နေပြည်တော်၌ ပြည်သူများ နှစ်သစ်ကို တစ်ခဲနက် ပျော်ရွှင်စွာကြိုဆို
နေပြည်တော် ဒီဇင်ဘာ ၃၁
ပြည်ထောင်စုနယ်မြေ နေပြည် တော်အတွင်းရှိ ဒေသခံပြည်သူ များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အပန်းဖြေ ပျော်ရွှင်စေရန်၊ စိတ်ခွန်အားသစ် များရရှိနိုင်ရန်၊ နှစ်သစ်ကို သာယာ ပျော်ရွှင်ချမ်းမြေ့စွာ ကြိုဆိုနိုင်ရန် ရည်ရွယ်၍ ကျင်းပသည့် တေးဂီတဖျော်ဖြေပွဲကို ယနေ့ ညနေပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေး ကွင်း အမှတ် ၁ နှင့် ၂ ၌ကျင်းပရာ ပြည်သူအများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ကွင်းပြည့် ကွင်းလျှံ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။
ယနေ့ည နှစ်သစ်ကိုကြိုဆိုသည့် ဖျော်ဖြေရေးအစီအစဉ်တွင် Music Band၊ DJ များဖြင့် တွဲဖက်၍ နိုင်ငံကျော် အဆိုတော်များက ပရိသတ်အကြိုက် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြရာ ပွဲတော် လာ ပြည်သူများက လိုက်ပါသီဆို၍ တစ်ခဲနက် ပါဝင်ဆင်နွှဲကြသည်။
ယနေ့ညသည် ၂၀၂၄ ခုနှစ် နှစ်ဟောင်းကုန်၍ ၂၀၂၅ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းမည့် နှစ်သစ်ကူးအချိန်ကာလ ဖြစ်သည့်အတွက် ပွဲတော်လာပြည်သူများသည် ည ၁၂ နာရီ မထိုးမီ နှစ်သစ်ကူး Countdown ကို တပျော်တပါး သံပြိုင်ရေတွက်ကြပြီး ည ၁၂ နာရီတိတိတွင် Happy New Year ဟု တညီတညွတ်တည်း သံပြိုင်ဟစ်ကြွေးကြကာ မီးရှူး မီးပန်းများ ပစ်ဖောက်၍ ၂၀၂၅ ခုနှစ် နှစ်သစ်ကူးအခါသမယကို ပျော်ရွှင် စွာ ကြိုဆိုကြသည်။
ထို့အတူ ဖျော်ဖြေရေးကွင်းအတွင်း၌ စားသောက်ဆိုင်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းဆိုင်များ၊ ဒေသထွက်ကုန် များနှင့် ဒေသအစားအစာများကို ဝယ်ယူစားသုံးကြသည့် ဖျော်ဖြေပွဲလာပြည်သူများဖြင့် စည်ကားလျက်ရှိသည့်အပြင် အပျော်တမ်းဂိမ်းကစားကြသူများ၊ ချားရဟတ်စီးကြသူများ၊ Photo Booth များတွင် အမှတ်တရ အလှဓာတ်ပုံ ရိုက်ကြသူများဖြင့် အထူးစည်ကားခဲ့သည်။
အလားတူ New Year Countdown Live Show နှင့် ဈေးရောင်း ပွဲတော်ကို ဒီဇင်ဘာ ၃၀ ရက်မှစ၍ နေပြည်တော် ရေပန်းဥယျာဉ်၌ ကျင်းပရာ ယနေ့တွင် ပျော်ရွှင်စရာအစီအစဉ်များဖြင့် နှစ်သစ်ကူးပြောင်း မည့် အချိန်အခိုက်အတန့်ကို ရင်ခုန်စွာစောင့်မျှော် ပါဝင်ဆင်နွှဲကြသဖြင့် အထူးစည်ကားခဲ့သည်။
ရေပန်းဥယျာဉ်အတွင်း ဝင်ပေါက်လမ်းများတစ်လျှောက် ဘေးဝဲယာတွင် ရောင်စုံအလှမီးများ လှပစွာထွန်းညှိထားသည့် အပြင် ရေပန်းဥယျာဉ် အတွင်း၌လည်း ရေပန်းအလှများ၊ ကလေးများ ပျော်ရွှင်စွာ ဆော့ကစား ရန် Water Park များ၊ အလှဓာတ်ပုံရိုက်ရန် Photo Booth များထားရှိပေးထားသည့်အတွက် မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများနှင့်အတူ အလှဓာတ်ပုံများ ပျော်ရွှင်စွာရိုက်ကြသည်ကိုလည်း တွေ့ရသည်။
ထို့ပြင် ထိုင်းအစားအစာ၊ တရုတ်အစားအစာ၊ ကိုရီးယားအစားအစာ၊ မြန်မာ့ရိုးရာအစားအစာများ၊ ပင်လယ်စာအကင် များနှင့် အထောင်းမျိုးစုံ များရောင်းချသည့် ဆိုင်ခန်းများအပြင် ကလေးကစားစရာ မီးလင်းရောင်စုံအရုပ် အရောင်း ဆိုင်ခန်းများအပါအဝင် ဆိုင်ခန်းစုစုပေါင်း ၂၀ ကျော် ဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး ဝယ်ယူစားသုံးကြသူများဖြင့် စည်ကားလျက်ရှိသည်။
New Year Countdown Live Show နှင့် ဈေးရောင်းပွဲတော်တွင် နိုင်ငံကျော် တေးသံရှင်များနှင့် Dancer များက Art Robots Band၊ DJ များဖြင့်တွဲဖက်၍ ပရိသတ်အကြိုက် တေးသီချင်းများဖြင့် ကပြသီဆို ဖျော်ဖြေတင်ဆက်ကြပြီး ည ၁၂ နာရီတွင် ၂၀၂၅ ခုနှစ် နှစ်သစ်ကူး အခါသမယကို Countdown ရေတွက်၍ ပြည်သူများက Happy New Year သံပြိုင်ဟစ်ကြွေးကြကာ နှစ်သစ်ကို တစ်ခဲနက်ပျော်ရွှင်စွာကြိုဆိုခဲ့ကြသည်။
သတင်းစဉ်

No comments