ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၅၈၉)ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကျင်းပ



ရန်ကုန် နိုဝင်ဘာ ၅

 

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရား ထက်သန်စွာလှူဒါန်းကြသော ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က (၅၈၉)ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

 

ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး အလှူရှင်များက အလှူတော်ငွေများ ပေးအပ်လှူဒါန်းကြရာ အလှည့်ကျ သဘာပတိ ဦးမင်းလွင်နှင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၀င်များက လက်ခံရယူပြီး ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

 

ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယ နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တတိလောကာ ဘိဝံသထံမှ တက်ရောက်လာကြသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချ အနုမောဒနာတရားနာယူကြသည်။

 

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ ရွှေသင်္ကန်းတော် ရွှေပြားအလှူရှင် (၁၁၅)ဦးက ခြောက်ကျပ်သား ရွှေပြား ၇ ချပ်၊ တစ်ကျပ်သား ရွှေပြား ၁၂၉ ချပ် စုစုပေါင်း ရွှေစင်ရွှေပြားအချပ် ၁၃၆ လှူဒါန်းခဲ့ကြပြီး ငွေသားအလှူရှင် (၁၃၀) အပါအ၀င် စုစုပေါင်း လှူဒါန်းငွေကျပ် ၃၂၃၈၀၉၅၃၃၄ ကျပ် (ကျပ်သိန်းပေါင်း သုံးသောင်းနှစ်ထောင်သုံးရာ​ရှစ်ဆယ့်သိန်း ကိုးသောင်း ငါးထောင်သုံးရာ သုံးဆယ့်လေးတိတိ) ကို လှူဒါန်းကြကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.