ဒေသ၏ ဂုဏ်ဒြပ်ကို မြင့်မားစေမည့် တောင်ငူခေတ် အမွေအနှစ်ဖော်ထုတ်မှုများ
မြန်မာ့သမိုင်းတွင် တောင်ငူသည်
ခေတ်တစ်ခေတ် ထူထောင်နိုင်ခဲ့သော ဒေသတစ်ခုဖြစ်ပြီး သမိုင်းဝင် ရှေးဟောင်းအမွေအနှစ်များစွာတို့
တောင်ငူမြို့နှင့် ပတ်ဝန်းကျင်ဒေသများတွင်ယခုတိုင် ကျန်ရှိနေသည်။ မြို့ရိုး၊
ကျုံးနှင့် သာသနိက အဆောက်အအုံများ အပါအဝင် ရှေးက တည်ဆောက်ခဲ့သည့် အဆောက်အအုံတို့၏
အစိတ်အပိုင်းများစွာတို့ စိတ်ဝင်စားဖွယ်ရာ တည်ရှိနေဆဲ ဖြစ်သော်လည်း
တိမ်မြုပ်ပျောက်ကွယ်နေခဲ့သည်။
ယမန်နှစ် ဩဂုတ်လအတွင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တောင်ငူမြို့ ကေတုမတီမြို့ဟောင်း
ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နေရာများ ပြုပြင်ထိန်းသိမ်းရန်
ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြို့ရိုးနှင့်ပတ်သက်၍
တူးဖော်သုတေသနပြု လုပ်ငန်းများဆောင်ရွက်ရာတွင် ကျွမ်းကျင်သူများဖြင့် စနစ်တကျ
ဆောင်ရွက်ရန်လိုကြောင်း၊ မြို့ရိုးများ၊ မြို့ရိုးဝင်ပေါက်များနှင့် တံတားများကို
ပြန်လည်ပြုပြင်ထိန်းသိမ်း တည်ဆောက်မှုများ ပြုလုပ်ရာတွင် ဖြစ်နိုင်ဖွယ်ရာ
အချက်အလက်များနှင့်အညီ ဆောင်ရွက်သွားရန်လိုကြောင်း၊ ကျုံးနှင့်တံတားများကို
ဦးစားပေးအနေဖြင့်ဆောင်ရွက်ပြီး ထိုမှတစ်ဆင့် မြို့ရိုးများ၊ နန်းတော်ရာ
နေရာများကို တစ်ဆင့်ပြီးတစ်ဆင့် ထိန်းသိမ်းဆောင်ရွက်သွားရန် လိုကြောင်း
မှာကြားခဲ့သည်။
တောင်ငူသည် မြန်မာနိုင်ငံ၏
အကြီးဆုံးမြို့တော်ကြီး နှစ်ခုဖြစ်သည့် နေပြည်တော်နှင့် ရန်ကုန်ကြားတွင်
တည်ရှိနေပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့် မြို့ကြီးတစ်မြို့ ဖြစ်သည်။
မြို့သက်တမ်း နှစ်ပေါင်း ၅၁၅ နှစ် ရှည်ကြာခဲ့ပြီဖြစ်ပြီး အနီးဝန်းကျင်၌
တောင်ငူသမိုင်းနှင့်ဆိုင်သည့် တောင်ငူငယ်၊ တောင်ငူကြီး၊ မြဝတီ၊ ဒွါရာဝတီ၊ ကေတုမတီ
စသည့် တောင်ငူ မြို့ဟောင်းများလည်း ရှိနေသည်။ ထို့အပြင် သာယာလှပသည့်
သဘာဝတောတောင်ရေမြေများနှင့် စိတ်ဝင်စားဖွယ်ရာ နေရာ များစွာတို့လည်းရှိနေရာ
ရှေးဟောင်းအမွေအနှစ်များကို နောက်ခံ သမိုင်းကြောင်းများနှင့်အတူ ထင်ရှားစွာဖော်ထုတ်ထိန်းသိမ်းခြင်း၊
သဘာဝပတ်ဝန်းကျင်များ မပျက်စီးအောင် ကာကွယ် စောင့်ရှောက်ခြင်း၊
မြို့ပြသန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေးတို့ အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းအားဖြင့်
ပြည်တွင်းပြည်ပခရီးသွားများ စိတ်ဝင်စားဖွယ်ဒေသ ဖြစ်လာနိုင်သည့်
အလားအလာကောင်းများရှိနေသည်။ အထူးသဖြင့် ပဲခူးတွင် ဖော်ထုတ်ထိန်းသိမ်း ဆောင်ရွက်နေသည့်
ကမ္ဘောဇသာဒီ နန်းတော်နှင့် ဟံသာဝတီမြို့ရိုး၊ ကျုံးတို့နှင့် တစ်ဆက်တစ်စပ်တည်း
ခရီးစဉ်ဒေသ ဖြစ်လာနိုင်သည်။ အဓိကအကျဆုံးအချက်မှာ နယ်မြေတည်ငြိမ်
အေးချမ်းရေးပင်ဖြစ်သည်။
ဒေသတစ်ခု၏ တည်ငြိမ်အေးချမ်းရေး၊
ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဓိကအားဖြင့် ဖန်တီးပုံဖော်သူများမှာ ဒေသခံပြည်သူများပင်ဖြစ်သည်။
ထိုနည်းတူစွာ ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ပြုလုပ်သူများ၊
လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို ဖျက်ဆီး သူများမှာလည်း
ဒေသတွင်းရှိ အကြမ်းဖက်အဖျက်သမားများပင်ဖြစ်သည်။ မိမိတို့ ဒေသအတွင်း ရှိနေသည့်
အရင်းအမြစ်များ၊ အလားအလာကောင်းများကို ဖော်ထုတ်အသုံးချကာ ဒေသဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင်
ဒေသခံပြည်သူများက စိတ်အားတက်ကြွစွာပါဝင် ဆောင်ရွက် သည်နှင့်အမျှ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်မှုကို
ရရှိနိုင်မည်ဖြစ်သကဲ့သို့ ဒေသတည်ငြိမ် အေးချမ်းမှု ကင်းမဲ့အောင်
အဖျက်အမှောင့်ပြုသူများ၏ လုပ်ရပ်များကိုလည်း ဝိုင်းဝန်းဆန့်ကျင် ရှုတ်ချခြင်းအားဖြင့်
ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို လျင်မြန်စွာ ဖော်ဆောင်နိုင်မည်ဖြစ်သည်။
တောင်ငူခေတ်၏
ယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ပေါ်လွင်ထင်ရှားလာသည်နှင့်အမျှ တောင်ငူမြို့၏
ဂုဏ်ဒြပ်လည်းပိုမိုမြင့်မားလာမည်ဖြစ်ပြီး ဒေသခံပြည်သူများအတွက် အကျိုးရလဒ်ကောင်းများစွာ
ပေါ်ထွက်လာမည်ဖြစ်ရာ မြို့သက်တမ်း နှစ်ပေါင်း ၅၀၀ ကျော် သမိုင်း အထောက်အထားများ
ပြန်လည်ဖော်ထုတ်ရာတွင် တာဝန်ရှိသူများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ နှင့်အတူ
ဒေသခံပြည်သူများက တစ်တပ်တစ်အား ပါဝင်ကြရပါမည့်အကြောင်း။

No comments