ရေနံချောင်းမြို့နယ်၌ ဆောင်းသီးနှံ ကြက်သွန်နီများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
ရေနံချောင်း ဖေဖော်ဝါရီ
၂၁
မကွေးတိုင်းဒေသကြီး
ရေနံချောင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ
ကျေးရွာအုပ်စု ၁၂ အုပ်စု၌ ဆောင်းကြက်သွန်နီစိုက်ဧက စုစုပေါင်း ၃၃၅၆ ဧက စိုက်ပျိုးထားပြီး
အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်
ရေနံချောင်းမြို့နယ်အတွင်းရှိ အရှေ့ကုန်း၊ အုတ်ရှစ်ကုန်း၊ သုံးဆယ့်ခြောက်၊ ပင်းဝ၊ မာန်မြေ၊
ကျမ်းကိုင်ကျွန်း၊ ဖောင်းကတော၊ ဘူးကျွန်း၊ ဖောင်းကွဲ၊ ရုံးဆိပ်ကျွန်း၊ ဝက်လွတ်၊ ဝက်မစွတ်
စသည့် ကျေးရွာအုပ်စု ၁၂ အုပ်စုတွင် ဆောင်းကြက်သွန်နီ စုစုပေါင်း ၃၃၅၆ ဧက စိုက်ပျိုးထားကြောင်း
မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
“ဆောင်းသီးနှံ ကြက်သွန်နီကို
ဇန်နဝါရီလကစပြီး ပင်းချောင်းတစ်လျှောက်မှာ ပင်းချောင်းရေကို အမှီပြုစိုက်ပျိုးပါတယ်။
စိုက်ပြီးသုံးလအကြာမှာ ရိတ်သိမ်းရပါတယ်။ မျိုးအနေနဲ့ ရွှေနီမျိုးကို စိုက်ပျိုးတယ်။
ပျိုးစေ့တစ်ပြည်စိုက် စိုက်ခင်းတစ်ခင်းကနေ ကြက်သွန်နီ ပိဿာ ၁၅၀၀ ခန့် ထွက်ရှိပါတယ်။
လက်ရှိကြက်သွန်စိုက်ခင်းတွေက အောင်မြင်ဖြစ်ထွန်းနေပြီး သီးနှံပေါ်ချိန်မှာ အထွက်နှုန်းကောင်းဖို့နဲ့
ဈေးကောင်းရဖို့မျှော်လင့်ပါတယ်”ဟု သုံးဆယ့်ခြောက်ကျေးရွာ ကြက်သွန်စိုက်တောင်သူတစ်ဦးက
ပြောသည်။
ရေနံချောင်းမြို့နယ်၌
စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်နီကို စီးပွားဖြစ်စိုက်ပျိုးကြသည့်အပြင် ဆန်စပါး၊
ပဲအမျိုးမျိုးနှင့် အခြားဟင်းသီးဟင်းရွက်များကိုလည်း စိုက်ပျိုးကြပြီး စားသုံးဆီဖူလုံ
ပိုလျှံစေရန်အတွက် မြေပဲ၊ နှမ်း၊ နေကြာ စသည့် ဆီထွက်သီးနှံများကိုလည်း အဓိကစိုက်ပျိုးကြကြောင်း
သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments