မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (၇၉) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ထူးချွန်ဆုရရှိသော ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ ၁၅
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၉) နှစ်မြောက်
နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ထူးချွန်ဆုရရှိသော ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းနှင့်
ဝန်ထမ်းများအတွက် ဗလာမပါ ကံစမ်းမဲချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင်
နေပြည်တော် (တပ်ကုန်းမြို့) ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Auditorium ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊
ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှဝန်ထမ်းများ
တက်ရောက်ကြသည်။
ဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းများက ‘‘အသစ်တစ်ဖန်ခေတ်သဏ္ဌာန်”တေးသီချင်းဖြင့်
သီဆိုကပြဖျော်ဖြေကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင်
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နုပျိုသစ်လွင်ပြီး သွက်လက်ထက်မြက်သည့်၊ ဆန်းသစ်ခေတ်မီသည့်
နိုင်ငံတော်မီဒီယာပုံစံဖြင့် နိုင်ငံတော်နှင့်ပြည်သူ့အကျိုးအတွက် ကြိုးပမ်းအကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့သို့ဆောင်ရွက်မှုတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့်
သိသာထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုများစွာဖြင့် ကြိုးပမ်းဆောင်ရွက်မှုအပေါ် အသိအမှတ်ပြုပါကြောင်း၊
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများအနေဖြင့် ပြောင်းလဲတိုးတက်နေသော ခေတ်မီနည်းပညာ/
အတတ်ပညာများကို အမြဲမပြတ်လေ့လာသင်ယူပြီး ဆန်းသစ်တီထွင်မှုများစွာဖြင့် ရလဒ်ကောင်းများ
ပိုမိုထွက်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအပေါ်
နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိသူများက ယုံကြည် အလေးထားမှုအား ဂုဏ်ယူတန်ဖိုးထားပြီး
မိမိတို့၏လုပ်ငန်းတာဝန်များအပေါ် စေ့စပ်သေချာစွာဖြင့် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း
ပြောကြားသည်။
ဆက်လက်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၉) နှစ်မြောက်နှစ်ပတ်လည်နေ့
အထိမ်းအမှတ်တံဆိပ်အား ပြည်ထောင်စုဝန်ကြီးထံ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်
ဦးရဲနိုင်က ဂါရဝပြုပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းလုပ်သက် (၃၇) နှစ် ပြည့်မြောက်သည့်
ဝန်ထမ်း ၁၃ ဦးတို့အားလည်းကောင်း၊ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိကြသည့် ဝန်ထမ်း ၂၁
ဦး အနက်မှ ကိုယ်စားလှယ်တစ်ဦးအားလည်းကောင်း၊ DTH စနစ်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့်
စက်မှုဌာနခွဲမှ 9 Meter နှင့် အထောက်အကူပြုအဖွဲ့အားလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၏ဇနီးက ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး
ဌာနကကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့ခရီးသွားနေ့အထိမ်းအမှတ် Short Film ပြိုင်ပွဲတွင်
“စွဲမက်ဖွယ်ရာ ပြည်မြန်မာ” ခေါင်းစဉ်ဖြင့် ပထမဆု၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်
ဗီဒီယိုပြိုင်ပွဲတွင် ပထမဆုရရှိသူများအားလည်းကောင်း၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်
အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိသူဝန်ထမ်း ၁၂ ဦးအား လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး
ဖလားပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအသင်းနှင့်
အမျိုးသားအားကစားပွဲတော်တွင် ကရာတေးတစ်ဦးချင်းပြိုင်ပွဲ၌ တတိယဆုရရှိသူတစ်ဦးအားလည်းကောင်း
ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အစီအစဉ်ထုတ်လုပ်မှု ထူးချွန်ဆု၊
သတင်းတည်းဖြတ်ထုတ်လွှင့်မှု ထူးချွန်ဆု၊ သတင်းတင်ဆက်မှုထူးချွန်ဆု၊ ရိုက်ကူးထုတ်လုပ်မှုဆိုင်ရာ
ထူးချွန်ဆု၊ စက်မှုဆိုင်ရာ ထူးချွန် ဆု၊ လုပ်ငန်းစွမ်းဆောင်ရည် ထူးချွန်ဆု၊ အဆောင်၊
နေအိမ်လိုင်းနှင့် စက်ရုံများအလိုက် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်မှုထူးချွန်ဆုရရှိကြသည့်
ဝန်ထမ်းများအား ဒုတိယဝန်ကြီး ဦးရဲတင့်၊ ညွှန်ကြားရေးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများကဆုများ
ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဝန်ထမ်းများအတွက်
ဗလာမပါကံစမ်းမဲ ၆ ဆုကို ဖွင့်ဖောက်၍ပေးအပ်ကာ ဆက်လက်၍ဌာန အစီအစဉ်ဖြင့် ကံစမ်းမဲများဖွင့်ဖောက်၍
ပေးအပ်ခဲ့ကြသည်။
ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းများက “ရှင်သန်နေမည်
MRTV” တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့သည်။
သတင်းစဉ်

No comments