အမျိုးသား မြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ နဝမ အကြိမ် အစည်းအဝေး ကျင်းပ


နေပြည်တော် ၊ ဖေဖော်ဝါရီ ၁၇


အမျိုးသား မြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏ နဝမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ-၁ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဥက္ကဌ-၂ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် လုပ်ငန်းကော်မတီဝင်များ၊ အထောက်အကူပြု လုပ်ငန်းအဖွဲ့ ဥက္ကဌများ နှင့် ဥပဒေရေးဆွဲရေး အဖွဲ့ငယ် အဖွဲ့ခေါင်းဆောင်များ စုံညီစွာတက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးများက အမှာစကားများပြောကြားကြပြီး လုပ်ငန်းကော်မတီ အတွင်းရေးမှူးက အမျိုးသားမြေအသုံးချမှုကောင်စီ အဖွဲ့ဝင် ဌာနအဖွဲ့အစည်းများ၏ အကြံပြုချက် ပုဒ်မ/ ပုဒ်မခွဲ တစ်ခုချင်းကို ရှင်းလင်းတင်ပြရာ အကြံပြုထားသည့် ဌာနအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဖြည့်စွက်ဆွေးနွေးကြသည်။ ဆက်လက်၍ အမျိုးသား မြေဥပဒေ ရေးဆွဲပြုစုရေး နှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဝိုင်းဝန်းဆွေးနွေးကြသည်။

ယခုအစည်းအဝေး၏ ယာယီအတည်ပြုချက်များနှင့် ဥပဒေမူကြမ်းပါအခန်းများကို အသေးစိတ် ဆက်လက်စိစစ်ပြီး အမျိုးသားမြေအသုံးချမှုကောင်စီ၏ သတ္တမအကြိမ် အစည်းအဝေးတွင် တင်ပြပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.