(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုများ ရရှိစေရေး တွေ့ဆုံဆွေးနွေး



ရန်ကုန်   ဖေဖော်ဝါရီ   ၂၁


(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုများရရှိစေရေး အတွက် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် တွေ့ဆုံပွဲ ကို ယနေ့ နံနက် ၉ နာရီခွဲတွင်  ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ() ပတ္တမြားခန်းမ၌ ကျင်းပသည်။


တွေ့ဆုံပွဲသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွဲဖက်အတွင်းရေးမှူးများ တက်ရောက်ကြသည်။


တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ရာ အောင်မြင်မှုရရှိရေးအတွက် လူရွေးချယ်ရေး၊ လေ့ကျင့်ရေး၊ ယှဉ်ပြိုင် အောင်နိုင်ရေးကိစ္စများကို စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာသော မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ်များအနေဖြင့် သက်ဆိုင်ရာအလိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ယနေ့ဆွေးနွေးမှု များကို စုစည်း၍ အောင်မြင်မှုရရှိရေးအတွက် လိုအပ်သည်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိသားစုစိတ် ဓာတ်ဖြင့် ရင်းရင်းနှီးနှီး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် သက်ဆိုင်ရာ အဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် တက်ရောက်လာကြသူများက အဖွဲ့ချုပ်အလိုက် အားကစား သမားများ စိစစ်ရွေးချယ်စခန်းသွင်းနိုင်ရေး၊ အရည်အချင်းမီနည်းပြများ တာဝန်ပေးအပ်ရေးနှင့် လေ့ကျင့်ရေး ကိစ္စများ၊ စားသောက်ရေးကိစ္စရပ်များ၊ အထောက်အကူပြုပစ္စည်းများ အချိန်မှီသယ်ယူရရှိနိုင်ရေး၊ အားကစား သမားများ အလုပ်အကိုင် အခွင့်အလမ်းရရှိနိုင်ရေး၊ Joint Training ပူးတွဲသွားရောက် လေ့ကျင့်နိုင်ရေး၊ အောင်မြင်မှုရရှိသော နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေအပြင် မိသားစုနောင်ရေး အတွက် ပံ့ပိုးပေးရန်ကိစ္စရပ်များ အပါအဝင် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အသေးစိတ်ရှင်းလင်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားသည်။


ယနေ့တွင် ပြည်ထောင်စုဝန်ကြီးသည် လှေလှော်၊ ပီတန်း၊ ခြင်းလုံး၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ ပြေးခုန်ပစ်၊ ခရစ်ကက်၊ သေနတ်ပစ်၊ ရိုးရာလက်ဝှေ့၊ အလေးမ၊ ကြက်တောင်၊ ရွက်လှေ၊ စက်ဘီး၊ စစ်တုရင် ၊ ကရာတေး စသည့် သက်ဆိုင်ရာ အားကစားနည်းများမှ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.