ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပြန်ကြားရေးဝန်ကြီးဌာန အားကစားနည်းခြောက်မျိုး ပါဝင်ယှဉ်ပြိုင်မည်




နေပြည်တော် နိုဝင်ဘာ ၄


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပြန်ကြားရေးဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားနည်းများအလိုက် အသင်းအုပ်ချုပ်သူ၊  နည်းပြများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။


အဆိုပါ တွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်  တာဝန်ရှိသူ များ တက်ရောက်ကြသည်။


ဦးစွာ ပါဝင်နွှဲပျော် ဂုဏ်ယူဖွယ်ရာ အမျိုးသားအားကစားပွဲတော်နှင့် ယှဉ်ပြိုင်နွှဲပျော် အမျိုးသား အားကစားပွဲတော် ဗီဒီယိုမှတ်တမ်းတို့ကို ပြသသည်။


ယင်းနောက်  ပြည်ထောင်စုဝန်ကြီးက  အမှာစကားပြောကြားရာတွင် ယခုနှစ်ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားသမားများစွာ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း အားကစားနည်းခြောက်မျိုးတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ အခမ်းအနားဖွင့်ပွဲ၊  ပိတ်ပွဲအခမ်းအနားများကို နိုင်ငံတော်အဆင့် ကြီးကျယ်ခမ်းနားစွာ  ကျင်းပမည် ဖြစ်သကဲ့သို့ အားကစားသမားများ၏ အားကစားစိတ်ဓာတ်အပြည့် ဖြင့်ပါဝင်ယှဉ်ပြိုင်မှုကလည်း အနှစ်သာရရှိပြီး  အရေးကြီးကြောင်း၊ အမျိုးသား အားကစားပွဲတော်သည် ကျန်းမာရေး၊ နိုင်ငံရေး၊ နိုင်ငံ့အရေးစသဖြင့် ဆက်စပ်နေ ကြောင်း၊ တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်စေရန်၊ နိုင်ငံသားအားလုံး စည်းလုံးညီညွတ်မှု  ရှိစေရန်နှင့် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ရန်စသည့် ရည်ရွယ်ချက်များဖြင့်လည်း ကျင်းပခြင်းဖြစ်ကြောင်း။


အားကစားသမားများအနေဖြင့် ကိုယ်စွမ်းကိုယ်စရှိရှိ၊ ဂုဏ်သိက္ခာရှိရှိ၊ ညီညီညွတ်ညွတ်၊  စိတ်ဓာတ်ကောင်းကောင်းဖြင့် ရေဆုံးမြေဆုံးအထိ ပါဝင်ယှဉ်ပြိုင်သွားကြရန် မှာကြားလိုကြောင်း၊ စိတ်ဓာတ်ကောင်းကောင်း၊ ထက်မြက်ကြံ့ခိုင် သွက်လက်စွာ အနိုင်မခံအရှုံးမပေး စိတ်ဓာတ်တို့ဖြင့် အနိုင်/အရှုံးထက် စည်းကမ်းတကျ  ပါဝင်ယှဉ်ပြိုင် ကြစေလိုကြောင်း၊ တစ်ဦးနှင့် တစ်ဦး နားလည်မှု၊ သည်းခံမှုတို့ဖြင့် အားကစားအရည်အသွေး ကို ပြသရန်၊ စံချိန်များ အမြင့်ဆုံး နှင့် အကောင်းဆုံးဖြစ်စေရန် ကြိုးစားကြစေလိုကြောင်း၊ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းထက် အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် မိမိတို့ဝန်ကြီးဌာန၊  မိမိတို့နိုင်ငံ ဂုဏ်သိက္ခာကို  မြှင့်တင်သည့်အနေဖြင့် ပါဝင်ယှဉ်ပြိုင်သွားကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။ 


ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများက  အားကစားနည်းများ အလိုက် ခင်းကျင်းပြသထားသည့် အားကစားဝတ်စုံများ၊  လေ့ကျင့်ရေးသုံးပစ္စည်းများ၊ တစ်ပတ်စာ အစားအစာများ၊  ဆေးပစ္စည်းများ နှင့် ပြိုင်ပွဲဝင်ပစ္စည်းများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုစစ်ဆေး ကာ ပြိုင်ပွဲဝင်အားကစားသမားများအား လိုအပ်သည်များမှာကြားပြီး အားပေးစကားပြောကြားသည်။


၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပြန်ကြားရေး ဝန်ကြီးဌာနက ဂေါက်သီးရိုက်(အလွတ်တန်း)၊ ပိုက်ကျော်ခြင်း(ကျား)၊  ဘောလုံး (ကျား)၊  ပြေးခုန်ပစ်(ကျား၊ မ)၊ ဘော်လီဘော(ကျား)နှင့် ဖူဆယ် (ဘောလုံး)(ကျား)တို့တွင် အုပ်ချုပ်သူ၊ နည်းပြနှင့် ပြိုင်ပွဲဝင်အားကစားသမားများ စုစုပေါင်း ၁၁၄ ဦး ပါဝင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.