နိုင်ငံ့သားကောင်းရတနာများအဖြစ် ဂုဏ်ယူဝင့်ကြွား တာဝန်ထမ်းဆောင်
တိုင်းစစ်ဌာနချုပ်အသီးသီးရှိ
နယ်မြေခံသင်တန်းကျောင်းများတွင် ၂၀၂၄ ခုနှစ် ဧပြီ ၈ ရက်မှ စတင်ဖွင့်လှစ်ခဲ့သည့်
ပြည်သူ့စစ်မှုထမ်းသင်တန်းများမှာ ယခုအခါ အမှတ်စဉ် (၁၀) သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
နိုင်ငံတော်ကိုကာကွယ်ရန် နိုင်ငံသားတိုင်း၌ တာဝန်ရှိသည်နှင့်အညီ ၂၀၁၀ ပြည့်နှစ်
နိုဝင်ဘာလတွင် ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ
၁၀ ရက် တွင် စတင်အသက်ဝင်လာခဲ့ပြီးသည့်နောက် နိုင်ငံ့သားကောင်းရတနာ
အမျိုးသားလူငယ်များကို သင်တန်းသားခေါ်ယူခဲ့ရာ မိမိအလှည့်ကျရောက်လာသည်အထိ
စောင့်ဆိုင်းမနေဘဲ ကိုယ်တိုင် အဆိုပြုကာ ဆန္ဒအလျောက် သင်တန်းတက်ရောက်ကြသူ
အများအပြားရှိခဲ့သည်ကို တွေ့ရသည်။
ပြည်သူ့စစ်မှုထမ်းသင်တန်းကာလများအတွင်း
ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာ ဘာသာရပ် စသည်ဖြင့် အရပ်သားဘဝမှ
စစ်သည်တော်တစ်ဦးဘဝသို့ ရောက်သည်အထိ ရက်သတ္တပတ်အလိုက် တစ်ဆင့်ပြီးတစ်ဆင့်
လေ့ကျင့်သင်ကြားကြရခြင်းဖြစ်ရာ သင်တန်းဆင်းချိန်တွင် ရုပ်ပိုင်းအရရော
စိတ်ပိုင်းအရပါ ပြောင်းလဲသွားခဲ့ကြကြောင်း သင်တန်း ဆင်းစစ်သည်တို့၏
ပြောကြားချက်များက သက်သေခံလျက်ရှိကြသည်။
သာမန်အရပ်သားတစ်ဦးအဖြစ်မှ
ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်း စစ်သည်တစ်ဦး ဖြစ်လာသည့်အခါ အဖွဲ့အစည်းနှင့်
စည်းကမ်းစနစ်တကျ လုပ်ကိုင်ဆောင်ရွက်တတ်သည့် အလေ့အကျင့် (Team Work)၊
နိုင်ငံချစ်စိတ် (Nationalism)၊ မျိုးချစ် စိတ်(Patriotism)၊ အဖွဲ့အစည်းစိတ် (Team
Spirit)၊ ရဲဘော်ရဲဘက် စိတ်(esprit de corps) တို့ ပြည့်ဝလာခဲ့ကြသည်။
နိုင်ငံတစ်ဝန်းမှ နိုင်ငံသား၊ တိုင်းရင်းသားပြည်ထောင်စုဖွားများပါဝင်ကြသည့်
ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်း စစ်သည်များမှာ ၎င်းတို့တာဝန်ကျရာ တပ်ရင်း၊
တပ်ဖွဲ့အသီးသီးတို့တွင် နိုင်ငံတော် ကာကွယ် ရေးနှင့် လုံခြုံရေးတာဝန်များကို
ကျေပွန်စွာထမ်းဆောင်နေကြပြီဖြစ်သည်။
အခြားတစ်ဖက်တွင်မူ
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်း လုပ်ငန်းစဉ်သည် ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်း၍
စနစ်တကျဆောင်ရွက် နေသည့်အပေါ် အကြမ်းဖက်အဖျက်အမှောင့်များ၊ ကောလာဟလများ၊
တိုင်းဖျက်ပြည်ဖျက်မီဒီယာများ၏ မဟုတ်မမှန်ထုတ်လွှင့်မှုများအပြင် ကိုယ်ကျိုးရှာ
မသမာမှုများလည်း ပေါ်ပေါက်လာသည်။ သို့ဖြစ်ရာ နိုင်ငံပိုင်မီဒီယာများတွင်
ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သိကောင်းစရာများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ
ကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်းပြုလုပ်နိုင်သည့်
ဖုန်းနံပါတ်များကို မကြာခဏ ဖော်ပြပေးနေရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်က
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်
ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်သူ့စစ်မှုထမ်းဆိုင်ရာ မေးမြန်းမှုများနှင့်ပတ်သက်၍
ပြောကြားရာတွင် “ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စတွေနဲ့ စပ်လျဉ်းပြီး
စုံစမ်းမေးမြန်းတာတွေ၊ မသမာမှုတွေနဲ့ပတ်သက်ပြီး တိုင်ကြားခြင်းတွေကို
တိကျစွာဆက်သွယ် သတင်းပေးပို့နိုင်ကြောင်းနဲ့ မမှန်မကန်သတင်းပို့ခြင်း၊
တိုင်ကြားခြင်းတွေ ပြုလုပ်ပါက ဖော်ထုတ်ပြီး တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း
အသိပေးထား တာကို ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က
ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ update ပြုလုပ် ပေးထားသည့် ဖုန်းနံပါတ်များကို
ဖော်ပြထားပြီးဖြစ်ကြောင်း၊ သတင်းပေး တိုင်ကြားခဲ့ခြင်း ကြောင့်လည်း
မသမာမှုများနှင့်ပတ်သက်ပြီး စုံစမ်းမေးမြန်းခြင်း၊ အရေးယူခြင်းများ
ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အမျိုးသမီးပြည်သူ့စစ်မှုထမ်းများ
ဆင့်ခေါ်ရန် အစီအစဉ်မရှိသေးကြောင်း” အတိအလင်းပြောကြားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈
ခုနှစ်)ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံသားတိုင်းစစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေး
အတွက် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိကြသည်ဖြစ်ရာ အရွယ် ရောက်လာသည့် နိုင်ငံသားတိုင်း
နိုင်ငံ့တာဝန်ကို မဖြစ်မနေထမ်းဆောင်ကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ
စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ဥပဒေ၊
နည်းဥပဒေများနှင့်အညီ စနစ်တကျလုပ်ကိုင်ဆောင်ရွက်ပြီး မသမာမှုများ ကင်းရှင်းမှသာလျှင်
ရေရှည်တွင်အဆင်ပြေ ချောမွေ့မည်ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဆောင်ရန်
တာဝန်ကျရောက်လာသည့် နိုင်ငံသားများ အနေဖြင့်လည်း မိမိတို့ထမ်းဆောင်ရန်
အလှည့်ကျလာသည့် နိုင်ငံသားတာဝန်များကို မတိမ်းမရှောင်ဘဲ ဦးလည်မသုန် ထမ်းဆောင်ခြင်းအားဖြင့်
နိုင်ငံ့သားကောင်းရတနာများအဖြစ် ဂုဏ်ယူကြရပါမည့် အကြောင်း။
မြန်မာ့အလင်း

No comments