မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးက လျှပ်စစ်သုံးယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ အပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၄ ခုကိုခွင့်ပြု
နေပြည်တော် ဇန်နဝါရီ ၃၀
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု
ကော်မရှင်၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ
ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်
ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး
မြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
လုပ်ငန်းအသစ် ၁၃ ခု ခွင့်ပြုပေး
အစည်းအဝေးတွင် ဆောင်ရွက်ဆဲ လက်ရှိရင်းနှီးမြှုပ်နှံမှု
လုပ်ငန်းများ၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် ဝန်ဆောင်မှုကဏ္ဍမှ ပြည်ပရင်းနှီးမြှုပ်နှံမှု
လုပ်ငန်းအသစ် တစ်ခုနှင့် စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍတို့မှ
ပြည်တွင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၁၃ ခုတို့ကို ခွင့်ပြုပေးခဲ့သည်။ အဆိုပါလုပ်ငန်းများ၏
ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၃ ဒသမ ၆၈၄ သန်းနှင့် ငွေကျပ် ၃၄၅၈၆၃ ဒသမ
၀၄၃ သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့် အလမ်းပေါင်း ၁၅၄၄ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။
ယခု အစည်းအဝေးက ခွင့်ပြုပေးသည့် လုပ်ငန်းများတွင်
လျှပ်စစ်သုံးယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ
ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းနှင့် နိုင်ငံတကာအဆင့်မီ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတို့လည်း
ပါရှိသည်။
အသီးသီးရင်းနှီးမြှုပ်နှံထား
၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင်
ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ဒေသ ပေါင်း ၅၃ ခု အနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော
နိုင်ငံ/ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။
စီးပွားရေးကဏ္ဍ ၁၂ ရပ်အနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍတွင်
စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၃၂ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့်သဘာဝ
ဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၇ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊
ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၄၃ ရာခိုင်နှုန်းဖြင့်လည်းကောင်း
အသီးသီးရင်းနှီးမြှုပ်နှံထားသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု
ကော်မရှင်သည် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများက တင်ပြလာ သည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်
များအား စိစစ်ခွင့်ပြုခြင်းကိုလည်း ကောင်း၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီး မြှုပ်နှံသူများအတွက်
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကိုလည်းကောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ
ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments