(၂၉) ကြိမ်မြောက် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ အစည်းအဝေးကျင်းပ




နေပြည်တော် နေပြည်တော် ၆


မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ (၂၉)ကြိမ်မြောက် အစည်းအဝေးကိုယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပမျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ကော်မတီဝင်များ၊ သီးနှံကျွမ်ကျင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ ခေါင်းဆောင်များနှင့် ပညာရှင်ဝန်ထမ်းများ တက်ရောက်ကြပြီး မျိုးသစ်မျိုးဖျား (၆၂)မျိုးတို့အပေါ် ဝိုင်းဝန်းသုံးသပ်ဆွေးနွေးကြသည်။


အစည်းအဝေးတွင် မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက မျိုးစေ့များကို တခြားနိုင်ငံမှ တင်သွင်းနေရခြင်းမျိုး မဟုတ်ဘဲ၊  တောင်သူများ ဈေးနှုန်းချိုသာစွာဖြင့် လိုအပ်သည့်အချိန် လိုအပ်သည့် ပမာဏကို လွယ်ကူစွာ ဝယ်ယူရရှိနိုင်ရေးအတွက် ပြည်တွင်းမျိုး စေ့ကုမ္ပဏီများ၊ လုပ်ငန်းရှင်များကို မိမိတို့ နိုင်ငံတွင်း၌ အရည်အသွေးကောင်းမျိုးစေ့များ ထုတ်လုပလာနိုင်ရေးကိုလည်း တစ်ဖက် တစ်လမ်းက အားပေးဆောင်ရွက်လျက်ရှိပြီး မိမိတို့နိုင်ငံ၏ Seed Industry တွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ တိုးတက်ဝင်ရောက်လာရေးကိုလည်း ဆွဲဆောင်ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ အစေ့ထုတ်ပြောင်း စပ်မျိုး (F1) မျိုးစေ့များကို ပြည်ပမှ နှစ်စဉ်ဝယ်ယူတင်သွင်း နေရမည်အစား မိဘလိုင်းများ တင်သွင်းပြီး ပြည်တွင်း၌ စပ်မျိုးထုတ် လုပ်ခြင်းဖြင့် တောင်သူများ ဈေးနှုန်းသက်သာစွာနှင့် လိုအပ်သည့်ပမာဏကို လိုသလောက် ရရှိနိုင်မည်ဖြစ်ကြောင်း၊ သီးနှံကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့များနှင့် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီအဖွဲ့ဝင်များက မျိုးစေ့ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ရာတွင် အချက် (၃) ချက်ဖြစ်သည့် ဒေသရေမြေ ရာသီဥတုနှင့် ကိုက်ညီမှု၊ အသိအမှတ်ပြု လက်မှတ်ရရှိပြီးမျိုးများထက် ထူးခြားသာလွန်မှု၊ ဇီဝမျိုးစုံမျိုးကွဲများကို ထိခိုက်နိုင်မှု ရှိ၊ မရှိ စသည့်အချက်များနှင့်အညီ အဆင့်ဆင့်စိစစ်ပြီး သဘောထားမှတ်ချက်များနှင့်အတူ တင်ပြလာခြင်းအပေါ် ဆွေးနွေး ဆုံးဖြတ်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီအတွင်းအရေးမှူးက အစည်းအဝေးတွင် မျိုးသစ်အသိအမှတ်ပြုလက်မှတ်ရရှိရန် အစိုးရဌာနနှင့် ကုမ္ပဏီများမှ တင်ပြလာသည့် သီးနှံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌနှင့် အစည်းအဝေး တက်ရောက်လာကြသူများက ဝိုင်းဝန်းသုံးသပ်ဆွေးနွေးကြသည်။ မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ အနေဖြင့် (၂၈) ကြိမ်မြောက် ကော်မတီအစည်း အဝေးအထိ လယ်ယာသီးနှံ (၇၀၅) မျိုး၊ ဥယျာဉ်ခြံ သီးနှံ (၈၉၂) မျိုး၊ စက်မှုသီးနှံ (၁၃၁) မျိုးနှင့် မိဘမျိုးလိုင်း (၁၉၇) လိုင်း၊ စုစုပေါင်း (၁၉၂၅) မျိုးတို့ကို စိစစ်ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ယနေ့ကျင်းပသည့် (၂၉)ကြိမ်မြောက်အစည်းအဝေးတွင် သက်ဆိုင်ရာသီးနှံကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့များနှင့် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီတို့က အဆင့်ဆင့်စိစစ်၍ တင်ပြလာ သော စမ်းသပ်စိုက်ပျိုးအဖြေရရှိပြီးသည့် သက်တမ်းတိုးသီးနှံ (၂) မျိုး၏ မျိုးသစ်မျိုးဖျား (၄) မျိုး၊ မျိုးသစ် အဖြစ်တင်ပြမည့်သီးနှံ (၉) မျိုး၏ မျိုးသစ်မျိုးဖျား (၂၁) မျိုး၊ မိဘမျိုးလိုင်း (၃၇) မျိုး၊ စုစုပေါင်း (၆၂) မျိုး တို့ကို မျိုးသစ်အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ရေးအတွက် သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.