ကျော်ကာလ အတွင်း မျှော်မှန်းချက်တစ်ခုတည်း (Six nations, Three decades, One vision) ဖြင့် ရပ်တည်ဆောင်ရွက်လာခဲ့ကြသည့် ဂျီအမ်အက်စ်အစီအစဉ်၏ အောင်မြင်မှုများကို ပြန်ကြည့်မည်ဆိုပါက ပြီးခဲ့သည့် သတ္တမအကြိမ် ထိပ်သီးအစည်းအဝေးနောက်ပိုင်း မဟာဗျူဟာ - ၂၀၃၀ (Strategy-2030) ကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် ကဏ္ဍအလိုက် မဟာဗျူဟာများ၊ မူဘောင်များရေးဆွဲခြင်း၊ ဗျူဟာကျနည်းလမ်းများကို လေ့လာမှုများပြုလုပ်ခြင်း၊ အကောင်အထည်ဖော်မှု အစီအစဉ်များ၊ လုပ်ငန်းစီမံချက်များရေးဆွဲခြင်းတို့ လုပ်ဆောင်နိုင်ခဲ့သည်ကို ချီးကျူးဂုဏ်ပြုလိုကြောင်း။
ယနေ့ခေတ်ကာလတွင် ကမ္ဘာ့နိုင်ငံများအတွက်စိန်ခေါ်မှုအဖြစ် ရင်ဆိုင်နေကြရသည့် ရာသီဥတုပြောင်းလဲမှု၊ စားရေရိက္ခာဖူလုံမှု၊ သဘာဝဘေးအန္တရာယ်၊ ငွေကြေးဖောင်းပွမှု၊ ကမ္ဘာ့ကျန်းမာရေး အကျပ်အတည်း၊ စွမ်းအင်ဈေးနှုန်း မြင့်တက်လာမှု၊ ရွှေ့ပြောင်း လုပ်သားနှင့် စီးပွားရေးမညီမျှမှုစသည့် စိန်ခေါ်မှုများသည် အပြန်အလှန် ဆက်နွယ်နေကြခြင်း ဖြစ်ကြောင်း။
ယင်းစိန်ခေါ်မှုများကို တစ်နိုင်ငံတည်း၊ အဖွဲ့အစည်းတစ်ခုတည်းအနေဖြင့် ဖြေရှင်း၍ မရသည့်အတွက် ညှိနှိုင်းပေါင်းစပ်မှုနှင့် ဘက်စုံချဉ်းကပ်ဆောင်ရွက်မည့် နည်းလမ်းများ လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အရင်းအမြစ်များကို ပေါင်းစည်းအသုံးပြုခြင်း၊ အသိပညာမျှဝေခြင်းနှင့် မူဝါဒများကို လိုအပ်သလို ချိန်ညှိဆောင်ရွက်ခြင်းဖြင့် ဂျီအမ်အက်စ်ဒေသ၏ ခံနိုင်ရည်ရှိမှုနှင့် ရေရှည်တည်တံ့မှုကို မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း၊ ရေမြေအနေအထား၊ သဘာဝအခြေခံ တူညီနေသည့် ဂျီအမ်အက်စ် နိုင်ငံများအနေဖြင့် ဂေဟစနစ်များ၊ ရေလမ်းကြောင်းနှင့် ရာသီဥတုများကို မျှဝေလေ့ရှိခြင်းကြောင့် ယင်းစိန်ခေါ်မှုများကို ဖြေရှင်းရာတွင် ဂျီအမ်အက်စ် အစီအစဉ်၏ 3 C ဟုခေါ်သည့် ချိတ်ဆက်မှု (Connectivity)၊ ယှဉ်ပြိုင်မှု (Competitiveness) နှင့် လူမှုအသိုက်အဝန်း (Community) စသည့် မဏ္ဍိုင် ၃ ရပ်အောက်တွင် အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း။
ယနေ့ထိပ်သီးအစည်းအဝေးတွင် မှတ်တမ်းတင်မည့် ကဏ္ဍအလိုက် မဟာဗျူဟာများ၊ လုပ်ငန်းအစီအစဉ်များသည် အဖွဲ့ဝင်နိုင်ငံများမှ မူဝါဒချမှတ်သူများ၊ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသူများကို အကြံဉာဏ်ကောင်း၊ နည်းလမ်းကောင်းများ ပံ့ပိုးပေးနိုင်မည်ဟု ယုံကြည်ကြောင်း၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတစ်ခုတည်ဆောက်ရာတွင် ကျန်းမာကြံ့ခိုင်သည့် လူ့စွမ်းအား အရင်းအမြစ်များ လိုအပ်သည့်အတွက် နိုင်ငံတစ်နိုင်ငံ၏ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု (Public Health Care) သည် လွန်စွာအရေးကြီးကြောင်း၊ နောင်အနာဂတ်ကာလတွင် တိုးတက်လာမည့် လူဦးရေနှင့် ပြောင်းလဲလာမည့် လူမှုစီးပွား၊ ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများကို ကြိုတင်တွက်ဆပြီး ရှိရင်းစွဲ အရင်းအမြစ်များကို အကောင်းဆုံးအသုံးချခြင်းဖြင့် နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို အရည်အသွေးပြည့်ဝအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမျိုးသားအဆင့် ဆောင်ရွက်မှုများကို ဂျီအမ်အက်စ်၏ ကျန်းမာရေးမဟာဗျူဟာနှင့် ချိတ်ဆက်ပြီး ဒေသန္တရအစိုးရများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ပြောကြားလိုကြောင်း။
ဒေသ၏စိန်ခေါ်မှုတစ်ရပ်ဖြစ်သည့် စားနပ်ရိက္ခာဖူလုံရေး (Food Security) နှင့် ပတ်သက်ပြီး အနည်းငယ် ပြောကြားလိုကြောင်း၊ ကမ္ဘာ့လူဦးရေသည် ယခု ၈ ဒသမ ၃ ဘီလီယံရှိပြီး ၂၀၃၀ တွင် ၈ ဒသမ ၆ ဘီလီယံ၊ ၂၀၃၅ ၈ ဒသမ ၉ ဘီလီယံရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ရိက္ခာဖူလုံမှု ပြဿနာသည် ပိုမိုကြီးမားလာဖွယ်ပင်ရှိကြောင်း၊ စားနပ်ရိက္ခာ ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဖြန့်ဖြူးမှုတို့သည် နိုင်ငံတစ်နိုင်ငံ၏ နယ်နိမိတ်အတွင်းမှာသာ ဆောင်ရွက်နေရခြင်းမဟုတ်သည့်အတွက် စားနပ်ရိက္ခာ ဖူလုံမှုကို စဉ်းစားရင်ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း၊ စိုက်ပျိုးရေး ကဏ္ဍတွင် ဆန်းသစ်တီထွင်မှုဆိုင်ရာ ဗဟုသုတများ မျှဝေခြင်း၊ ဒေသတွင်း စားနပ်ရိက္ခာဈေးကွက် ဖော်ဆောင်ခြင်း၊ နည်းပညာလွှဲပြောင်းမှု အပါအဝင် ရင်းနှီးမြုပ်နှံမှုများတိုးမြှင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို ခေတ်မီနည်းစနစ်များ အသုံးပြုပြီး ပြည်သူများ၏ စားနပ်ရိက္ခာ ဖူလုံစေရန်အတွက် အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံများထဲတွင် အဆင့် ၈ ဖြစ်ပြီး ပဲတင်ပို့မှုတွင် အဆင့် (၂) ရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံမှုသာမက ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းလျက်ရှိပါကြောင်းကို အသိပေး ပြောကြားလိုကြောင်း။
ဆက်လက်၍ ဂျီအမ်အက်စ်၏ သင်္ကေတတစ်ခုဖြစ်သည် စီးပွားရေးစင်္ကြံများ၏ အရေးပါမှုကို အလေးထားပြောကြားလိုကြောင်း၊ စီးပွားရေးစင်္ကြံများဖွံ့ဖြိုးမှုသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို အရှိန်မြှင့်တင်ရန်၊ ဒေသတွင်းပေါင်းစည်းမှုကို မြှင့်တင်ရန်နှင့် အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် လွန်စွာအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေခြင်း ဖြစ်ကြောင်း၊ ထုတ်လုပ်သူများနှင့် စျေးကွက်များအကြား ချိတ်ဆက်မှုကို တိုးမြှင့်ခြင်းဖြင့် စီးပွားရေးစင်္ကြံတစ်လျှောက် ကုန်သွယ်မှုတိုးတက်စေသည့်အပြင် နိုင်ငံဖြတ်ကျော်ကုန်သွယ်မှုတွင် စျေးကွက်အသစ် များ ပေါ်ထွန်းလာစေနိုင်ကြောင်း၊ ယင်းစီးပွားရေး စင်္ကြံများကို အသုံးပြုပြီး အဖွဲ့ဝင် နိုင်ငံများအားလုံး ပါဝင်သော ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် အလေး ထား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
လက်ရှိ မြန်မာနိုင်ငံ၏ ဦးတည်ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်းပြီး အကျဉ်းမျှ အသိပေး ပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး ၅ ရပ်အပေါ်တွင် အခြေခံပြီး နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေးမူဝါဒကို ကျင့်သုံးနေခြင်းဖြစ်ကြောင်း။ မိမိတို့အနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများ၏ အကျိုးစီးပွားများကို အလေးထားပြီး ရှေ့လုပ် ငန်းစဉ် (၅) ရပ်၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဦးတည်ချက် (၉)ရပ် ချမှတ်ကာ ကဏ္ဍအလိုက်အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း။
လျင်မြန်စွာပြောင်းလဲနေသည့် အခြေအနေများကြားမှ လက်ရှိနိုင်ငံအချင်းချင်းနှင့် ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားသော နိုင်ငံတကာ ကတိကဝတ်များကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွင် တန်းတူညီမျှမှုနှင့် အားလုံးပါဝင်မှုသည် အဓိကကျသည့် အခြေခံမူပင် ဖြစ်ကြောင်း၊ ထို့ကြောင့် ဂျီအမ်အက်စ်ဒေသတွင်း လူမှု-စီးပွားဖွံ့ဖြိုး တိုးတက်မှုကို ထောက်ပံ့ပေးနိုင်မည့် ကဏ္ဍအလိုက် စီမံချက်များကို အကောင်အထည်ဖော်ရာတွင် အဖွဲ့ဝင်နိုင်ငံအချင်းချင်း ပူးပေါင်းမှု၊ ဂျီအမ်အက်စ် အတွင်းရေးမှူးရုံး၏ ပံ့ပိုးကူညီမှုများသာမက ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ ပုဂ္ဂလိကကဏ္ဍနှင့် ဒေသန္တရ အစိုးရများ အပါအဝင် အခြားသက်ဆိုင်သူများအားလုံး အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။
ယခုထိပ်သီးအစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်များ၏ အကြံပြုချက်များသည် အနာဂတ်တွင် ပိုမိုကြံ့ခိုင်၍ ခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့မှုရှိသည့် ဂျီအမ်အက်စ် အသိုက်အဝန်းတစ်ရပ်ဖြစ်ပေါ်လာရေးအတွက် များစွာအထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးက သတ္တမအကြိမ် ဂျီအမ်အက်စ် ထိပ်သီးအစည်းအဝေး နောက်ပိုင်းရရှိခဲ့သည့် ဖြစ်ပေါ် တိုးတက်မှုအခြေအနေများကို နိုင်ငံ့ခေါင်းဆောင်များထံ အစီရင်ခံတင်ပြသည်။
ဆက်လက်၍ ၂၀၂၄ ခုနှစ်၊ မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံ ပြည်နယ်/ တိုင်းအဆင့် ခေါင်းဆောင်များ ဖိုရမ်အစီရင်ခံစာကို ယူနန်အစိုးရအဖွဲ့မှ တာဝန်ရှိသူက လည်းကောင်း၊ ဖွံ့ဖြိုးမှု မိတ်ဖက်များအစည်းအဝေးရလဒ်ကို ဂျီအမ်အက်စ်အတွင်း ရေးမှူးရုံးမှ တာဝန်ရှိသူကလည်းကောင်း တင်ပြကြပြီး ထိပ်သီးအစည်းအဝေးပူးတွဲ ကြေညာချက်နှင့် ဂျီအမ်အက်စ်ဆန်းသစ်တီထွင်မှု မဟာဗျူဟာ ၂၀၃၀ ကို အတည်ပြု ချမှတ်ပြီး အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
အဆိုပါ အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်း ရေးမှူးနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ အရပ်ဘက်မှ အဆင့်မြင့်အရာရှိကြီးများ ပါဝင် တက်ရောက်ခဲ့ကြသည်။
မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (Greater Mekong Subregion – GMS Economic Cooperation Program) ကို ၁၉၉၂ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ဆယ်စုနှစ် ၃ ခုကျော် အောင်မြင်စွာ ရပ်တည်လျက်ရှိသည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြစ်ကြောင်း၊ ဂျီအမ်အက်စ် အစီအစဉ်အရ ထိပ်သီးအစည်းအဝေးများကို မဟာမဲခေါင်ဒေသခွဲအစီအစဉ်၏ (၁၀) နှစ် ပြည့်မြောက် သည့် ၂၀၀၂ ခုနှစ်မှစတင်၍ (၃) နှစ်လျှင် တစ်ကြိမ် မဟာမဲခေါင်ဒေသခွဲ (၆) နိုင်ငံမှ အက္ခရာစဉ်အလိုက် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအနေနှင့် စတုတ္ထအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် အိမ်ရှင်နိုင်ငံအဖြစ် နေပြည်တော်၌ လက်ခံကျင်းပခဲ့ကြောင်း၊ ထိပ်သီးအစည်းအဝေးများတွင် အနာဂတ်ကာလ ဒေသခွဲ ဖွံ့ဖြိုးရေးနှင့် စပ်လျဉ်းသည့် မျှော်မှန်းချက်များ ပြည့်မီအောင်မြင်စေရေးဆိုင်ရာ ကတိကဝတ်များပြုကြပြီး နိုင်ငံ့ခေါင်းဆောင်များ၏ အရေးပါသော ပူးတွဲကြေညာချက်ကို ထုတ်ပြန်လေ့ရှိရာ ယနေ့ကျင်းပသည့် အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးတွင် ဆန်းသစ်တီထွင်မှု မူဘောင်နှင့် ထိပ်သီးအစည်းအဝေး ပူးတွဲကြေညာချက်စာတမ်းတို့ကို အတည်ပြုချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
.jpg)
No comments