ရှေ့ပြေးလူဦးရေစာရင်းအဖြစ် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေ ၅၁ ဒသမ ၃ သန်းကျော်ရှိကြောင်း ထုတ်ပြန်



နေပြည်တော် ဒီဇင်ဘာ ၃၁

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းမှရရှိသည့် အချက် အလက်များနှင့် ပတ်သက်၍ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန် ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC-2) ၌ ကျင်းပသည်။


အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ မန်းငြိမ်းမောင်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ် ကြီးများ၊ ကောင်စစ်ဝန်ချုပ်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ဌာနေ ကိုယ်စားလှယ်များနှင့် တာဝန်ရှိ သူများ၊ ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ပြည်တွင်း/ ပြည်ပသတင်း မီဒီယာများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။


ဦးစွာ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းဆိုင်ရာ Video Clip ကို ပြသသည်။


ထို့နောက် ဗဟိုသန်းခေါင် စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းသည် အခြားသော လူဦးရေစာရင်း ကောက်ယူမှတ်တမ်းတင်ခြင်း လုပ်ငန်းများနှင့်မတူညီဘဲ အချိန် ကာလကြာမြင့်စွာ၊ ဘဏ္ဍာငွေ များစွာဖြင့် စနစ်တကျ စီမံဆောင်ရွက်ရသည့် နိုင်ငံတော်စီမံကိန်းလုပ်ငန်းတစ်ခု ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရန် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက် ညသန်း ခေါင်ယံအချိန်ကို သန်းခေါင်စာရင်း ရည်ညွှန်းချိန်အဖြစ် သတ်မှတ်၍ အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေးအခြေ အနေများကြောင့် ဒေသအချို့တွင် ရက်တိုးမြှင့်ကောက်ယူခဲ့သည် များလည်းရှိပါကြောင်း။


အဆင့်ဆင့်ထုတ်ပြန်သွားမည်

ပင်မအစီရင်ခံစာကို အသေး စိတ်ပြုစုကာ ၂၀၂၅ ခုနှစ်မကုန်မီ ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် အစီရင်ခံစာများ၊ ဘာသာရပ်အလိုက် သုတေသနစာတမ်းများကိုလည်း ဆက်လက် ပြုစု၍ အဆင့်ဆင့်ထုတ်ပြန်သွားမည် ဖြစ်ပါကြောင်း၊ ယခုသန်းခေါင်စာရင်းကောက်ယူ ရာတွင် လုံခြုံရေးနှင့်လမ်းပန်း ဆက်သွယ်ရေး အခြေအနေများ ကြောင့် တစ်စိတ်တစ်ဒေသသာ ကောက်ယူနိုင်သည့် မြို့နယ်များရှိ သကဲ့သို့ လုံးဝမကောက်ယူနိုင် သည့် မြို့နယ်များလည်းရှိပါ ကြောင်း၊ မကောက်ယူနိုင်သည့် ဒေသများတွင် ရှိသည့်လူဦးရေကို လူဦးရေပညာ၊ Remote Sensing နည်းပညာ၊ နိုင်ငံတကာအကြံပေး၏ ခန့်မှန်းတွက်ချက်မှု၊ ဌာန ဆိုင်ရာစာရင်း အင်းများ စသည်တို့ကို အသုံးပြု၍ခန့်မှန်းလူဦးရေ စာရင်းကို တွက်ချက်ထားခြင်း ဖြစ်ပါကြောင်း။

လေ့လာဖော်ထုတ်သွားနိုင်

ထို့ကြောင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းက ရရှိသည့် မြန်မာနိုင်ငံအတွင်းရှိ လူဦးရေမှာ ၅၁၃၁၆၇၅၆ ဦးဖြစ်ကြောင်းကို အသိပေးကြေညာ အပ်ပါကြောင်း၊ ယင်းစာရင်းမှာ သန်းခေါင်စာရင်း ကောက်ယူရရှိသည့် လူဦးရေ ၃၂၁၉၁၄၀၇ ဦးဖြစ်ပြီး စာရင်းမကောက်ယူနိုင်သည့် ဒေသများ၏ ခန့်မှန်းလူဦးရေ ၁၉၁၂၅၃၄၉ ဦးတို့ဖြစ်ပါ ကြောင်း၊ ယင်းတို့ အနက်အမျိုးသား ၁၅၁၀၅၂၁၅ဦး၊ အမျိုးသမီး ၁၇၀၈၆၁၉၂ ဦးဖြစ်ပြီး၊ အမျိုးသား၄၆ ဒသမ ၉ ရာခိုင်နှုန်း၊ အမျိုးသမီး ၅၃ ဒသမရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ လူဦးရေအချိုးကို လေ့လာကြည့်ပါက ရန်ကုန်တိုင်း ဒေသကြီးတွင် ၁၄ ဒသမ ၄ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး ကယားပြည်နယ်တွင် ၀ ဒသမ ၆ ရာခိုင်နှုန်းဖြင့် လူဦးရေအနည်းဆုံးဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေပြောင်းလဲမှုကို ကြည့်မည်ဆိုပါက ၁၈၉၁ ခုနှစ် သန်းခေါင်စာရင်းအရ ၇ ဒသမ ၇ သန်း သာရှိပြီး ၁၉၀၁ ခုနှစ်တွင် ၁၀ ဒသမ ၅ သန်း၊ ၁၉၂၁ခုနှစ်တွင် ၁၃ ဒသမ ၂သန်း၊ ၁၉၇၃ ခုနှစ်တွင် ၂၈ ဒသမ ၉ သန်း၊ ၁၉၈၃ ခုနှစ်တွင် ၃၅ ဒသမ ၃သန်းအထိ တိုးမြင့်လာပြီး ၂၀၁၄ ခုနှစ်တွင် ၅၁ ဒသမ ၅ သန်းရှိခဲ့ရာ မှ ယခု ၂၀၂၄ ခုနှစ်တွင် စာရင်း မကောက်ယူနိုင်သည့် ဒေသများ အတွက် ခန့်မှန်းတွက်ချက်မှု အပါအဝင် မြန်မာနိုင်ငံ၏ လူဦးရေ မှာ ၅၁ ဒသမ ၃ သန်းကျော်ဖြစ်ခြင်းကြောင့် လွန်ခဲ့သည့် ၁၀ နှစ် က လူဦးရေထက် အနည်းငယ်လျော့နည်းနေသည်ကို တွေ့ရပါကြောင်း၊ လူဦးရေပြောင်းလဲခြင်းသည် မွေးဖွားခြင်း၊ သေဆုံးခြင်းနှင့် ရွှေ့ပြောင်းခြင်းဆိုသည့် အကြောင်းရင်း(၃)ရပ်ကြောင့် ဖြစ်သည့်အတွက် ပင်မအစီရင်ခံစာ ထုတ်ပြန်ချိန်တွင် အကြောင်းရင်းကို လေ့လာဖော်ထုတ်သွားနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။


ယင်းနောက် သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ လှုံ့ဆော်ရေးတေးသီချင်းဖြစ်သည့် တေးရေး သိန်းရွှေဝင်း၏ “နိုင်ငံ့ အကျိုးမျှော်ကိုးရည် သန်းခေါင်စာရင်းကောက်ကြမည်” သီချင်းဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ထမ်းများက ဖျော်ဖြေတင်ဆက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ကြသည်။


အခမ်းအနားအပြီးတွင် ပြည် ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပ သတင်းမီဒီယာများ၏ မေးမြန်း ချက်များအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်းနှင့် ယနေ့ ထုတ်ပြန်သည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ရှေ့ပြေး လူဦးရေစာရင်းနှင့်ပတ်သက်သည့် အချက်အလက်များကို ပြည်သူ့ အင်အားဦးစီးဌာန၏ Website www.dop.gov.mm တွင် ရယူ ကြည့်ရှုနိုင်ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.