မန္တလေးပြည်သူ့ဆေးရုံကြီး၌ (၈၃) ကြိမ်မြောက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု အောင်မြင်စွာ ဆောင်ရွက်
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများလိုအပ်သော နိုင်ငံတကာအဆင့်မီကုသမှုများကို ပြည်တွင်း၌ လက်လှမ်းမီ ရရှိနိုင်ခြင်းဖြင့် ပြည်သူများ ဆေးကုသမှုအတွက် စိုက်ထုတ်ကုန်ကျစရိတ် သက်သာစေရေးနှင့် ပြည်သူ့ဆေးရုံများ၏ ကုသမှုအရည်အသွေး တိုးတက်စေရေးအတွက် လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်လျက်ရှိရာ မန္တလေးပြည်သူ့ဆေးရုံကြီး၌ (၈၃) ကြိမ်မြောက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ဖေဖော်ဝါရီ ၂၀ ရက်က အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
အဆိုပါကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုတွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန် မြို့နယ်တွင် နေထိုင်သူ အသက် (၂၆) နှစ်ရှိ အမျိုးသားလူနာနှင့် ဇနီးဖြစ်သူ အသက် (၂၆) နှစ် ကျောက်ကပ်အလှူရှင်တို့အား ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှုကို ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၉ နာရီ ၂၂ မိနစ်တွင် စတင်ဆောင်ရွက်ခဲ့ကာ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ဆောင်ရွက်ပြီးစီးသည်။
ကျောက်ကပ်အစားထိုးခွဲစိတ် ကုသမှုဆောင်ရွက်ခဲ့သော လူနာနှင့် ကျောက်ကပ်အလှူရှင်တို့၏ ခွဲစိတ်ပြီး ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုများက လိုအပ်သော ပြုစုကုသမှုများကို အနီးကပ် ဆက်လက် ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို ပါမောက္ခဒေါက်တာကိုကိုနိုင်နှင့် ပါမောက္ခ ဒေါက်တာဝင်းဝင်းလှိုင်တို့ ဦးဆောင်သော ဆီးနှင့်ကျောက်ကပ်ဆေးကုသမှုဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ပါမောက္ခဒေါက်တာလမင်းဝင်းနှင့် ပါမောက္ခဒေါက်တာကျော်စိုးကျော်တို့ ဦးဆောင်သော ဆီးနှင့် ကျောက်ကပ် ခွဲစိတ်မှုဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပါမောက္ခဒေါက်တာဝင်းဝင်းကျော်နှင့် အထူးကု ဆရာဝန်ကြီး ဒေါက်တာသတိုးသိန်းဇံတို့ ဦးဆောင်သော နှလုံးနှင့်သွေးကြော ခွဲစိတ်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ပါမောက္ခဒေါက်တာမီမီသော်နှင့် ပါမောက္ခဒေါက်တာမူမူနိုင်တို့ ဦးဆောင်သော မေ့ဆေးပညာဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ဆေးတက္ကသိုလ်-မန္တလေး ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ မျိုးသက်တင်နှင့် ပါမောက္ခဒေါက်တာနီလာဝင်းတို့ ဦးဆောင်သော ရောဂါရှာဖွေရေးနှင့် သွေးနှင့်သွေး ပစ္စည်းဆိုင်ရာ အထောက်အကူပြုလုပ်ငန်းအဖွဲ့၊ ပါမောက္ခဒေါက်တာသန္တာလွင် ဦးဆောင်သော ဓာတ်မှန်ပညာဆိုင်ရာလုပ်ငန်းအဖွဲ့၊ ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးနှင့် ဆေးရုံစီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊ သူနာပြုများအဖွဲ့၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် အထောက်အကူပြု ဝန်ထမ်းများအားလုံး ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းသည် ယမန်နေ့ နံနက်ပိုင်းတွင် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မန္တလေးတိုင်းဒေသကြီးကုသရေး ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများနှင့်အတူ မန္တလေးပြည်သူ့ဆေးရုံကြီး၊ အထူးကြပ်မတ် ကုသဆောင်သို့ သွားရောက်ကာ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု ခံယူခဲ့သောလူနာနှင့် ကျောက်ကပ်အလှူရှင်တို့ကို ကြည့်ရှုအားပေးပြီး အာဟာရပြည့်လက်ဆောင်ပစ္စည်းများပေးအပ်ကာ ခွဲစိတ်ကုသမှုတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများကို တွေ့ဆုံနှုတ်ဆက် ဂုဏ်ပြုစကားပြောကြားသည်။
မန္တလေးပြည်သူ့ဆေးရုံကြီး၌ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ၂၀၀၁ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လ၌ (၈၂) ကြိမ်မြောက်အဖြစ် ကျောက်ကပ်အစားထိုးခွဲစိတ် ကုသမှုဆောင်ရွက်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုအခြေအနေများကြောင့် ယာယီ ရပ်နားခဲ့ရကာယခု (၈၃) ကြိမ်မြောက်အဖြစ် ပြန်လည်စတင်နိုင်ခဲ့ခြင်းဖြစ်သည်။ ကျောက်ကပ် အစားထိုး ခွဲစိတ်ကုသမှုများကို ပြည်သူ့ဆေးရုံများအနေဖြင့် အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) နှင့် မန္တလေးပြည်သူ့ဆေးရုံကြီးတို့၌ လည်းကောင်း၊ တပ်မတော်ဆေးရုံများအနေဖြင့် ရန်ကုန်ရှိ အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင်-၁၀၀၀)၊ နေပြည်တော်ရှိ အမှတ် (၂) တပ်မတော်ဆေးရုံ (ခုတင်-၁၀၀၀)၊ ပြင်ဦးလွင်ရှိ အမှတ် (၁) တပ်မတော် ဆေးရုံ (ခုတင်-၇၀၀) နှင့် အောင်ပန်းရှိ အမှတ် (၂) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) တို့၌လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများအနေဖြင့် ရန်ကုန်ရှိပန်းလှိုင်ဆေးရုံနှင့် ကန်သာယာ ဆေးရုံတို့၌လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
မန္တလေးပြည်သူ့ဆေးရုံကြီး၌ (၈၃)ကြိမ်မြောက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်သည့်မှတ်တမ်းဓာတ်ပုံ (၂၀-၂-၂၀၂၅)
မန္တလေးပြည်သူ့ဆေးရုံကြီး၌ (၈၃)ကြိမ်မြောက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ခဲ့သည့်လူနာအား ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း ကြည့်ရှုအားပေး (၂၃-၂-၂၀၂၅)

No comments