အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းနှင့် ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် (မူ၊လယ်၊ထက်) ဆရာကိုင်စာအုပ်များ လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားကျင်းပ
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅
ပညာရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးနေမျိုးလှိုင်က ပညာရေးဝန်ကြီးဌာနအနေဖြင့် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် တည်မြဲလုပ်ထုံးလုပ်နည်း (SOP)များ ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ CPU အဖွဲ့၀င်များအနေဖြင့် မိမိတို့ဌာန၏ လုပ်ဆောင်ချက်များနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး အဂတိလိုက်စားမှုကို လျော့ချ ကာကွယ်တားဆီးနိုင်ရန်အတွက် အားလုံးဝိုင်းဝန်းကြိုးစားပေးစေလိုကြောင်း၊ သို့မှသာ အဂတိ လိုက်စားမှုကင်းစင်သော ပညာရေးအသိုက်အဝန်းကို တည်ထောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးတင်ဆွေ၀င်းက လူငယ်များကို လူတော်လူကောင်းများဖြစ်လာစေရန် အခြေခံစာရိတ္တမဏ္ဍိုင်ကို ကျောင်းများမှ စတင်ရမည်ဖြစ်၍ ဖြောင့်မတ်တည်ကြည်မှုသင်ခန်းစာများကို ဆရာ ဆရာမများအနေဖြင့် ထိရောက်စွာ သင်ကြားပေးစေ လိုကြောင်း ပြောကြားသည်။
ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူးက ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီးကို ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေးအစီအစဉ် (မူ၊ လယ်၊ ထက်) ဆရာကိုင်စာအုပ်များ လွှဲပြောင်းပေးအပ်သည်။
ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များက ဖြောင့်မတ် တည်ကြည်မှု၊ ကျင့်ဝတ်ဆိုင်ရာများနှင့်စပ်လျဉ်း၍လည်းကောင်း၊ အဂတိလိုက်စားမှု၏ သဘော သဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းရင်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် ကော်မတီအဖွဲ့၀င် ဒေါက်တာထွန်းထွန်းဦး ဦးဆောင်၍ ပညာရေးဝန်ကြီးဌာနမှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU)များနှင့် တွေ့ဆုံဆွေးနွေးကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည် ဆွေးနွေးဖြေကြားသည်။
(သတင်းစဉ်)

No comments