ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် မိတ္ထီလာ-တောင်ကြီး လမ်းပိုင်းရှိ သဘာဝဘေး ကြောင့်ပျက်စီးသွားသည့် လမ်း၊ တံတားများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် အခိုင်အမာ တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး
နေပြည်တော် နိုဝင်လာ ၆
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် သည် ညွှန်ကြားရေးမှူးချုပ်များနှင့် အတူယနေ့တွင် ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး(လမ်းဟောင်း)၏ တပ်ကုန်း - ရမည်းသင်း လမ်းအပိုင်း ပြုပြင်ထိန်းသိမ်းထားမှုနှင့် ပျော်ဘွယ် - ဘုရားငါးဆူလမ်းအပိုင်း ပြုပြင်ထိန်းသိမ်းထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်းအပိုင်းသည် ကုန်စည်စီးဆင်းမှုနှင့် လမ်းပန်းဆက်သွယ်ရေးတွင် အရေးပါသော လမ်းတစ်လမ်းဖြစ်၍ သဘာဝဘေးကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများ ၁၀၀ ရာခိုင်နှုန်း ပြီးစီးအောင် အမြန်ဆုံး ပြင်ဆင်သွားရန်လိုပါကြောင်း၊ လမ်းတစ်လျှောက် လမ်းအင်္ဂါရပ်နှင့်အညီ ပြုပြင်ရန်လိုအပ်ပါကြောင်း၊ ရေတိုက်စား၍ ပျက်စီးသည့်နေရာများတွင် ကျောက်ကြီးစီ မြေထိန်းနံရံများ စနစ်တကျ ထည့်သွင်းဆောင်ရွက်ပေးရန်နှင့် လမ်းဘေး ဝဲ / ယာ တွင် ရေစီးရေလာ ကောင်းမွန်စေရန် ရေမြောင်းများ၊ ချုံနွယ်များ ရှင်းလင်းပေးရန် မှာကြားသည်။
ထို့နောက် မိတ္ထီလာ - တောင်ကြီးလမ်း အပိုင်း မိုင်တိုင် အမှတ် (၄၇/၂)တွင် ရေတိုက်စား၍ ပျက်စီးသွားသည့် နေရာကို Retaining Wall ဖြင့် လုပ်ငန်း အဆင့်ဆင့် ပြုပြင်ဆောင်ရွက်နေမှုနှင့် မိုင်တိုင်အမှတ် (၆၂/၃)တွင် Retaining Wall တည်ဆောက် ပြီးစီးမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး နှစ်စဉ်ရေတိုက်စားသည့် နေရာများနှင့် လမ်းသားပျက်စီးမှုများပြားသည့် နေရာများ၌ လမ်းလွှဲဖောက်လုပ်နိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာ - တောင်ကြီးလမ်းအပိုင်းတွင် ယာဉ်ကြောကြပ်တည်းမှု မဖြစ်စေရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ရွှေညောင်မြို့ အနီးရှိ လမ်းအသုံးပြုခ ကောက်ခံသည့် Toll Plaza တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments