ကမ်းဆင့်လို့ထိန်းသိမ်းရမယ့် သမိုင်းထဲက တောင်ငူအမွေအနှစ်
ဗညားဦး
တူးဆွဖော်ယူထားသည့်မြေစာပုံများကြားမှ အုတ်ရိုးအုတ်ဟောင်းများသည် ထင်ရှားကျော်ကြားခဲ့သော သမိုင်းတစ်ခေတ်၏
အမွေအနှစ်အဖြစ် တည်ရှိနေသည်။ အချိန်ကာလ၏တိုက်စားမှုကြောင့် ပြိုပျက် ဟောင်းနွမ်းနေပြီဖြစ်သော်လည်း
စည်ပင်ဝပြောခဲ့သည့် တောင်ငူမင်းဆက်၏ ရှေးဟောင်းမြို့တော် အသွင်အပြင်ကို
အုတ်ရိုးအုတ်ဟောင်းတို့က လှစ်ဟပြသနေသည်။ ထိုအုတ်ရိုးအုတ်ဟောင်းတို့ကို လေ့လာခြင်းဖြင့်
ရှေးကဘိုးဘေးများ၏ ရှင်သန်နေထိုင်ခဲ့မှုနှင့် ဗိသုကာပညာရပ်ဆိုင်ရာစွမ်းရည်များကို
သိရှိနိုင်သည်။
“Old but gold” ဟု
ဆိုကြသည့်အတိုင်း ဟောင်းနွမ်းနေပြီဖြစ်သည့် အမွေအနှစ်များသည်
နိုင်ငံသားတိုင်းအတွက် ရွှေကဲ့သို့အဖိုးတန်သည့် အမွေအနှစ်များဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှု တန်ဖိုးကို နိုင်ငံ၏ သက်ရှိ၊ သက်မဲ့ အမွ
အနှစ်များအပေါ် နိုင်ငံသားတို့ အလေးထားမှု၊
ထိန်းသိမ်းစောင့်ရှောက်မှုစွမ်းရည်ဖြင့် အကဲဖြတ ကြသည့်အတွက် တောင်ငူမင်းဆက်၏
ကြွင်းကျန်ရစ် သော မြို့တော်ဟောင်း အသွင်အပြင်အရပ်ရပ်ကို လည်း
ဝိုင်းဝန်းထိန်းသိမ်းကြရမည်သာ။
ထို့အတွက်ကြောင့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တောင်ငူမြို့ကေတုမတီမြို့ဟောင်း
ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းကို
အလေးပေး ဆောင်ရွက်လျက်ရှိသည်။ တောင်ငူမြို့တော်ဟောင်းသည် အရှေ့အနောက် တာ ၇၀၀၊
တောင်မြောက် တာ ၅၀၀ အကျယ်အဝန်းဖြင့် လေးထောင့်သဏ္ဌာန် တည်ရှိသည်။ မြို့တော်အတွင်း
ရေကျုံး၊ နွံကျုံး၊ နှစ်ထပ်မြို့ထောင့်စေတီ လေးဆူ၊ မြို့တံခါး ၂၀၊ သိမ် ၂၀ နှင့်
ကန်တော်ကြီးတို့ကို ထည့်သွင်း တည်ထားခဲ့ကြသည်။
မြို့ဟောင်းသို့ အလွယ်တကူ
သွားရောက်လေ့လာနိုင်
လက်ရှိအချိန်တွင် မြို့ဟောင်းသည်
တောင်ငူမြို့မှ အနောက်ဘက်၊ ရန်ကုန် - မန္တလေး အမြန် လမ်းမကြီး အနောက်ဘက် ၁ ဒသမ ၄၇
မိုင် အကွာတွင် တည်ရှိပြီး မြို့ဟောင်းသို့ ဆိုင်ကယ်၊ ကား တို့ဖြင့် အလွယ်တကူ
သွားရောက်လေ့လာနိုင်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏
လမ်းညွှန်ချက်နှင့်အညီ တောင်ငူမြို့ ကေတုမတီ မြို့ဟောင်း
ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်ရန် တူးဖော်သုတေသန
လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းထားရှိပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၀
ရက်မှစတင်၍ လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်သည်။
အလျားလိုက်
တူးဖော်သုတေသနဆောင်ရွက်
တူးဖော်သုတေသန
လုပ်ငန်းဆောင်ရွက်ရာတွင် တောင်ငူကေတုမတီမြို့ရိုးနှင့် မြို့ဝင်ပေါက်များ
ကြွင်းကျန်ရှိနေသည့် ပုံသဏ္ဌာန်များ အပြည့်အဝ ရရှိနိုင်ရန်အတွက် အလျားလိုက်
တူးဖော်သုတေသန ဆောင်ရွက်ခြင်းနှင့် လိုအပ်သည့်နေရာများတွင် ယဉ်ကျေးမှုဆိုင်ရာ
ဖြစ်စဉ်များကို သိရှိနိုင်ရန် အတွက် အနက်ချတူးဖော်သုတေသန ဆောင်ရွက်သည့်
နည်းစနစ်များဖြင့် ချဉ်းကပ်တူးဖော်လျက် ရှိသည်။ ထိုသို့ တူးဖော်သုတေသနပြုနိုင်ရန်
စာအုပ်စာပေအချက်အလက်များ ရှာဖွေစုဆောင်းခြင်း၊ တူးဖော်မှုခွင့်ပြုချက်ရယူခြင်း
စသည့်လုပ်ငန်းစဉ် များကို ကြိုတင်ဆောင်ရွက်ကြရသည်။
ထို့နောက် သုတေသန
နည်းစနစ်များဖြင့် တူးဖော်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်သည့်အခါ တူးဖော်မှု လုပ်ငန်းရပ်တိုင်းကို
စနစ်တကျ ဆောင်ရွက်ရသည့်အပြင် ယဉ်ကျေးမှုဆိုင်ရာ ဝတ္ထုပစ္စည်းများ
ပြန်လည်ရယူခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း၊ အစီရင်ခံစာရေးသားတင်ပြခြင်း
စသည့်လုပ်ငန်းစဉ် အဆင့်ဆင့်ကိုပါ တစ်ပါတည်း ဆောင်ရွက်ရကြောင်း
တူးဖော်သုတေသနလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
“လက်ရှိမှာ မြို့ဟောင်းတံခါးပေါက်
၂၀ ထဲ က မော်ကွန်းတံခါးပေါက်ကို တူးဖော်သုတေသန ပြုလျက်ရှိပါတယ်။
ဒီကေတုမတီမြို့ဟောင်းရဲ့ အားသာချက်က မြို့ရိုးနဲ့ ရေကျုံးလေးဖက် လေးတန်လုံး
မြို့ရိုးတန်း ထင်ထင်ရှားရှားကျန်နေတယ်။ ရေကျုံးမှာဆိုရင် ရေအပြည့်နဲ့ကျန်ရှိတယ်။
ဒါကြောင့် မြို့ရိုးနဲ့ မူလတံခါးဝင်ပေါက်တွေကို ဖော်ထုတ်ထိန်းသိမ်းပြီး
အများပြည်သူလေ့လာနိုင်အောင် စီစဉ်သွားမှာ ဖြစ်ပါတယ်” ဟု တူးဖော်သုတေသနလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့
ခေါင်းဆောင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး
ဦးကျော်မျိုးဝင်းက ပြောသည်။
တောင်ငူ ကေတုမတီမြို့ဟောင်းသည်
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင်တည်ရှိသည့် မြို့တော်ဟောင်း တစ်ခုဖြစ်ပြီး
မြို့တော်ဟောင်းပုံစံသည် လေးထောင့်ပုံသဏ္ဌာန်တည်ရှိသည်။ မြို့ရိုး ကို အုတ်ဖြင့်တည်ဆောက်ထားပြီး အုတ်မြို့ရိုး၏
အတွင်းဘက်တွင် မြို့ရိုးပိုမိုကြံ့ခိုင်စေရန်အတွက် မြေသားများဖြင့်
ထောက်ပိုးထားသည်။ မြို့ရိုး၏ အပြင်ဘက်တွင် ရေကျုံး၊ နွံကျုံးတို့ဖြင့် ဝန်းရံထားသည်။
“တူးဖော်တွေ့ရှိချက်ရလဒ်တွေအရ
လက်ရှိတူးဖော်သုတေသန ဆောင်ရွက်တဲ့နေရာက တောင်ငူ ကေတုမတီမြို့ဟောင်းမြောက်ဘက်
မြို့ဝင်ပေါက်တံခါးနေရာတစ်ခုအဖြစ် အတည်ပြုနိုင်ပါတယ်။ လက်ရှိအနေအထားအထိ
တူးဖော်သုတေသန ဆောင်ရွက်ခြင်းရလဒ်မှာ မြို့ဝင်ပေါက်ရဲ့ အခြေခံ အဆောက်အအုံ
သွင်ပြင်လက္ခဏာတွေဖြစ်တဲ့ ပြအိုးနေရာ၊ မြို့ရိုးနဲ့ ချိတ်ဆက်တည်ဆောက်ထားတဲ့ မြို့ဝင်ပေါက်လက်တံ
အထောက်အထားတွေကို တူးဖော်တွေ့ရှိထားပြီး ဖြစ်ပါတယ်” ဟု ကွင်းဆင်း တူးဖော်ပညာဌာနမှ
ကထိက ဦးဇင်ဦးကပြောသည်။
မြို့တည်မှုအခင်းအကျင်းများကို
လေ့လာရာတွင် မြို့ဟောင်းရှိ မြို့ဝင်ပေါက်နှင့် လမ်းများ၏ တည်ရှိမှု ပုံသဏ္ဌာန်သည်
စနစ်တကျမဟာဗျူဟာမြောက် ဖောက်လုပ်ဆက်သွယ်ထားသည်။ မြို့တွင်းရှိ အဓိက လမ်းမကြီးများသည်
မြို့ဝင်ပေါက်များနှင့် ဆက်သွယ်ထားသည့်အတွက် ကုန်သွယ်ကူးသန်း သွားလာမှုအပါအဝင်
ဆက်သွယ်သွားလာရေး လွယ်ကူစေရန်စီမံထားခြင်းလည်း ဖြစ်နိုင်သည်။
မြို့ရိုးပတ်လည်တွင်
ကျုံးများအဆင့်ဆင့် ကာရံထားခြင်းဖြင့် မြို့တော်အတွင်း ရန်သူများ အလွယ်တကူ
မဝင်ရောက်နိုင်ရန် မြို့တော်လုံခြုံရေးကို အဆင့်မြှင့်ထားသည်။ ထို့ပြင်မြို့ရိုးကြံ့ခိုင်မှု
အားကောင်းစေရန် အဆင့်နှစ်ဆင့်ခံပြီးတည်ဆောက်ထားသည်ကို တူးဖော်သုတေသန ဆောင်ရွက်မှု
ရလဒ်များမှတစ်ဆင့် သိရှိခဲ့ရပြီးဖြစ်သည်။
လေးထောင့်ကျကျ တည်ရှိနေသည့်
မြို့တော်၏ အလယ်ချက်နေရာများကို တော်ဝင်နန်းတော်ရာ နေရာများ၊ အုပ်ချုပ်ရေးဆိုင်ရာ
အဆောက်အအုံများဖြင့် စုဖွဲ့တည်ဆောက်ထားခဲ့သည်။ ထို့အတူ မြို့တော်၏
မြို့ပြနေရာများတွင် ဘုရား၊ သိမ်၊ ကျောင်း၊ ကန်၊ နေအိမ်များ၊ ကုန်စည်ဖြန့်ဖြူးရာ နေရာများလည်း
ပါဝင်နေသည်။
စည်ပင်ဝပြောခဲ့သည့် မြို့ပြ၏
အထင်ကရသွင်ပြင်လက္ခဏာများ
မြို့ဟောင်းဝန်းကျင်ရှိ
ဘာသာရေးဆိုင်ရာ အဆောက်အအုံနေရာများဖြစ်သည့် ဘုရား၊ ကျောင်း များနှင့် စေတီ၊
ပုထိုးများသည် ဗုဒ္ဓဘာသာလွှမ်းမိုးမှု တို့ကိုထင်ဟပ်လျက်ရှိပြီး
စည်ပင်ဝပြောခဲ့သည့် မြို့ပြ၏ အထင်ကရသွင်ပြင်လက္ခဏာများလည်းဖြစ်သည်။
ထိုအဆောက်အအုံများသည် ဝတ်ပြုရာ နေရာများ အဖြစ်သာမက ယဉ်ကျေးမှုနှင့် လူမှုရေး
ဆိုင်ရာလှုပ်ရှားမှုများ၏ ဗဟိုချက်လည်းဖြစ်သည်။
“ကျွန်တော်တို့ဒေသက
စိုက်ပျိုးမွေးမြူရေး လုပ်ငန်း ဖြစ်ထွန်းတယ်။ ဘုရား၊ စေတီ၊ ကျောင်း၊ ကန်
ပေါများတယ်။ မြို့တော်ဟောင်းရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေလည်း တည်ရှိတယ်။ အဘက်ဘက်က
ပြည့်စုံတယ်။ ဒေသခံတစ်ဦးအနေနဲ့ ကိုယ့်ရပ်ရွာ မှာ ဒီထက်ဖွံ့ဖြိုးစေချင်တယ်။
ခရီးသွားတွေ အများကြီး လာစေချင်တယ်။ ကိုယ့်ဒေသမှာ ထိန်းသိမ်းစောင့်ရှောက်ရမယ့်
အမွေအနှစ်တွေလည်း ပေါများတော့ အခုလည်း သက်ဆိုင်ရာဌာနတွေက လုပ်ဆောင်နေကြပါတယ်။
ဒီအတွက် နိုင်ငံတော် ကလည်း အားပေးတယ်။ ဒါကြောင့် ဒီဒေသအတွက်
ယဉ်ကျေးမှုပြတိုက်ကြီးတွေ၊ ဟိုတယ်ဇုန်တွေနဲ့ စည်ကားစေချင်တယ်” ဟု တောင်ငူမြို့မှ
ဦးဇော် ကိုကို က ပြောသည်။
လက်ရှိ မော်ကွန်းတံခါး
တူးဖော်သုတေသန ဆောင်ရွက်ထားသည့်အနေအထားအထိ ရှေးဟောင်း သုတေသနဆိုင်ရာ သွင်ပြင်လက္ခဏာ
သုံးခုတွေ့ရှိ ထားပြီးဖြစ်သည်။ မော်ကွန်းတံခါးနှင့် ဆက်စပ်နေသည့်
မြို့ရိုးအစိတ်အပိုင်း၊ မြို့ဝင်ပေါက်၏ အရှေ့ဘက်အနီးတွင် တွေ့ရှိရသည့်
အုတ်ရိုးတန်း အထောက်အထားနှင့် မော်ကွန်းတံခါးဝင်ပေါက် လက်တံအစိတ်အပိုင်း စသည့်
သွင်ပြင်လက္ခဏာ သုံးခုကို တွေ့ရှိရကြောင်း တူးဖော်သုတေသန ကြီးကြပ်ရေးအဖွဲ့မှ
သိရသည်။
“ဒီလို ယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့အတွက်
ဒေသရဲ့ခရီးသွားလုပ်ငန်းကို အဆင့်မြှင့်တင်နိုင်တယ်။ ဒီလိုမြှင့်တင်ရင်းနဲ့
ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုလုပ်ငန်းတွေကိုပါ တစ်ပါတည်းလုပ်ဆောင်
သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးမှုတွေရရှိလာဖို့
သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေ၊ ပြည်သူတွေအားလုံး ပူးပေါင်းဆောင်ရွက်သွားရမှာ
ဖြစ်ပါတယ်”ဟု ညွှန်ကြား ရေးမှူး ဦးကျော်မျိုးဝင်းက ပြောသည်။
ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့သော်လည်း လေးကျွန်းကန်တော်ကြီးသည် တောင်ငူခေတ် အမွေအဖြစ် ယနေ့တိုင် တည်ရှိနေသည်။ ယနေ့အထိ တောင်ငူခေတ် သမိုင်းဝင်ဘုရား၊ စေတီ၊ ပုထိုး များကိုလည်း ဖူးမြော်ကြည်ညိုခွင့် ရရှိနေသေးသည်။ လက်ရှိတွင် မြို့ဟောင်း မြို့ရိုးများကို တူးဖော် ကာ ဘိုးဘေးတို့၏အမွေအနှစ်များကို ထိန်းသိမ်းလျက်ရှိသည်။ သို့ဖြစ်ရာ နိုင်ငံသားများသည် အမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြရင်း ကြွင်းကျန်ရစ်သည့် ဘိုးဘေးတို့၏ အမွေအနှစ်များကို နောင်မျိုးဆက် အဆက်ဆက်တိုင် လက်ဆင့်ကမ်းပြီး မြန်မာ့ယဉ်ကျေးမှု တန်ဖိုးကို မြှင့်တင်ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းသွား ကြရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
No comments