အင်ဒိုနီးရှားနိုင်ငံ၌ လီဝိုတိုဘီမီးတောင်ပေါက်ကွဲမှုကြောင့် ကိုးဦးသေဆုံး



နိုဝင်ဘာ ၄

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း နူဆာတန်ဂရာပြည်နယ်ရှိ လီဝိုတိုဘီမီးတောင်သည် ယမန်နေ့ညနှောင်းပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ကိုးဦးသေဆုံးခဲ့သည်ဟု အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ ဘီအင်န်ပီဘီက ပြောသည်။

အဆိုပါပေါက်ကွဲမှုသည် ယမန်နေ့ညပိုင်း ၁၁ နာရီ ၅၇ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ချော်ရည်ပူနှင့်ပြာများ မှုတ်ထုတ်မှုကြောင့် ထိုပြည်နယ်၏ ဖလောရက်စ်ဒေသရှိ ခရိုင်များထိခိုက်မှုရှိကြောင်း ဘီအင်န်ပီဘီက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထိုဒေသရှိ Wulanggitang, Ile Bura, and Titehena ခရိုင်သုံးခုတွင် မီးတောင်ပေါက်ကွဲမှုကြောင့် ထိခိုက်မှုများရှိကြောင်း ဖော်ပြထားသည်။ Wulanggitang ခရိုင်ရှိ ကျေးရွာခြောက်ရွာ၊ Ile Bura ခရိုင်ရှိ ကျေးရွာငါးရွာနှင့် Titehena ခရိုင်ရှိ ကျေးရွာငါးရွာတို့တွင်လည်း ထိခိုက်မှုများနှင့်ကြုံတွေ့နေရသည်ဟု ဘီအင်န်ပီဘီကဆိုသည်။

ယင်းမီးတောင်ပေါက်ကွဲမှုကြောင့် အရွယ်ရောက်သူ ရှစ်ဦးနှင့် ကလေးတစ်ဦးတို့ သေဆုံးခဲ့သည်။ သေဆုံးသူအားလုံးသည် Wulanggitang ခရိုင်ရှိ ကာလာတန်လိုကျေးရွာဒေသခံများဖြစ်သည်ဟု သိရသည်။ ဒေသအာဏာပိုင်များက ထိခိုက်မှုရှိသောဒေသခံများအတွက် စာသင်ကျောင်းများတွင် ယာယီနားခိုရေးစခန်းများဖွင့်လှစ်ပေးခဲ့သည်။

ဖလောရက်စ်ဒေသအစိုးရအဖွဲ့က ၎င်းမီးတောင်အခြေအနေကိုအနီးကပ်ဆက်လက်စောင့်ကြည့်ရန်နှင့် တုံ့ပြန်မှုလျင်မြန်စွာလုပ်ဆောင်ရန် မီးတောင်ဆိုင်ရာအရေးပေါ်သတိပေးချက်ကိုလည်း ဒီဇင်ဘာ ၃၁ ရက်အထိ ရက်တိုးမြှင့်ထားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.