ထိခိုက်ဒဏ်ရာရရှိသူများအား ထွက်ခွာခွင့် အစ္စရေးပိတ်ပင် ဂါဇာဒေသရှိ ဆေးရုံများတွင် အောက်ဆီဂျင်ပြတ်လပ်
ဂျေရုဆလင် ဖေဖော်ဝါရီ ၁၇
ဂါဇာဒေသတွင်ဖြစ်ပွားသည့်
ပဋိပက္ခအတွင်း ထိခိုက်ဒဏ်ရာရရှိသူများအား ရာဖာနယ်စပ် ဖြတ်ကျော်ရေးစခန်းမှ
ထွက်ခွာခွင့်ကို အစ္စရေးတာဝန်သူများက ပိတ်ပင်ခဲ့ကြောင်းနှင့် ၎င်း
ဆောင်ရွက်ချက်သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ရာရောက်ကြောင်း
ဟားမတ်စ်အဖွဲ့က ပြောကြားသည်။
ဂါဇာဒေသမှ ၁၅ သုတ်မြောက်
အုပ်စုအဖြစ်ထွက်ခွာမည့် ထိခိုက်ဒဏ်ရာရရှိသူများအတွက် ထွက်ခွာခွင့်ဆိုင်ရာ
စာရွက်စာတမ်းများဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာစေရန်အတွက် အစ္စရေး
တာဝန်ရှိသူများက ဆောင်ရွက်နေကြောင်း ဟားမတ်စ်အဖွဲ့၏ မီဒီယာရုံးတာဝန်ရှိသူ
ဆအေမန်မာရုက ပြောကြားသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက် တစ်ရက်တည်းတွင်ပင်
ထိခိုက်ဒဏ်ရာရရှိသူ ၄၅၂ ဦးသာ ရာဖာနယ်စပ် ဖြတ်ကျော်စခန်းမှ
ဆေးကုသမှုခံယူရန်ထွက်ခွာခွင့် ရရှိခဲ့ကြောင်း ၎င်းရုံးက ပြောကြားသည်။
၎င်းရက်၏ နောက်ပိုင်းရက်များတွင်
တစ်ရက်လျှင် ၉၀ သာ ဆေးကုသမှုခံယူရန် ရာဖာနယ်စပ် ဖြတ်ကျော်ရေးစခန်းမှ
ထွက်ခွာခွင့်ရရှိခဲ့ပြီး ၎င်းအရေအတွက်သည် မူလကသဘောတူခဲ့သည့် တစ်ရက်လျှင် ၄၅၀ ကို
ရာဖာနယ်စပ်ဖြတ်ကျော်ရေး စခန်းမှ ထွက်ခွာခွင့်ပြုရမည်ဟူသည့် အပစ်အခတ်
ရပ်စဲရေးသဘောတူညီချက်ပါ ပြဋ္ဌာန်းချက်ကို ချိုးဖောက်ရာရောက်ကြောင်း ၎င်းရုံးကပြောကြားသည်။
လက်ရှိအချိန်တွင်
ထိခိုက်ဒဏ်ရာရရှိသူ ၁၅၀၀၀ သည် ဂါဇာဒေသမှ ထွက်ခွာပြီး ဆေးကုသမှုခံယူရန်
လိုအပ်နေကြောင်းနှင့် ဂါဇာဒေသတွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ဆေးဝါးနှင့်
ဆေးပစ္စည်းများပြတ်တောက်နေကြောင်း သိရသည်။
အစ္စရေးတပ်မတော်က ပဋိပက္ခအတွင်း
အောက်ဆီဂျင်ဓာတ်ငွေ့ဆိုင်ရာ အရင်းအမြစ်များကို ဖျက်ဆီးခဲ့ပြီးနောက် ဂါဇာဒေသတွင်
အောက်ဆီဂျင် ပြတ်လပ်မှုများဖြစ်ပွားနေကြောင်း သိရသည်။ ဂါဇာဒေသရှိ ဆေးရုံများသည်
အောက်ဆီဂျင် ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အစ္စရေး တာဝန်ရှိသူများက
ဂါဇာဒေသရှိ ဆေးရုံများတွင် အောက်ဆီဂျင်ထုတ်လုပ်ရေးနေရာများ တည်ထောင်ခြင်းကို
တားမြစ်ထားပြီး အဆိုပါအကျပ်အတည်းသည် လူနာများ၏ အသက်ကို ခြိမ်းခြောက်သည့်
အနေအထားအထိ ရောက်ရှိနေကြောင်းသိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ

No comments