စစ်မှန်ကောင်းမွန်ပြီး အရည်အသွေးအာမခံချက်ရှိသည့် ဆေးဝါးများ သုံးစွဲနိုင်စေဖို့
စိုင်းဘုန်းမြင့်ကျော်(ဆေးဝါး)
ဆေးဝါးဆိုသည်မှာ မိမိတို့လူသားများအတွက်
မရှိမဖြစ်သည့် အရာတစ်ခုဖြစ်သည်။ မိခင်၏ ဝမ်းဗိုက်အတွင်း ကိုယ်ဝန်ဆောင်စဉ်ကာလကတည်းက
မိခင်သောက်သုံး လိုက်သော ဆေးဝါးများမှာ သွေးမှတစ်ဆင့် သန္ဓေသားဆီသို့
ရောက်ရှိခြင်းနည်းလမ်းဖြင့် လူ့လောကသို့ မရောက်ရှိခင်ကတည်းက ဆေးဝါးများနှင့်
ထိတွေ့ခဲ့ကြသည်။ မွေးဖွားချိန်တွင်လည်း ရောဂါကာကွယ်ဆေးများ၊ ကုသဆေးများ သုံးစွဲရသကဲ့သို့
အသက်အပိုင်းအခြားအလိုက် လူသားအားလုံးက နောက်ဆုံး သေဆုံးချိန်အထိ တိုင်အောင်
ဆေးဝါးများ မှီဝဲသုံးစွဲနေကြရသည်။
လူ့ဘဝသက်တမ်း တစ်လျှောက်လုံး
ဆေးဝါးများနှင့်ကင်းအောင် နေထိုင်အသက်ရှင်နိုင်သူ၊ ဆေးဝါးမသုံးစွဲဖူးသူ ဟူ၍
တစ်ဦးတစ်ယောက်မျှပင် မရှိပါ။ လူတို့သုံးစွဲနေသည့် ဆေးဝါးများကို သုံးစွဲ ရသည့်
နည်းလမ်းအရ သောက်ဆေး၊ ထိုးဆေး၊ လိမ်းဆေး၊ ထည့်ဆေး စသည် ဖြင့်
အမျိုးမျိုးရှိသကဲ့သို့ သုံးစွဲရသည့် ရည်ရွယ်ချက်ပေါ်မူတည်၍ အကိုက်အခဲ ပျောက်ဆေး၊
အဖျားပျောက်ဆေး၊ နှလုံး အားဆေး၊ အားဆေး၊ ကာကွယ်ဆေး၊ ပဋိသန္ဓေတားဆေး စသည်ဖြင့်
အမျိုးမျိုးအဖုံဖုံ အုပ်စုများ ခွဲခြားထားသည်ကို လည်း အားလုံးအသိပင် ဖြစ်သည်။
မည်သို့ပင် အမျိုးအစားခွဲခြားထားပါစေ
ခြုံငုံတင်ပြရမည်ဆိုလျှင် ဆေးဝါးများအားလုံးသည် "Chemical" ခေါ်
ဓာတုပစ္စည်းများဖြစ်ပါသည်။ ထို့ကြောင့် ဆေးဝါးများအား ၎င်းတို့၏ ဓာတ်သဘာဝအရ
အရည်အသွေးပေါ်မူတည်ပြီး စံချိန်စံညွှန်းကိုက်ညီ၍ အရည်အသွေးအာမခံချက် ရှိသော ဆေးဝါးများ၊
စံမညီဆေးဝါး များ၊ ပျက်စီးဆေးဝါးများ၊ ဆေးဝါးအတု များဟူ၍ ခွဲခြားနိုင်ပါသည်။
အရည်အသွေးအာမခံချက်ရှိသော
ဆေးဝါးများ
စံချိန်စံညွှန်းကိုက်ညီ၍ အရည်
အသွေးအာမခံချက်ရှိသော ဆေးဝါးများသည် အရည်အသွေး ကောင်းမွန် မှန်ကန်ခြင်း၊
အစွမ်းအာနိသင်ထက်မြက်ခြင်း၊ ဘေးဥပဒ်အန္တရာယ် ကင်းရှင်းခြင်း စသည့်အချက်များနှင့်
ကိုက်ညီသော ဆေးဝါးများဖြစ်သည်။
စံမညီဆေးဝါးများမှာ အရည်အသွေး
လျော့နည်းပြီး အစွမ်းအာနိသင် ထက်မြက်မှုမရှိဘဲ လိုအပ်သော ဆေး အာနိသင်ပမာဏ
ထိုက်သင့်သည့် အလျောက် မရနိုင်သော ဆေးဝါးများသည် စံမညီဆေးဝါးများ ဖြစ်သည်။ စံမညီ
ဆေးဝါးများ သုံးစွဲမိလျှင် ရောဂါသက်သာ ပျောက်ကင်းခြင်းမရှိသည့်အပြင် ရောဂါကို
မထိန်းနိုင်သောကြောင့် နောက်ဆက် တွဲ ဘေးဥပဒ်များ ဖြစ်စေနိုင်သည်။
ပျက်စီးဆေးဝါးများမှာ အရည်အသွေးကောင်းမွန်သော
ဆေးဝါးများကို စနစ်တကျ သိုလှောင် သိမ်းဆည်းထားခြင်း မပြုသည့်အတွက် ဆေးဝါးများ၏
ဓာတ်သဘာဝများ ပြောင်းလဲသွားပြီး ပျက်စီးသွားသောကြောင့် ဆေးအာနိသင် လုံးဝမရနိုင်သော
ဆေးဝါးများဖြစ်သည်။
ဆေးဝါးအတုများမှာ ကမ္ဘာ့လူသားတို့၏
ကျန်းမာရေးကို ခြိမ်းခြောက်နေသောအရာဖြစ်သည်။ မိမိတို့သုံးစွဲသည့် ဆေးဝါးများကို
အရည်အသွေးကောင်းမွန်မှန်ကန်သည့် ဆေးဝါးများကိုသာ အားလုံးက သုံးစွဲချင်
သူများသာဖြစ်သည်။ စံမညီဆေးဝါးများ၊ ပျက်စီးဆေးဝါးများ၊ ဆေးဝါးအတုများ ကို
မထင်မှတ်ဘဲ မရည်ရွယ်ဘဲ ဝယ်ယူ သုံးစွဲမိနေကြသည်။ ဘာကြောင့်လဲ။ ယင်းကို
အဖြေပေးရလျှင် ဆေးဝါးများကို အပြင်ပုံပန်းသဏ္ဌာန်အရ အရည်အသွေး ကောင်းမွန်သော
ဆေးဝါး၊ စံမညီဆေးဝါး၊ ပျက်စီးဆေးဝါး၊ ဆေးဝါးအတု ဆိုသည် ကို ခွဲခြားရန်မှာ
မျက်မြင်ဆုံးဖြတ်၍ ရသောအရာများ မဟုတ်ပါ။
ထို့ကြောင့် အရည်အသွေးအာမခံ
ချက်ရှိသည့် ဆေးဝါးများ ဝယ်ယူသုံးစွဲနိုင် ရေးအတွက် အောက်ပါအချက် သုံးချက် ကို လိုက်နာရပါမည်
-
(၁) ဆေးဝါးရောင်းချခွင့်
လိုင်စင်ရရှိ ထားပြီး ကောင်းမွန်သော ဆေးဝါး ရောင်းချမှုကျင့်စဉ် (Good Pharmacy
Practices) နှင့်အညီ ရောင်းချသော စိတ်ချစစ်မှန်သော ဆေးဆိုင်များမှ ဆေးဝါးများကိုသာ
ဝယ်ယူသုံးစွဲခြင်း၊
(၂) ဆေးဝါးများ ဝယ်ယူတဲ့အခါ မှာ
ကိုယ်ဝယ်ယူသုံးစွဲလိုက်တဲ့ ဆေးဝါးများမှာ မြန်မာနိုင်ငံဆေးဝါး မှတ်ပုံတင်အမှတ်
(Myanmar Registration Number) ရရှိထား ပြီးဖြစ်သည့် ဆေးဝါးများကိုသာ
ဝယ်ယူခြင်းနှင့်
(၃) ဆေးဝါးများကို လိပ်စာအတိအကျ
နေရာအတည်တကျ မဖော်ပြဘဲ အွန်လိုင်းမှ ဖြန့်ချိရောင်းချခြင်း များ၊ တိကျသေချာမှု
မရှိသည့် အွန်လိုင်းစာမျက်နှာများမှ ဝယ်ယူသုံးစွဲခြင်းကို ရှောင်ကြဉ်ခြင်းတို့
ပင်ဖြစ်သည်။
စိတ်ချယုံကြည်စွာသုံးစွဲနိုင်
မိမိတို့နိုင်ငံတွင် ဆေးဝါးများ
အရည် အသွေး၊ ဘေးကင်းမှု၊ အာနိသင်ရှိမှု စံသုံးရပ်နှင့် ကိုက်ညီစေရေး ကျန်းမာရေး
ဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (FDA) မှ တာဝန်ယူ
ကြီးကြပ်ကွပ်ကဲလျက်ရှိပါသည်။ FDA အနေဖြင့် အများပြည်သူများ စစ်မှန်၊ မှန်ကန်သော
ဆေးဝါးများ သုံးစွဲနိုင်ရန် ပြည်ပမှ တင်သွင်းလာသော ဆေးဝါးများ၊ ပြည်တွင်းမှ
ထုတ်လုပ်သော ဆေးဝါးများ ကို စိစစ်ဆောင်ရွက်ကာ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ်များရရှိစေရေး
ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်လျက်ရှိ သကဲ့သို့ ဆေးဝါးများကို ကောင်းမွန်သော
ဆေးဝါးရောင်းချမှုကျင့်စဉ် (Good Pharmacy Practices-GPP) နှင့်အညီ
ရောင်းချနိုင်စေရေးအတွက် ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။ FDA မှ တရားဝင်
တင်သွင်းခွင့်ပြုပြီး မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ် ရရှိပြီးသော
ဆေးဝါးများမှာ ဈေးကွက်သို့ မတင်သွင်း မီ စစ်ဆေးမှုခံယူရခြင်း၊ တင်သွင်းစဉ် ဆေးဝါးအာနိသင်မပျက်စီးစေရေး
အတွက် အရည်အသွေး ထိန်းသိမ်းမှု၊ သိုလှောင်သိမ်းဆည်းမှုနှင့် ဖြန့်ချိမှုများ ကို
အစစ်ဆေးခံယူရခြင်း၊ ဈေးကွက် တင်သွင်းပြီးနောက် ဈေးကွက် ထောက်လှမ်းကြည့်ရှုခြင်း၊
ကောက်ယူ စစ်ဆေးခြင်း Post Market Surveillance (PMS) များကို အဆင့်ဆင့်ခံယူထားပြီး
ဖြစ်ပါသဖြင့် အများပြည်သူများ စိတ်ချ ယုံကြည်စွာ သုံးစွဲနိုင်ပါသည်။
စုံစမ်းဖော်ထုတ်အရေးယူ
လူသုံးကုန်၊
စားသောက်ကုန်များနှင့် အခြားကုန်ပစ္စည်းများသာမက ဆေးဝါးများနှင့် အမျိုးမျိုးသော
တရားမဝင် ကုန်သွယ်မှုများကိုလည်း “တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်
ကော်မတီ” ၏ လမ်းညွှန်မှုနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့်
အရည်အသွေးအာမခံချက် မရှိသော ပြည်ပမှ တရားမဝင်တင်သွင်း လာသည့် စုံစမ်းဖော်ထုတ်အရေးယူ
ဆောင်ရွက်မှုများလည်း စဉ်ဆက် မပြတ် လုပ်ဆောင်လျက်ရှိရာ ၂၀၂၁ ခုနှစ်မှ ၂၀၂၄
ခုနှစ်အတွင်း မန္တလေးတိုင်း ဒေသကြီးတွင် အရည်အသွေးအာမခံချက် မရှိသည့် ဆေးဝါးများ၊
စံမညီဆေးဝါးများ၊ ဆေးဝါးအတုများ၊ ဖြန့်ချိရောင်းချနေမှုများကို FDA (မန္တလေး)နှင့်
မှုခင်းရဲတပ်ဖွဲ့ (CID) တို့ ပူးပေါင်းစိစစ်ဖမ်းဆီး၍ အမျိုးသားဆေးဝါးဥပဒေဖြင့်
အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ရသော အမှုပေါင်း ၃၄ မှု၊ ဖမ်းဆီးရမိသူပေါင်း ၅၂ ဦး၊
ဆေး အမျိုးအစားပေါင်း ၆၈၅ မျိုး၊ ကာလ တန်ဖိုး စုစုပေါင်း ငွေကျပ်သိန်း ၄၆၀၇၁၅၉၁၀
ကျော် ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့ပါသည်။
ဓာတ်ခွဲစမ်းသပ်စစ်ဆေး
စိစစ်ဖမ်းဆီးရမိသော တရားမဝင်ဆေးဝါးများကို
ဓာတ်ခွဲစမ်းသပ် စစ်ဆေးချက်များအရ ဆေးဝါးအတုများ၊ စံမညီဆေးဝါးများ၊
ပျက်စီးဆေးဝါးများဖြစ်နေသည်ကိုလည်း တွေ့ရှိခဲ့ရသည်။ ထို့ပြင် အပူချိန် (၂-၈)
ဒီဂရီစင်တီဂရိတ်တွင် ထားသိုသိမ်းဆည်းထားမှ အာနိသင်ရှိနိုင်မည့် ကာကွယ်ဆေးများ ဖြစ်သည့်
ခွေးရူးပြန်ရောဂါကာကွယ်ဆေး၊ မြွေဆိပ်ဖြေဆေး၊ အသည်းရောင်အသားဝါဘီရောဂါ ကာကွယ်ဆေး၊
ကိုဗစ်ရောဂါ ကာကွယ်ဆေးအစရှိသည့် ဆေးဝါးများကို စနစ်တကျ သိုလှောင်သိမ်းဆည်းရမည့်အစား
အဆိုပါ ဆေးဝါးများကို ကြမ်းပြင်ပေါ်တွင် ဖြစ်သလိုပစ်ထားခြင်းများကိုလည်း
ဖမ်းဆီးရမိချိန် မျက်မြင် တွေ့ရှိခဲ့ရသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ
ဆေးဝါးများကို ၎င်းတို့၏ ဂိုဒေါင်များတွင် နေ့စဉ်နေ့တိုင်း စနစ်တကျ သိုလှောင်
သိမ်းဆည်းထားခြင်းမျိုး မဟုတ်ဘဲ လွယ်လွယ်ပုံထားမိကြောင်း၊ ရောင်းချရ၍
ဝယ်ယူသူများထံသို့ ပို့ဆောင်ကာနီးမှ ရေခဲများဖြင့်အေးအောင် ပြင်ဆင်ပြီး စနစ်တကျ
သိုလှောင်ထား သည့်ပုံစံဖြင့် လိုက်လံပို့ဆောင်ကြောင်းကိုလည်း သိရှိရသည်။ မသမာသူ
ဝိသမလောဘသားများ အနေဖြင့် မိမိအကျိုးအမြတ်ကိုသာ ရှေ့တန်းတင်၍ အရည်အသွေးအာမခံချက်မရှိမှန်း
သိသိလျက်ဖြင့်ပင် လူ့အသက်အန္တရာယ်ကို မျက်ကွယ်ပြု၍ တရားမဝင်
ရောင်းချဖြန့်ဖြူးနေခြင်း များစွာကို ထိတ်လန့်ဖွယ်တွေ့ရှိခဲ့ရသည်။ ဖမ်းဆီးရမိသမျှ
ဆေးဝါးအတု၊ စံမညီဆေးဝါး၊ ပျက်စီးဆေးဝါးများကို အွန်လိုင်းပေါ်မှ ကြော်ငြာပြီး
တရားမဝင်ဖြန့်ချိနေကြသည်ကိုလည်း တွေ့ရသည်။
ထို့ပြင် တရားမဝင် ကုန်သွယ်မှု
လမ်းကြောင်းများမှ တင်သွင်းလာသည့် ဆေးဝါးများမှာလည်း အရည်အသွေး စိစစ်မှုမရှိဘဲ
ဈေးကွက်အတွင်း ရောက်ရှိလာသောကြောင့် ဆေးဝါးအတု၊ စံမညီ ဆေးဝါး၊
ပျက်စီးဆေးဝါးများဖြစ်နေသည်ကို ဖမ်းဆီးရမိသော ဖြစ်စဉ်များက သက်သေပြနေသည်။
ဆေးဝါးများ ကြောင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ် လာသည့်အခါမှာ တရားဝင်တင်သွင်းလာသည့်
ဆေးဝါးများဆိုလျှင် ဆေးဝါးကြောင့် ဖြစ်ပေါ်လာသည့် ဘေးထွက်ဆိုးကျိုးများအပေါ်
ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အဆင့်ဆင့် ဆက်လက် ဆောင်ရွက်နိုင်ပါသည်။
တရားဝင်တင်သွင်းလာသော ဆေးဝါးကုမ္ပဏီများက အဆင့်ဆင့်တာဝန်ယူ၊ တာဝန်ခံမှုများ ရှိသော်လည်း
တရားမဝင် ဆေးဝါးများကြောင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာပါက မည်သူတစ်ဦး
တစ်ယောက်မျှ တာဝန်ယူ၊ တာဝန်ခံမှု ရှိမည်မဟုတ်ပါ။ စံမညီဆေးဝါး၊ ပျက်စီး ဆေးဝါးများ
ဖြစ်နေသည့်အတွက် တရားမဝင် ဆေးဝါးများကြောင့် ဘေးထွက်ဆိုးကျိုး ဖြစ်ပေါ်မှုမှာလည်း
ပိုမိုပြင်းထန်ပြီး အသက်သေဆုံးသည် အထိပင် ဖြစ်နိုင်သည်။
ထို့ကြောင့် မိမိတို့ပြည်သူများအနေဖြင့်
ဆေးဝါးများကိုဝယ်ယူသုံးစွဲသည့်အခါ မိမိတို့ ကျန်းမာရေးအတွက် အမှန်တကယ်အကျိုးပြုသော
ဆေးဝါးများကို ရရှိနိုင်စေရေးအတွက် တရားမဝင် ဆေးဝါးများကို ဝယ်ယူသုံးစွဲခြင်းမပြုဘဲ
အရည် အသွေးအာမခံချက် အပြည့်အဝရှိသော မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ် ပါရှိသော
ဆေးဝါးများကိုသာ ဝယ်ယူသုံးစွဲဖို့ တိုက်တွန်းလိုက်ရပါသည်။


No comments